Breaking News

ကြေးမုံနှင့်မောင်မိုးသူ

မြန်မာ့အလင်းသတင်းစာဖေ့စ်ဘွတ်မှ


ကြေးမုံနှင့်မောင်မိုးသူ

(သံတော်ဆင့်စာစောင်မှ)
မိုးမခ၊ ဇွန် ၁၊ ၂၀၁၉

အသက် (၉၃) နှစ်အရွယ်မှ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အင်မတန်ခင်မင်စရာကောင်းတဲ့ ကြေးမုံဦး သော်ရဲ့အကြောင်းကို ရေးချင်တာကတော့ လွမ်းတော်မူဖို့စာကိုစီတယ်ခေါင်းစဉ်နဲ့ပဲပေါ့၊ ဒါပေမယ့် လော လောလတ်လတ် သံတော်ဆင့်မှာ ရေးဖို့ပေးဖို့ဖြစ်နေတဲ့ သံတော်ဆင့်မှာပဲရေး လိုက်ရပါတယ်၊

တကယ်တော့ ကြေးမုံနဲ့မောင်မိုးသူဟာ အမျိုးပဲဆိုပါစို့၊ ကြေးမုံသတင်းစာတိုက်မှာ စတင်တည် ထောင် တဲ့ ဦးသောင်း(အောင်ဗလ)ဇနီး မြမြစိန်တို့ဖြစ်ပါတယ်၊ မြမြစိန်နဲ့ မောင်မိုးသူတို့ ဟာ ငယ်စဉ် ကျောင်းနေဘက် သူငယ်ချင်းများဖြစ်ပါတယ်၊ မြမြစိန်ဟာ မောင်မိုးသူထက် ၂နှစ်ကြီးပြီး မောင်မိုုးသူ ရဲ့အမ မမစိန်ထက် ၂နှစ်ငယ် ပါတယ်၊ မောင်နှမသုံးယောက် တိုင်းချစ်ကျောင်းနေစဉ်က အမြဲအတူ တကွသွားကြပါတယ်၊ အဲဒီနောက် ဦး သောင်း မြမြစိန်တို့ ကြေးမုံသတင်းစာတိုက်တည်ထောင်တဲ့အခါ ကျတော့ ပြန်လည်ဆုံဖြစ်ကြပါတယ် ၊ ကြေးမုံ သတင်းစာတိုက်မှာ အယ်ဒီတာချုပ်က ဆရာကြီးဇဝန ဖြစ်ပါတယ်၊ ဆရာကြီးဇဝနနဲ့ မန္တလေးလူထု တိုက်ကို လာစဉ် တွေ့ဆုံသိကျွမ်းမိသော်လည်း ရင်းနှီးမှု မရှိလှပါဘူး၊ အယ်ဒီတာတွေကတော့ စိန်ခင်မောင်ရီ၊ ဦးဝင်းတင်၊ ဦးတင်ထွေးတို့ဖြစ်ပါတယ်၊ ငွေရေး ကြေးရေးစာမူခများကိုပေးတဲ့သူများကတော့ ကိုကြည်မြင့်ဖြစ် ပါတယ်။

 ကြေးမုံသတင်းစာတိုက် စ တင်တည်ထောင်ကတည်းက မောင်မိုးသူ ကြေးမုံနဲ့သိခဲ့တယ်လို့ဆိုရမှာပါ၊ ကြေးမုံ သတင်းစာတိုက် ဆိုတာ မြန်မာနိုင်ငံအတွက် ပထမဆုံး စက္ကူလိပ်များနဲ့ ရိုက်နှိပ်တဲ့ ပုံနှိပ်စက်ကြီးတွေကို မှာယူတင် သွင်း ရိုက်နှိပ်တဲ့ တိုက်ဖြစ်ပါတယ်၊ အဲဒီပုံနှိပ်စက်ကြီးတွေရောက်လာတဲ့အခါကျတော့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံက ကြေးမုံဦးသော်နဲ့အတူတကွ တပ်ဆင်ရပါတယ်။ 

