Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၆)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၆)

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀

(၁)
ငယ်ငယ်တုန်းက ဆရာတော်ဦးအာစာရကျောင်းမှာ “ဓမ္မစကြာ” ကို အလွတ်ကျက်မှတ်ခဲ့ဖူးပါတယ်။ အဓိပ္ပာယ်တွေ ဘာတွေမသိ။ အရအမိကျက်မှတ်ပြီး

“ဘိက္ခဝေ၊ ရဟန်းတို့ …။ ဒွေမေဘိက္ခဝေ အန္တာပဗ္ဗဇိတေန နသေဝိတဗ္ဗာ။ အစွန်းတရားနှစ်ပါးကို ရှောင်ရှားအပ်ကုန်၏”လို့ တညံညံတစာစာနဲ့ ပါဠိစာတွေ၊ မြန်မာအနက်တွေ အော်ဟစ်ခဲ့ဖူးပါတယ်။

အသက်ကြီးတော့မှ “အစွန်းတရား” ဆိုတာ သဘောကျလာပါတယ်။ အစွန်းရောက်တာကို ဗုဒ္ဓက နှစ်သက်တော်မမူဘူး။ မဇ္စျိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်ကျင့်စဉ်ကို နှစ်သက်တော်မူတယ်။ ဓမ္မစကြာဟာ ဗုဒ္ဓရဲ့တရားဦးမို့ သူ့တရား၊ သူ့လမ်းစဉ်၊ သူ့ကျင့်စဉ်တွေကို ပ ဉ္စဝဂ္ဂီငါးပါးကို ဟောကြားတော်မူခဲ့တာလို့ သိလာရတယ်။ သိတော့ ဒီတရားကို ကြိုက်သွားတာပေါ့။

(၂)
ဒီမိုကရေစီနိုင်ငံရဲ့အသက်ဟာ လွတ်လပ်မှုပဲ။ နိုင်ငံရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ရှိရမယ်။ လွတ်လပ်စွာယုံကြည်နိုင်တယ်။ ကိုးကွယ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့ဘုရားကို လွတ်လပ်စွာပူဇော်ဝတ်ပြုနိုင်တယ်။

မိမိလွတ်လပ်ခွင့်ဟာ သူတပါးကိုတော့ ထိပါးချုပ်ချယ်မှု မဖြစ်စေရဘူးပေါ့။ ငါ့အယူနဲ့မတူ၊ ရန်သူလို့ သဘောမထားရဘူးပေါ့။ ငါယူသလို သူတကာတွေ ယူရမယ်။ ငါယုံကြည်တာသာ အမှန်တရားလို့ ခါးခါးသီးသီး မဖြစ်စေရဘူးပေါ့။

လူသားမှာ ကြိုက်ရာယုံကြည်ပိုင်ခွင့်ရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ ကိုယ်ကြိုက်ရာ ယုံစတမ်း၊ ဘာသာတရားကို မယုံရင်လည်း မယုံကြည်မကိုးကွယ်ဘဲ နေခွင့်ရှိစတမ်း။ ဒါမှ တရားမျှတမှာ မဟုတ်လား။

ကိုယ့်အယူ သူ့အယူ မတူညီချင်ရှိပါစေ။ ပန်းတွေရောင်စုံပွင့်သလို ကမ္ဘာမြေကြီးဟာ လှပနေမှာပဲ။ အချင်းချင်း အနိုင်မကျင့်စတမ်း။ အများက အားနဲ့ဖိပြီး လူနည်းစုအပေါ် ဗိုလ်ကျအနိုင်မယူစတမ်း။ မိမိတို့စိတ်ကြိုက် တိုက်ခိုက်ပုံသွင်းပြီး အချင်းချင်းမညှဉ်းဆဲစတမ်း။ လူသားတဦးဟာ သူ့ကမ္ဘာမြေကို သူ့စိတ်ကြိုက်နေထိုင်ခွင့်၊ ဖန်တီးခွင့်ရှိတယ်။ အဓိကကတော့ လူသားနဲ့ လူ့ကမ္ဘာကို အကျိုးပြုဖို့ပါပဲ။ ကောင်းကျိုးတွေဖန်တီးနေဖို့ပါပဲ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာအောင်၊ စည်ပင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တည်ဆောက်နေဖို့ပါပဲ။

(၃)
တကိုယ်တော်ကိုယ်ကျိုး၊ တသင်းတဖွဲ့ ကိုယ်ကျိုးရရှိမှုကို အကြောင်းပြုပြီး ဘာသာရေး၊ နိုင်ငံရေးတို့ကို လက်ကိုင်ပြုကာ အတင်းအဓမ္မ လွှမ်းမိုးချင်တတ်ကြတယ်။ ဓားမိုး သေနတ်မိုးနဲ့ အာဏာတန်ခိုးပြချင် တတ်ကြတယ်။ အများစုအပေါ်မှာ အကြမ်းဖက်ရန်လိုပြီး အလိုမတူဘဲ အနိုင်ကျင့်ချင်တတ်ကြတယ်။ အဲဒါဟာ “အစွန်းရောက်” တာပဲ။ “အကြမ်းဖက်” တာပဲ။ “အာဏာရှင်စနစ်” ထူထောင်တာပဲ။ အဲဒီလို အပြုအမူဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ လူ့ဖြစ်စဉ်ရဲ့ အန္တရာယ်ပါပဲ။

