Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၄၊ ၂၀၂၁

လုပ်ကြံမှုများ လက်စားချေမှုများ နဲ့ တော်လှန်ရေး နိုင်ငံရေး ဦးတည်ချက်


တရက်တာ သတင်းတွေကို ဖတ်ကြည့်လိုက်တဲ့အခါ စစ်ကောင်စီတပ်တွေ ရဲတွေရဲ့ဖမ်းဆီးမှု၊ နှိပ်စက်မှု၊ အသက်ဆုံးရှုံးရမှု၊ ဆန္ဒပြသူတွေကို ကားနဲ့တိုက်ဖမ်းဆီးမှု၊ သတင်းပေး ဒလန်ဆိုသူတွေကို အမည်မသိသူတွေက လုပ်ကြံသတ်ဖြတ်မှု၊ သတင်းပေးဆိုသူကို မတွေ့လို့ မိသားစုဝင်တချို့ကိုဓါးနဲ့ခုတ် သတ်ဖြတ်မှု၊ ရဲအုပ်အပါအဝင် ရဲတချို့ကို အရက်ဆိုင်မှာ သောက်စားနေတုန်း လက်နက်ကိုင် အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှု၊ ကေအန်ဒီအိုရဲ့ နယ်မြေထဲ သတင်းထောက်လှမ်းဖို့ အသွင်ယူထားတယ်လို့ စွပ်စွဲပြီး တံတားဆောက်လုပ်တဲ့ အလုပ်သမား ၂၅ ဦးကို ဇွန်လဆန်းမှာ ကေအန်ဒီအိုက ပစ်သတ်ပြီး အလောင်းတွေ မြှုပ်ထားတယ် ဆိုတဲ့ သတင်း တွေဖတ်ရှုရပါတယ်။

တရက်တာ သတင်းတွေထဲမှာ ကေအန်ဒီအိုနယ်မြေက အဖြစ်အပျက်လို သတင်းကလွဲရင် အခြားသတင်းတွေက နေ့စဥ် သတင်းသဖွယ်ဖြစ်လာနေပါတယ်။

ဒီလိုအဖြစ်အပျက်တွေက နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိေစမှာလား၊ လုပ်သင့်တဲ့ နည်းလမ်း မှန်ကန်တဲ့ နည်းလမ်းရော ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတချို့လည်း ခေါင်းထဲ ပေါ်ထွက်လာပါတယ်။

ရပ်ကွက်တွေထဲ ကျေးရွာတွေထဲ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ လမ်းလူကြီး စသဖြင့် အဲလိုတာဝန်ယူသူတွေ သတင်းပေးတယ် သူတို့သတင်းပေးမှုကြောင့် ဖမ်းဆီးခံရတယ် ဖမ်းခံရသူ တချို့လည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးစဥ် စစ်ဆေးစဥ် ရိုက်နှက်မှုကြောင့် အသက်ဆုံးရှုံးတဲ့ အဖြစ်မျိုးတွေ ဖြစ်ပျက်နေပါတယ်။

ဒီလို အဖြစ်အပျက်တွေကို ကာကွယ်ဖို့ အတွက် လက်စားချေ ပြန်လည် သတ်ဖြတ်တဲ့ နည်းလမ်းက လူထုကြားထဲက မခံမရပ်နိုင်မှုနဲ့ ထွက်ပေါ်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တချို့သော တွေးဆချက် ယူဆချက်တွေက အဲဒီလိုတုံ့ပြန် လုပ်ခြင်းဖြင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို မတည်ဆောက်နိုင်အောင် လုပ်ရမယ်ဆိုတာမျိုးလည်း ရှိတာ ကြားသိနေရပါတယ်။ သို့သော် ဒီလိုနည်းလမ်းတွေနဲ့ နွေဦးတော်လှန်ရေး ကို ချီတက်အောင်မြင်နိုင်မလား ၊ လက်စားချေခြင်း၊ စစ်မြေပြင်မှာ စစ်တိုက်နေတာမျိုးမဟုတ်တဲ့ အခြေအနေမှာ သတ်ပစ်ဖို့ ဆုံးဖြတ်ချက် သေဒဏ်ဆိုတာကို လွယ်လွယ်ဆုံးဖြတ်ပြီး လုပ်ဆောင်ကြတာဟာ မြန်မာနိုင်ငံရေးမှာ သမိုင်းမှာ လက်စားချေ သတ်ဖြတ်ကြတဲ့ မှတ်တမ်း သမိုင်းစာမျက်နှာတွေ အဖြစ် တိုးပွားလာစေမှာလား ဒီနည်းလမ်းက မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းဖြစ်ရဲ့လား ဆိုတာတွေကို နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေ ရှင်းလင်းပြောဆို သင့်တယ်လို့ မြင်မိပါတယ်။