ပြောရမယ်ဆိုရင် ကျနော် တို့ကြေးမုံအုပ်စုအ ဖွဲ့တွေထဲမှာ ဦးသော်ဟာ အသက်အကြီးဆုံး ချစ်စရာအကောင်းဆုံးဖြစ် ပါတယ်၊ နောက် နောင်ဦးဝင်းတင်နဲ့ ပတ်သက်တဲ့ ပွဲတွေအခမ်းအနားတွေရှိတိုင်း အမြဲမပြတ်လာနေ တာက ဦးသော်ဖြစ်ပါတယ်၊ ကြေးမုံတိုက် ထွက်မှန်သမျှ ဦးသော်နဲ့မကင်းလေတော့ အခမ်းအနားအ စည်းအဝေးရောက်တိုင်း ဦးသော်က ကိုသာဘန်းတို့ စိန်ရွှေတို့ ကို အရက်လိုက်တိုက်လေ့ရှိပါတယ်၊ မောင်မိုးသူကတော့ လိုက်ခဲပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ကြေးမုံဦးသော်ဟာ အမြဲတန်း အမြဲတန်း ရမ်တစ်မျိုးပဲသောက်ပါတယ်၊ မောင်မိုးသူ အရက် သောက်တတ်ခါစက တော့ မန္တလေးရမ်တို့ အိုးဘရန် ဒီတို့ စသောက်တတ်တာပါပဲ။

 ဒါပေမယ့် ၈၈အရေး တော်ပုံဖြစ်တော့ မောင်မိုးသူ နိုင်ငံရေးလောကထဲ ရောက်သွားပြီး ထောင်အကြိမ်ကြိမ်ကျပြီးနောက်၂၀ဝ၀ ခုနှစ်ကျမှ ထောင်ကလွတ်ပါတယ်၊ ဆိုလိုတာ က မောင်မိုးသူစာရေးဆရာ ရုပ်ရှင်ဒါရိုက်တာဘဝနဲ့ ရွာရိုး ကိုးပေါက် လွယ်အိတ်တလုံးနဲ့ခရီးဆန့်ပြီး အရက်ကိုးမောင်းသောက်ခဲ့တဲ့ မောင်မိုးသူဟာ နိုင်ငံရေးလော ကထဲရောက်ထောင်ထဲရောက်ပြီး နောက် ၁၂နှစ်ကြာပြီးသည့်အခါ ၂၀ဝ၀ခုနှစ်ကျမှ ထောင်ကလွတ်ပါတယ်၊ နိုင်ငံရေးတာဝန်လဲ မရှိ တော့ပြီဖြစ်တဲ့အတွက် အရက်ပြန်သောက်မယ်လို့ စိတ်ကူးတဲ့အခါမှာ အရက်ကသိပ် မသောက်နိုင် တော့ဘူး၊ ဆရာဝန်ကလည်း နည်းနည်းပါးပါး အရက်ကောင်းကောင်းပဲ သောက်ပါလို့ညွှန်ကြားလို့ ဝီစကီဟက်ပက်နှစ်ခွက် ပြန်လည်သောက်ဖြစ်ပါတယ်။

 အဲဒီအချိန်မှာ ဆရာကြေးမုံဦးသော်နဲ့ ပြန်လည် ဆုံစည်း ကြပေမယ့် သူတိုက်တဲ့ ရမ်အရက်ဝိုင်းကို မောင်မိုးသူလိုက်ဖြစ်ပါတယ်၊ မနက်ပိုင်းတို့ နေ့ခင်း နေ့လယ်ပိုင်းမှာ တော့ ဦးသော်နဲ့ ရေကျော်မောင်အေးဆိုင်မှာ ဆုံလေ့ရှိပြီး မလိုင်နံပြားတို့ စမူဆာ လက်ဖက်ရည်တို့ အတူစား လေ့သောက်လေ့ရှိပါတယ်၊ ဦးသော်ဟာ မောင်မိုးသူတို့ကြေးမုံအုပ်စုတွေ ထဲမှာ အသက် အကြီးဆုံးဖြစ်ပေမယ့် သူကပဲအမြဲ အရက်တိုက်လေ့ရှိပါတယ်၊ သူကတော့ အားလုံး ကိုခေါ်ပေမယ့် အမြဲလိုက်လေ့လိုက်ထရှိသူကတော့ ကိုသာဘန်းနဲ့ ကိုစိန်ရွှေတို့ပဲဖြစ်ပါတယ်။