သဲကန္တာရမုန်တိုင်းလို ရိုင်းချင်တိုင်းရိုင်း၊ မှိုင်းတိုက်ချင်တိုင်းတိုက်၊ မိုက်မဲတဲ့မောဟကို ရှေ့တန်းတင်ပြီး ဘုရားသခင်ရဲ့ တရားပလ္လင်ပေါ်ကို ဓားနဲ့ဆင်ပြီးပို့တာကို မနှစ်မြို့နိုင်ပါဘူး။ လူဖြစ်စဉ်ရဲ့ အန္တရာယ်ပဲ မဟုတ်လား။

(၄)
လူ့ဘဝဖြစ်စဉ်တွေပေါ်မှာ ကဗျာဉာဏ်ဝင်ပြီး မီးခိုးကြွက်လျှောက် ရောက်ရာပေါက် ကဗျာရေးမိတာက ဒီလိုပါ။

“ကိုယ်ပိုင်ဉာဏ်
ကိုယ်ပိုင်လွတ်လပ်ခွင့်
သင့်မသင့်ချင့်ချိန်ပြီး
သူ့အိမ်ကို ကိုယ့်အိမ်မမှတ်
သူ့ဇရပ်ကို ကိုယ့်ဇရပ်မလုပ်
ကိုယ့်အဆုံးအဖြတ်နဲ့ကိုယ်
လက်ဝါးကပ်တိုင် ထူချင်ထူမယ်
စေတီတဆူ တည်ချင်တည်မယ်
မုတ်ဆိတ်ကျင်စွယ်တွေနဲ့
တောမြိုင်လယ် သွားချင်သွားမယ်
အမှားကလွတ်လမ်း၊
တရားက ကျွတ်တမ်း
စူးစမ်းကြ ရှာဖွေကြမယ်
ရွှေစိတ်တော်ကြိုက်သလိုပ …” လို့ ရေးမိတယ်။

“ကိုယ့်အခန်းမှာ၊
ကိုယ်သာလျှင် ပြဋ္ဌာန်း
ကိုယ့်လမ်းမှာ သရုပ်ဆောင်
မာနတွေ မထောင်နဲ့
အမှောင်ကို ရှောင်နိုင်ရမယ်”
လို့လည်း မိမိဘဝ မိမိပြဋ္ဌာန်းခွင့်ရတဲ့ပေါ် မာနမထောင်လွှားဖို့ ရေးမိတယ်။

“သဗ္ဗေသတ္တာ ကမ္မသကာ
ကံသာလျှင် အမိ၊ ကံသာလျှင်အဖ
ကံပစ်ချရာနေ
ကံကပေးတဲ့ အမွေကိုစား
ကံတရားကို ယုံကြည်တယ်။
ကံသည်သာ အလုပ်
အလုပ်သည်သာ အဟုတ်
ကောင်းမှုလုပ်တော့ ကောင်းကျိုးစံ
မကောင်းမှုလုပ်တော့ ဆိုးကျိုးခံ
ကိုယ်ဖန်တီးတဲ့ ကိုယ့်ကြမ္မာကံ”
လို့ ဖွဲ့မိတယ်။
မြန်မာလူထုဟာ ကံကြမ္မာကို ယုံစားပေမယ့် မပုံစားဘူးလို့ ဆိုရမယ်ထင်တယ်။ “ကံယုံ၍ ဆူးပုံမနင်းရာ” တို့၊ “ကြမ္မာဆောင်တော့ သားကောင်တောင်ဆိတ်ဖြစ်” ရသေးသတဲ့။ “ကံကြမ္မာဂြိုဟ်စီးတော့၊ ကိုယ်ထီးတောင် မြွေမှတ်လို့ခုန်” ရသေးသတဲ့။

(၅)
ဒီတော့ ကဗျာက “ဗုဒ္ဓဝန္ဒနာ”၊ ဓမ္မစကြာအခြေခံပြီး ကာရံတွေရှာရင်း ဒီလိုနိဂုံးချုပ်မိတယ်။

“ကံကြမ္မာ ယုံကိုးပြီး
ချုံတိုးလို့မရ။
ဉာဏရှေ့ဆောင်
မီးရောင်တလက်လက်နဲ့
ခရီးရည်ချီတက်မယ်။
အမျက်မပါ၊ ရမ္မက်မပါ
ငါ့လက်နက်ဟာ ငါ့လုံ့လမပါ
ငါ့လက်နက်ဟာ ငါ့လုံ့လပေါ့
ဗုဒ္ဓကို ဦးချ။
လူ့ဘဝလှလိမ့်မယ်” တဲ့။

မှန်ပါတယ်။ လူ့ဘဝခရီးမှာ အမျက်ဒေါသ မတင်းမှဖြစ်မယ်။ ရမ္မက်လောဘ ကင်းမှဖြစ်မယ်။ မေတ္တာစိတ်၊ အချစ်စိတ်အခြေခံပြီး ဖန်တီးလုပ်ဆောင်ကြမှသာ လူ့ဘဝဟာ သုခချမ်းသာနဲ့ပြည့်စုံပြီး လူ့ဘုံအလှ ကြုံကြရမှာမဟုတ်လား။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၁)၊ ဖေဖော်ဝါရီ ၂၀၀၅