Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၈ ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၈ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁

ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ မြန်မာဒီမိုကရေစီအရေးတော်ပုံသမိုင်းမှာ မော်ကွန်းတင်တဲ့နေ့တနေ့ပဲ ဖြစ်ပါတယ်။ သပိတ်တိုက်ပွဲ လူထုဆန္ဒပြထုတ်ဖော်ပွဲတွေကနေ နောက်တဆင့် ဖက်ဆစ်တွေကို တွန်းလှန်ခုခံရတဲ့ လူထုတိုက်ပွဲ ဖြစ်သွားပါပြီ။ မြန်မာပြည်အနှံ့အပြားမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်လို့ လူ အနည်းဆုံး ၂၀ သေဆုံး၊ လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရပါတယ်။ အဖမ်းဆီးခံရတဲ့ အရေအတွက်ကတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ပွဲဟာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်မြောက်ရေး တိုက်ပွဲကြီးအဖြစ်ကို ရောက်ရှိသွားပါတယ်။ လက်နက်နဲ့ အကြမ်းဖက်သူကို လက်နက်မဲ့ပြည်သူတွေက မိမိကိုယ်ကိုယ်ကာကွယ်တွန်းလှန်ခုခံနေကြပါတယ်။ မိမိတို့ မြို့ရွာအိုးအိမ်အသက်စည်းစိမ်တွေကို လူထု၏ စည်းလုံးညီညွတ်မှုအင်အား လူထုခွန်အားသက်သက်နဲ့ တွန်းလှန်နိုင်ခဲ့ကြပါတယ်။ ၂၇ နေ့ထက် အကျအဆုံးများပေမယ့် ၂၈ ရက်နေ့ဟာ လူထုတိုက်ပွဲနဲ့ သပိတ်စစ်ကြောင်းတွေ ပေါင်းစည်းမှု ညီညွတ်မှု တသားတည်းဖြစ်မှုကို ဖော်ဆောင်နိုင်လိုက်ပြီ ဖြစ်တာမို့ သည်အရှိန်အဟုန်ကြီးဟာ တားဆီးလို့ မရတော့ဘူးဆိုတာ သေချာပါတယ်။

စစ်ကောင်စီက သူ့စစ်တပ်တွေကို သူတို့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့ အမာခံထားရှိပြီး စစ်ရဲတွေကိုတော့ လူထုကြားထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကျုးလွန်ခိုင်းပါတယ်။ စစ်ကောင်စီ၏ လက်နက်နဲ့ အင်အားဟာ သည်ထက် တိုးစရာမရှိဘဲ လူထုရဲ့ တိုက်ပွဲဝင်မယ့်အင်အားဟာ ပိုပြီး ကြိးမားကျယ်ပြန့်လာဖို့ပဲ ရှိပါတယ်။ စစ်ကောင်စီက စစ်သည် ၅ သိန်းဆိုရင် မြန်မာပြည်သူတွေက သန်း ၅၀ ရှိပါတယ်။ အဲသည်ထဲက သန်း ၂၀ က သန်စွမ်းသော လူငယ်လူရွယ်တွေ ဖြစ်တဲ့အတွက် သူတို့ထက် အဆပေါင်းများစွာ အင်အားရှိပါတယ်။ ရပ်ကွက်ထဲဝင်တဲ့ ရဲတပ်သားအရေအတွက်က ဆယ်ဂဏန်းပဲ ရှိပါတယ်။ ဖက်ဆစ်အလိုတော်ရိတွေကို ပြည်သူတွေက မောင်းထုတ်ထားနိုင်ရင် သူတို့အတွက် သူလျိုဒလံတွေ မြို့ရွာတွေထဲ ထားနိုင်မှာ မဟုတ်တော့ပါဘူး။ လူထု၏ တိုက်ပွဲနဲ့အတူ သင်ယူမှု ဉာဏ်ပညာစွမ်းအသုံးချမှုဟာ သူတို့ထက် သန်းပေါင်းများစွာ သာပါတယ်။

နိုင်ငံတကာက မြန်မာတွေနဲ့ ထောက်ခံသူတွေကလည်း ဖေဖော်ဝါရီ ၂၈ လူထုသွေးမြေကျမှုကြိးကို ကြည့်ပြီး နောက်တွန့်မသွားပဲ ပိုပြီး မခံမရပ်နိုင်ဖြစ်လာပါတယ်။ အခုချိန်မှာ စစ်ကောင်စီနဲ့ အလိုတော်ရိတွေကို အရေးယူနိုင်ဖို့ ဥပဒေနည်းတွေ နိုင်ငံရေးနည်းတွေ မျိုးစုံကို ချဲ့ထွင်စဉ်းစားလာကြပါတယ်။ လက်တွေ့ကျပြီး အချိန်တိုတွင်း ထိရောက်တဲ့နည်းတွေကို တိုင်ပင်ညှိနှိုင်းလာကြပါတယ်။ နိုင်ငံတကာမှာလည်း အင်န်အယ်ဒီပါတီနဲ့ စီအာရ်ပီအိတ်ချ် ကိုယ်စားပြုသူတွေ ထွက်ပေါ်လာပြီမို့ မြန်မာကွန်မြူနီတီနဲ့ အခုပေါ်ထွန်းလာတဲ့ ကိုယ်စားလှယ်တွေ ချိတ်ဆက်မှုကို မြင်တွေ့ရတော့မယ် မျော်လင့်ပါတယ်။