စကားစပ်မိတဲ့အခါတိုင်း ကြေးမုံသတင်းစာတိုက် စတင်သုံးစွဲတဲ့ ပတ်လည်စက်ကြီးကို ဦးသော် နဲ့ သက်ဆိ်ုင်ရာပညာရှင်များ တွဲဖက်ပြီး ကြိုးကြိုးစားစားတပ်ဆင်ခဲ့ကြပုံများကိုတခုတ်တရပြောပြလေ့ ရှိပါတယ်၊ တကယ်တော့ ကြေးမုုံတိ်ုက်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အသုံးပြုခဲ့တဲ့ စက္ကူလိပ် ကြီးများဖြင့် ရိုက်နှိပ်ထုတ်လုပ်တဲ့ သတင်းစာတိုက်ဖြစ်ပါတယ်၊ အရှေ့တောင်အာရှမှာ ပထမဆုံးစတင် အသုံးပြုတဲ့စက်ဖြစ်လေတော့ အိမ်နီးချင်းနားချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းတို့ဘာတို့က လာရောက်လေ့ လာခဲ့ပုံများကိုလည်း အမှတ်တရဖြစ်ပါတယ်၊ အင်းပေါ့လေ၊ ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ့တဲ့ဖြစ်ရပ် များက ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ၊ မြန်မာနိုင်ငံက အထည်အလိပ်စက်မှုလုပ်ငန်းမှာ အ ကောင်းဆုံးထွက်ရှိပါတယ်၊ ငပိငံပြာရည်များကို ပွင့်ကောင်းတံဆိပ်နဲ့ အကောင်းဆုံးထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ထိုနည်းတူ စီးကရက်များကိုလည်း တံဆိပ်အမျိုးမျိုးနဲ့အကောင်းဆုံးထုတ်လုပ်နိုင်ခဲ့တဲ့တိုင်း ပြည်ဖြစ်ပါတယ်၊ အဲ အရက်ကတော့ မန္တလေးဒိုင်ယာမီကင်ခေတ်ကတည်းက ထုတ်လုပ်လာတာ ဖြစ်လေတော့ အရှေ့တောင်အာရှမှာအကောင်းဆုံးအရက်များထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်၊ အရက် ထုတ်လုပ်ရာမှာ စကော့တလန်နိုင်ငံမှ စမ်းချောင်းက ရေကောင်းလို့ အရက်ကောင်းခဲ့သလို ဒိုင်ယာမီ ကင်မှာရှိတဲ့ အဝီစိတွင်းရေလည်းကောင်းတယ်လို့ကြားဖူးပါတယ်။ 

အဲဒီကြေးမုံသတင်းစာတိုက်ရဲ့ စက် ကြီးကိုဦးစီးဦးဆောင်တပ်ဆင်ခဲ့တာကတော့ ဦးသော်ပဲဖြစ်ပါတယ်၊ အယ်ဒီတာချုပ်က ဆရာဇဝန၊ အယ်ဒီတာများက စိန်ခင်မောင်ရီ၊ ဦးသောင်း၊ အောင်ဗလ၊ ဦးဝင်းတင် ၊ ဦးတင်ထွေးတို့ဖြစ်ကြပါတယ်၊ ကြေးမုံသတင်းစာတိုက်က ထုတ်ဝေတဲ့ ၁ကျပ်တန် သောကြာမဂ္ဂဇင်းကလေး ထွက်မယ်ဆိုတော့ ကြေးမုံမှာရေးနေတဲ့ မောင်မိုးသူတို့လည်း သောကြာမှာရေးဖို့ကြေးမုံကတိုက်တွန်းပါတယ်၊ မောင်မိုး သူက မရေးတတ်ဖူးဆိုတော့ နိုင်ငံတကာက ရယ်စရာပြတ်လုံးစာအုပ်များ တထွေးကြီးပို့လိုက်ပြီး အမျိုးသားဆိုရင်ဘောင်းဘီဝတ် ပုဆိုးဝတ်ပြီး အမျိုးသမီးဆိုရင် ဂါဝန်ချွတ် ထမိန်ဝတ်ပြီးရေးရုံပဲလို့ ကြေးမုံကထုတ်တဲ့ သောကြာမဂဇင်း အစမှအဆုံးအထိ မောင်မိုးသူက ကိုဆွေဆိုတဲ့ကလောင်အမည် နဲ့ ဟာသများရေးသားခဲ့ပါတယ်၊ စာမူခက တစ်ပုဒ်ကို ၁၅ကျပ်ပဲရတယ်ထင်ပါရဲ့။

 သောကြာမဂ္ဂဇင်းမှာ မောင်မိုးသူနဲ့အတူ ဟာသရေးတဲ့စာရေးဆရာတစ်ဦးလည်းရှိဖူးပါတယ်၊ သူ့ရဲ့ကလောင်နာမည်က တော့ မောင်ညစ်ကြယ်ဖြစ်ပါတယ်၊ နောင် မောင်မိုးသူ ဘာသာပြန်ဝတ္ထုတွေ အများကြီးအများကြီးရေး သားတဲ့အချိန်မှာ မောင်မိုးသူနဲ့ခေတ်ပြန်ဘာသာပြန်ဆရာကြီး မောင်မြင့်ကြွယ်ဆိုတာတချိန်သောအခါ က သောကြာမှဟာသအတူရေးဖူးတဲ့ မောင်ညစ်ကြယ်ပါပဲ၊