ကမ္ဘာ့နေရာတချို့မှာ ဒေသအချို့မှာ နိုင်ငံရေး ရေချိန်နိမ့်ပါးပြီး လက်နက်ကိုင်ထားတဲ့ သူက အာဏာရှိကာ နိုင်ငံရေး ဆိုတာထက် လက်နက်နဲ့ အပြန်အလှန် တိုက်ခိုက် သတ်ဖြတ် နေကြတဲ့ ခေတ်သစ်သမိုင်းတွေ ခေတ်ပြိုင် သမိုင်းတွေ သတင်းတွေထဲ သမိုင်းတွေထဲ ဖတ်ရှုကြားသိနေရပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ နိုင်ငံရေးအရ နိုးကြားမှု အသိ အဆင့်တခု ရှိတဲ့နိုင်ငံဖြစ်ပြီး ခုအဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အဆင့်အတန်းကို ဆွဲချသွားတာမျိုး မကောင်းတဲ့အစဥ်အလာတွေ ဖြစ်ပေါ်စေခဲ့တာမျိုး မဖြစ်စေချင်ပါ။

လက်နက်ရှိသူသာ အာဏာရှိပြီး လက်နက်ရှိသူက ဆုံးဖြတ်တာဟာ အမှန် အခြားသော လက်နက်မကိုင်သူတွေ အရပ်သားတွေ အဖို့ ပြန်လှန်ချေပခွင့် ခုခံခွင့်မရှိတဲ့ အခြေအနေမျိုးဟာ သမိုင်းမှာ အလွန်ဆိုးရွားတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီအခြေအနေတွေကို တွန်းလှန်မယ် ၊ တော်လှန်မယ်ဆိုရာမှာ အဲလို လက်နက်ကသာလျင် အမှန်ဆုံးဖြတ်ပေးတဲ့သူတွေရဲ့ နည်းလမ်းတွေကို အတုယူကျင့်သုံးတာမျိုးက ရေရှည်အတွက် အစဥ်အလာကောင်းမဟုတ် ဘူးလို့ ထင်ပါတယ်။