ပြည်တွင်းမှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းအစိုးရ defacto အစိုးရအဖြစ် သေချာသည်ထက် သေချာသွားပါတယ်။ လူထုကို လမ်းပေါ်မှာ ပစ်သတ်တဲ့အတွက် သူဟာ လူထုဆီက ငြိမ်းချမ်းသောနည်းနဲ့ အာဏာရယူထားတဲ့အစိုးရမဟုတ်တော့ပါဘူး။ လူထုရွေးကောက်ပွဲကိုလည်း ပယ်ဖျက်ထားလိုက်တာမို့ မြန်မာပြည်မှာ လူထုရွေးချယ်ထားတဲ့ ကိုယ်စားပြုမှုရှိတဲ့ ထောက်ခံမှုရှိတဲ့ CRPH အပြင် လူထုအစိုးရ Dejure အစိုးရတရပ် ပေါ်ထွန်းလာဖို့ပဲ ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဖြစ်တဲ့အပြင် လူထုကို အကြမ်းဖက် ပစ်သတ်နေတာမို့ အခြေခံဥပဒေတွေ အခြားသော တရားဥပဒေနည်းလမ်းတွေလည်း တရားဝင်တယ်လို့ မဆိုနိုင်တော့ပါဘူး။

လက်ရှိမှာ စစ်ကောင်စီမှာ တရားဝင်ဖြစ်တည်မှုအတွက် နောက်ဆုံးဆုပ်ကိုင်ထားတာဆိုလို့ - ပြည်ထဲရေး၊ ကာကွယ်ရေး၊ တရားရေးနဲ့ နိုင်ငံခြားရေးဌာနတွေသာ အဓိက ရှိပါတယ်။ ရဲက ဖမ်း၊ အကျဉ်းစခန်းတွေဆီပို့၊ တရားရုံးကတဆင့် ပြန်လွှတ်ဖို့ ရှေ့နေများက တဆင့်တောင်းဆိုတာသာ ရှိပြီး၊ စစ်တပ်နဲ့ ရဲက အကြမ်းဖက်သတ်ဖြတ်တာကို တားမြစ်ဖို့ လူထုက တရားရုံးကို လျောက်ခွင့်မရှိပါဘူး။ နိုင်ငံခြားက မြန်မာသံတွေကို နိုင်ငံခြားရေးက အမြန်လူစားထိုးဖို့ ကြိုးစားနေတာနဲ့ ပြည်ထဲရေးကနေ အုပ်ချုပ်ရေးကို လူလဲဖို့ လုပ်ဆောင်နေတာဟာလည်း လူထု၏ ပြန်လည် တွန်းလှန်မှုကို ရင်ဆိုင်နေရပါတယ်။ ကုန်သွယ်ရေး နယ်စပ် ငွေကြေး ပညာရေး လူမှုရေးဆိုင်ရာ ဌာနတွေဟာ သပိတ်တိုက်ပွဲကနေ လူထုတိုက်ပွဲကို ကူးပြောင်းသွားပြီ ဖြစ်တာမို့ အစိုးရယန္တယားကြီးကတော့ ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။

သည်လူထုတိုက်ပွဲမှာ အဓိက လမ်းပေါ်က သပိတ်စစ်ကြောင်းတွေ ကျောင်းသားလူငယ် အလုပ်သမား လယ်သမား လူထုလူတန်းစား အစုအဖွဲ့တွေရဲ့ ရပ်တည်ချက်၊ ရုန်းကန်ဆောင်ရွက်မှု၊ တောင်းဆိုမှုတွေက အရေးပါကြောင်း၊ သူတို့တွေ၏ ချိတ်ဆက်ပြီး အများစုပေါင်းခေါင်းဆောင်မှုဟာ ထိရောက်ကြောင်းကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ တိုက်ပွဲကနေ ခေါင်းဆောင်တွေ ပေါ်ထွန်းတယ်။ လူထုကနေ တောင်းဆိုမှုတွေ ရပ်တည်ချက်တွေ လက်တွေ့ဖြစ်ပေါ်တယ်။ အဲသည်ကနေ မဆုတ်မနစ်တဲ့ အရေးတော်ပုံဟာ အောင်ပွဲဆီကို ချီတက်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးတချက်ဖြည့်ချင်တာကတော့ - မြန်မာပြည်ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းပြည်ပါ။ ဒါကြောင့် အင်န်စီအေစာချုပ်ချုပ်နေတာ၊ ၂၁ ရာစု ပင်လုံဖော်ဆောင်တာ၊ ရခိုင် အေအေတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ရှိနေတာ ခုချိန်ထိ မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို နိင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေလို့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကနေ ၂၀၂၀ အထိ မြေပေါ်မှာ (အပစ်ရပ်ထားတဲ့ မြို့ပြတွေမှာ) နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူတွေက စကားဝိုင်းတွေ ရင်ကြားစေ့ရေးတွေ ပြန်လည်သင့်မြတ်ရေးတွေအပြင် ခြေဥပြင်ဆင်ရေးတွေနဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အခုတော့ အာဏာသိမ်းစစ်ကောင်စီက အပစ်ရပ်ထားတာတွေကို တဖက်သတ်ဖျက်သိမ်းပြီး မြန်မာတပြည်လုံးမှာ စစ်မီးတောက်ကို မြှင့်တင်လိုက်တာကို သိရှိဖို့လိုပါတယ်။

(မိုးမခမီဒီယာ)