ယခုတော့လည်း ကြေးမုံအသိုင်းအဝိုင်းက ရင်းနှီးခင်မင်တဲ့ပုဂ္ဂိုလ်တွေ တစ်ဦးပြီးတစ်ဦးကွယ် လွန်ခဲ့ရာ ဦးဝင်းတင်၊ ဦးတင်ထွေး၊ ကိုသာဘန်းတို့လူတွေလည်း ကွယ်လွန်ရှာပေါ့၊ သူတို့ကွယ်လွန်တဲ့ အချိန်အထိ ဦးသော်က ရှိနေသေးတော့ အသက် (၉၃) နှစ်အရွယ်ကျမှ ကြေးမုံဦးသော်ကွယ်လွန်ရှာပါ တယ်၊ ဦးသော်ကွယ်လွန်တော့ မောင်မိုးသူရဲ့ အခြေအနေကျန်းမာရေးအရ အသုဘကို လိုက်လံပို့ ဆောင်ခြင်း မပြုနိုင်ပေမယ့် ကြေးမုံဦးသော်ကို လွမ်းဆွတ်သတိရတဲ့ ဆောင်းပါးတစ်ပုဒ်ကို ယခုလိုပဲ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

(နိုဝင်ဘာ ၊ ၂၀၁၈)


မိုးမခ၏ ဖြည့်စွက်စာ - ကြေးမုံဦးသော်၏ ကိုယ်ရေးအကျဉ်း
ကြေးမုံသတင်းစာ စတင်တည်ထောင်သူ  -ကြေးမုံ ဦးသော် (၁၉၂၂-၂ဝ၁၈)
===============================

ကြေးမုံဦးသော်ကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် မြင်းမြေ ကျေးရွာ၌အဖ ဦးဖိုးြ<ွကယ်၊ အမိဒေါ်မှင်တို့မှ ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ငါးဦးအနက် အငယ်ဆုံး သား ဖြစ်သည်။ ကြေးမုံ ဦးသော်၏ အဘိုးမှာ မင်းတုန်းမင်းလက်ထက်က အလုံစစ်ကဲတော်မင်းကြီး နေမျိုးသိင်္ခ ရွှေတောင်ဘွဲ့ရ ဦးထွန်းဦးဖြစ်ပြီး ဖခင်မှာ ကိုင်းဆယ်ရွာ သူကြီး ဦးဖိုးကြွယ် ဖြစ်သည်။
ကြေးမုံဦးသော်သည် ငယ်ရွယ်စဉ် ဖခင်ကွယ်လွန်ခဲ့သဖြင့် တံတားဦးရှိ အစ်ကိုဝမ်းကွဲ ကျောင်းအုပ်ဆရာကြီး ဦးဘိုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင် တို့ထံတွင် ပညာသင်ကြားခဲ့ရသည်။ ကြေးမုံဦးသော်အနေဖြင့် သတင်းစာ အတတ်ပညာများကိုမူ ဘလေးတော်စပ်သူ အိုးဝေဦးညိုမြထံတွင် သင်ယူ ခဲ့သည်။
ကြေးမုံ ဦးသော်သည် ကြေးမုံသတင်းစာကို မထူထောင်မီ ဗမာ့ခေတ်သတင်းစာ ကိုလည်း ကြေးမုံဦးသောင်းနှင့်အတူ ထူထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ဗမာ့ခေတ် သတင်းစာမှတစ်ဆင့် ကြေးမုံသတင်းစာကိုလည်း ကြေးမုံဦးသောင်းနှင့်အတူ ထူထောင်ခဲ့သည်။
ထိုခေတ်က ကြေးမုံသတင်းစာသည် အရှေ့တောင်အာရှနိုင်ငံများတွင် အကောင်းဆုံး သတင်းစာတစ်စောင်ဖြစ်ခဲ့သည်။ လူကြိုက်အများဆုံးသတင်းစာ လည်း ဖြစ်ခဲ့သည်။ ကြေးမုံသတင်းစာကို ထူထောင်သူ ရှယ်ယာရှင်ရှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ကြေးမုံသတင်းစာထူထောင်ချိန်မှ ပြည်သူပိုင်သိမ်းသည်အထိ ကြေးမုံသတင်းစာ တိုက်အုပ်ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်တထောင်သတင်းစာမှ အထွေထွေ အုပ်ချုပ်ရေးမှူးရာထူးဖြင့် ဆေးပင်စင်ယူခဲ့သည်။
၄င်းသည် ဇနီး ဒေါ်ကြင်ကြင် (ကွယ်လွန်)နှင့် သားသမီး ကိုးဦးထွန်းကားခဲ့သည်။ ကြေးမုံဦးသော်သည် (၃-၁၁-၂ဝ၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ် ၆ ရပ်ကွက် မြင်တော်သာလမ်း အမှတ် ၁ဝ၇ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
(မြင့်မောင်စိုး) (မြန်မာ့အလင်းသတင်းစာ)