နိုင်ငံရေး အတွေးအခေါ် လမ်းစဥ်ရှိသူတွေ အနေနဲ့ လူထု၊ အရပ်သား လက်နက်မရှိသူတွေကို ထည့်သွင်းစဥ်းစားပြီး တော်လှန်ရေး ကာလမှာလည်းပဲ တရားမှျတမှု ဆိုတဲ့စံကို မစွန့်လွှတ်ပဲ ဘယ်လို ကျင့်သုံးကြမလဲဆိုတာ ဆွေးနွေး လမ်းညွှန်ကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဒီနေ့တွက် အခြားသော ထင်ရှားတဲ့သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပတ်စဥ် တနင်္လာနေ့ ရုံးချိန်း အမှုစစ်ဆေးတဲ့ အခြေအနေ၊ တရားလိုတွေကို စတင်စစ်ဆေးနေပြီဆိုတဲ့ အခြေအနေ၊ နိုင်ငံရေး သတင်းအပြင် ကျန်းမာရေး ကူးစက်ရောဂါကပ်ဘေး နဲ့ပတ်သက်လို့ ကိုဗစ် တတိယလှိုင်းက ရန်ကုန်တိုင်းကိုလည်း တံခါးခေါက် ဝင်ေရာက်လာပြီဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ လှည်းကူးမြို့နယ်ထဲမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတကျောင်းမှာ ကိုဗစ် ကူးစက်ခံရသူ တရက်ထဲ ၂၀၀ ကျော်တွေ့ရှိလိုက်ပြီး အဲဒီကျောင်းက ဆရာမတဦးလည်း ကိုဗစ်ကူးစက်ခံရတာကြောင့် သေဆုံးခဲ့ ရတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေး မုန်တိုင်းတွေ လက်နက်ကိုင် ပဋိပက္ခတွေ၊ အသက်ဆုံးရှုံးမှုတွေ ဖမ်းဆီးခံရမှုတွေက ကိုဗစ်ကူးစက်ရောဂါရဲ့ အန္တရာယ်ကို မှေးမှိန်စေခဲ့ပါတယ်။ အလားတူ စီးပွားရေး ကျဆင်းမှုကို ဘယ်လို ခုခံကြမလဲ ဆိုတဲ့အကြောင်းအရာတွေဟာလည်း ခုနေခါမှာ နိုင်ငံရေး သတင်းတွေလောက် စိတ်ဝင်တစား မရှိကြတော့ပါဘူး။

သို့ပေမယ့်မကြာခင် ကာလတွေမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်သက်ရောက်မှုဖြစ်တဲ့ စီးပွားရေး ကျဆင်းမှုရဲ့ ဂယက်တွေ လက္ခဏာတွေ သက်ရောက်မှုတွေ မြင်ရ ကြားရလာတော့မယ့် အရေးလည်း ကြိုတင်ပြင်ဆင်ထား ကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုလည်းပဲ အကြပ်အတည်းကာလထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ လူတန်းစားအလွှာအသီးသီးဆီကို တပြိုင်နက်တည်း ရိုက်ခပ်မှု မရှိသေးတာကြောင့် မသိသာတာပါ။ အောက်ခြေလူတန်းစား၊ လုပ်ခ လစာနည်း အလုပ်သမားလူတန်းစားတွေကို ထိခိုက်နေရာကနေ တဖြေးဖြေး လူတန်းစားတဆင့်ချင်းဆီကို ထိခိုက်မှု သက်ရောက်မှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ အခုချိန်မှာ မကျယ်ပြန့်သေးတော့ အချင်းချင်း အားနည်းသူတွေကို ဝန်းယံမှုတွေ ထောက်ပံ့မှုတွေနဲ့ လည်ပတ်နိုင်ပါသေးတယ်။ လိုရင်ယူ၊ ပိုရင်လှူ ဆိုတဲ့ salogan က အလုပ်ဖြစ်နေပါသေးတယ်။ သည်ထက် ကျယ်ပြန့်လာရင်တော့ စိန်ခေါ်မှုအဖြစ် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲသည်အတွက် အရေးတော်ပုံ၏ နောက်တန်းကနေ ထောက်ပို့နေသူများ စီမံခန့်ခွဲနေသူများ ၊ မိသားစုတိုင်း၏ ကျောရိုးနောက်ခံများကိုယ်တိုင်က ပြင်ဆင်မှုတွေ တဆင့်ချင်း ပြုလုပ်ကြလိမ့်မယ် မျော်လင့်ပါတယ်။

(သတင်းဓာတ်ပုံ - KNDO ၏ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးမှ ဇွန်လ (၁၂) ရက်နေ့က ဖြေဆိုရာတွင် တံတားဆောက်လုပ်ရေးလုပ်သားများအဖြစ် အသွင်ယူထားသည့် ထောက်လှမ်းရေးသမားများကို စစ်ယူနီဖောင်းသက်သေများဖြင့် KNDO ဘက်က လုံခြုံရေးအရထိန်းသိမ်းထားခဲ့ရကြောင်း၊ ကျန်သည့်ကိစ္စများမှာ လမ်းစဉ်အတိုင်းသာဖြစ်ကြောင်း ပြောဆိုသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar