Breaking News

မိုးကျော်ဇင် - ခဲသားရောင် မိုးဖွဲဖွဲတနေ့

Photo- Mizzima
ခဲသားရောင် မိုးဖွဲဖွဲတနေ့ 
မိုးကျော်ဇင်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၁ 

( ၁ ) 

       ဒီနေ့မနက်မှာလည်း မရည်ရွယ်ဘဲ ခပ်စောစောထဖြစ်တယ်။ မရည်ရွယ်ဘဲ ကျွန်တော့်ကို အိပ်ရာခပ်စောစော ထစေသူတော့ သမီးကလေးပေါ့။ သူက နေ့လည်ပိုင်းမှာလည်း အိပ်၊ ညလည်း စောစောအိပ်ဆိုတော့ မနက်မနက်ဆို ကျွန်တော်တို့အရင် နိုးနေတော့တာ။ ပြီးရင် ကျွန်တော်တို့ရဲ့ ကောင်းစွာအိပ်ပျော်ခြင်းတွေကို သူ့အသံ မပီကလာပီကလာနဲ့ အနိုင်ကျင့်တော့တာပါပဲ။ ဒီလိုနဲ့ ဒီနေ့မနက်မှာလည်း ကျွန်တော် ခပ်စောစောနိုးနေရတယ်။ 
      ကျွန်တော်တို့သားအဖအိပ်ရာထတော့ ကျန်တဲ့အိမ်သားတွေအိပ်နေကြတုန်း။ ဒါနဲ့ ကျွန်တော်လည်း သမီးလေးကို မုန့်တခုနဲ့တဒင်္ဂငြိမ်ဆေး ကျွေးပြီး ညက အပြီးမသတ်ရသေးတဲ့ခဲပန်းချီကို ပြန်ကိုင်နေမိတယ်။ 

      မနက် ၆ နာရီလောက်ရောက်တော့ အိမ်ရှေ့လမ်းအတိုင်း ခပ်ဝေးဝေးကနေ တဖြည်းဖြည်းနီးလာတဲ့သီချင်းသံကို ကြားလိုက်ရတယ်။ သီချင်းသံဆိုတာကလည်း ထီကားတို့၊ လက်ဖက်ရည်ဆိုင်တို့ကနေဖွင့်လိုက်တဲ့ သာ ယာနာပျော်ဖွယ်သီချင်းတော့ မဟုတ်ပါဘူး။ အာလုပ်သံကြီးနဲ့ အာထိလျှာထိ အားရပါးရဆိုလာတဲ့သီချင်းသံမျိုးပါ။ ဆိုတတ်သလို ဆိုချင်သလိုဆိုလာတဲ့သီချင်းဆိုတော့ သံစဉ်တွေကလည်း သူတက်ချင်သလိုတက်ပြီး သူကျချင်သလိုကျတာ။ ဒီတော့ ရုတ်တရက်ဘာသီချင်းဆိုနေတယ်ဆိုတာ ကျွန်တော့်မှတ်ဉာဏ်တွေက မဆုံးဖြတ်နိုင်ဘူး။ နည်းနည်းအာရုံစိုက်ကြည့်လိုက်လို့ “ သူရဲကောင်း”၊ “အာဇာနည်” ဆိုတဲ့ စာသားတွေကိုကြားလိုက်ရမှ အာဇာနည်ဂုဏ်ပြုသီချင်းတပုဒ်ပါလားဆိုတာသိလိုက်ရသလို ဒီနေ့အာဇာနည်နေ့ဆိုတာကိုပါ တဆက်တည်း သတိရလိုက်မိတယ်။ ဒါတင်ဘယ်ကမလဲ၊ သီချင်းဆိုလာတဲ့လူကိုတောင်ထွက်မကြည့်ဘဲ ကျွန်တော်အသေ အချာသိတာ။ စိတ်ရောဂါခပ်နုနုကလေးဝင်နေရှာတဲ့ ကောင်လေးတယောက်လေ။ သူက နေပူပူမိုးရွာရွာ စီးပွားရှာဖို့ ဝီရိယကောင်းကောင်းနဲ့ လမ်းပေါ်ရောက်ရောက်နေ လေ့ရှိတယ်။ လမ်းပေါ်နဲ့လမ်းဘေးတွေ့သမျှ ရေသန့်ဗူးခွံတွေနဲ့ အချိုရည်ဗူးခွံတွေဟာ သူ့အတွက်တော့ အချိုမြိန်ဆုံးသစ်သီးအမှည့်ဝင်းဝင်းတွေပဲ။ 

       ဘယ်နှနှစ်မြောက် အာဇာနည်နေ့ဆိုတာကိုတော့လည်း ကျွန်တော်မမှတ်မိပြန်ဘူး။ တကယ်တော့လည်း အကြိမ်ရေတွေ ခုနှစ်သက္ကရာဇ်တွေထက် ဘယ်သူတွေဘာလုပ်ခဲ့ကြတယ်ဆိုတဲ့ဇာတ်လမ်းတွေကိုပဲ ကျွန်တော်က ပိုစွဲလန်းလို့ထင်ရဲ့။ ဒီကောင်လေးကျတော့လည်း ရွာရိုးကိုးပေါက် ဒေါင်းဒေါင်းတောက် လျှောက်သွားနေပေမယ့် ကိုဗစ်မကူးပါလားလို့တွေးရင်း ဆွဲလက်စ မျက်နှာပုံသဏ္ဌာန်ပေါ် ခဲမှုန့်လေးတွေကို ဘရပ်ရှ်လေးနဲ့လိုက်ဖြန့်နေမိတယ်။ သီချင်းသံက ကျွန်တော်တို့အိမ်ရှေ့ကိုဖြတ်သွားပေမဲ့ ကျွန်တော်လှမ်းမကြည့်ဖြစ်လိုက်ဘူး။ 
      ဒါပေမဲ့ ဒီမနက်ခင်းရဲ့ထူးခြားချက်ကိုသတိထားမိတယ်။ ဒီမနက်ခင်းက မနေ့က ကျော်လွန်ခဲ့ပြီးတဲ့ မနက်ခင်းလို တံခါးဖွင့်လိုက်တာနဲ့ မီး မောင်းကြီးထိုးထားသလို ဝင်းခနဲဝင်လာတဲ့နေရောင်စူးစူးရဲရဲကြီးမတွေ့ရဘူး။ ခဲသားရောင်မိုးတိမ်တွေက ခပ်နိမ့်နိမ့်မျက်နှာကျက်တွေလို အုပ်မိုးလို့။ ပတ် ဝန်းကျင်ကလည်း ခဲသားရောင်။ အိမ်တွေ၊ သစ်ပင်တွေ၊ လူတွေကအစ ခဲသားရောင်တွေချည်းဖြစ်နေတယ်လို့ ကျွန်တော်မြင်နေရတယ်။ ဒီနေ့မိုးရွာမှာပဲ။ မနေ့ကလည်း သတင်းတခုမှာ ဒီနေ့မိုးရွာနိုင်တယ်လို့ ဖတ်လိုက်ရတယ်။ 

      မနက် ၉ နာရီခွဲပြီးတဲ့အထိ နေရောင်ထွက်မလာသေးဘူး။ ဒါပေမဲ့ နေရောင်ခြည်ငွေ့ငွေ့လေးကိုတော့ခံစားနေရတယ်။ ဒီနေ့ မီးသတ်က ဥဩဆွဲမယ်လို့ကြေညာထားတဲ့အကြောင်း အိမ်သားတယောက်ကပြောတယ်။ ဒါ အာဇာနည်နေ့အတွက်ဆိုတာ ကျွန်တော်သိပေမဲ့ ရင်ဘက်က ရေခဲ သေတ္တာထဲက အအေးဆုံးအခန်းထဲထည့်ထားတဲ့အသားတတုံးလို အေးခဲနေတယ်။ ဒီအချိန်မှာ ဒီလိုလူတွေဆီက မုသာဝါဒတွေ၊ ပါဏာတိပါတကံတွေနဲ့ အန္ဒိန္နဒါနကံတွေကလွဲလို့ ဘာမှမျှော်လင့်လို့မရနိုင်ဘူးဆိုတာ ကျွန်တော်တို့ပုံသေစွဲမှတ်ထားရမယ်လို့ သူတို့ကိုယ်တိုင်ကပဲသင်ကြားပေးခဲ့ပြီးသားမဟုတ်လား။ 

      မိုးရွာလိမ့်မယ်လို့ထင်နေတုန်း တကယ်တမ်းဖြစ်လာတာကမိုးရွာတာမဟုတ်ဘဲ သမီးကလေးရဲ့လက်သူ ကြွယ်ထိပ်ကလေး မတော်တဆ တံခါးညှပ်မိတယ်။ လက်သည်းဧရိယာထိပ်လေး ထိခိုက်သွားတာ။ နည်းနည်းယောင်လာတယ်။ လက်သည်းထိပ်လေး ပဲ့သွားတယ်။ သွေးထွက်တယ်။ အတွင်းဒဏ်လည်းဖြစ်သွားပုံပဲ။ အဆင်သင့်ရှိတဲ့ဘီတာဒိုင်းကလေး ကမန်းကတမ်းလိမ်းပေးပြီး စိတ်ချရအောင် ဆရာဝန်တယောက်ယောက်ရဲ့ကုသမှုမဟုတ်တောင် လမ်းညွှန်မှုတခုခုတော့လိုမယ်လို့ကျွန်တော်တို့အားလုံးဆုံးဖြတ်ချက်ချနိုင်ကြပေမဲ့ ဒီလိုအမှောင်အကာလကြီးမှာ ဆေးရုံမရှိ၊ ဆေးခန်းမရှိ၊ ဆရာ ဝန်တွေသူနာပြုတွေက လေတိုက်တဲ့သစ်ရွက်လေးတွေလို ပစ်ချခံလိုက်ရတဲ့စက္ကူလှေကလေးတွေလို လွင့်ဝေးနေကြပေါ့။ ဒီတော့ ကျွန်တော့်စာပေမိတ် ဆွေ ဆရာဝန်ခရီးသွားတယောက်ကိုပြေးသတိရတာနဲ့ သူ့ဆီဆက်သွယ်ရတယ်။ သူကလည်း အားတက်သရော ထပ်လိမ်းပေးရမယ့်ဆေးနဲ့ သောက်ဆေးတွေကို ညွှန်ပေးတယ်။ 

       ဆေးညွှန်းရပြီဆိုတော့ ဆေးဝယ်ဖို့လိုလာပြီ။ ဆေးဆိုင်ကပိတ်ထားပေမဲ့ ဖုန်းကြိုဆက်ပြီး အိမ်သွားဝယ်ရတယ်။ ဆေးဆိုင်အိမ်ရှေ့ကို ရောက်တာနဲ့ တန်းမြင်ရတာက“ ဆိုင်ပိတ်ထားသည်” ဆိုတဲ့ ဆိုင်းဘုတ်ကတ်ပြားလေးပါပဲ။ ပြီးတော့ ခြံတံခါး၊ အိမ်သံဘာဂျာတံခါးနဲ့ အိမ်အတွင်း သစ်သားတံခါးမကြီးကိုပါ ပိတ်ထားတာတွေ့လိုက်ရတယ်။ ကြည့်လိုက်ရင် လူရှိနေပုံတောင်မရဘူး။ ၃ မိနစ်လောက်ကြာတော့ ဆိုင်ရှိင်အစ်မက အိမ်နောက်ဘက်ကနေ ပတ်ထွက်လာတယ်။ သူကိုယ်တိုင်လည်း ဝတ်စုံပြည့်ဝတ်လို့။ ကျွန်တော်လည်း ဆေးထုပ်ယူပြီးတာနဲ့ ပြန်ထွက်လာခဲ့တယ်။ 

      မြို့ထဲ တပတ်လောက်လျှောက်ကြည့်ရအောင်ဗျာလို့ ကျွန်တော်နဲ့အတူလာတဲ့ မယားညီအစ်ကိုကပြောတာနဲ့ ကျွန်တော်တို့ဈေးဝင်းအပြင်ဘက်တန်းတွေဘက် ဆက်ထွက်ခဲ့ကြတယ်။ ဈေးမြောက်ဘက်တန်းနဲ့ ဈေးအနောက်ဘက်တန်းတွေမှာ ဆိုင်တွေအများစုပိတ်ထားကြပေမယ့် စည်ပင်သာ ယာဈေးကြီးအစား ယာယီဈေးဖွင့်ထားတဲ့ဈေးပြင် တောင်ဘက်တန်းနဲ့ အရှေ့ဘက်တန်းတွေမှာတော့ ဆိုင်တွေရောလူတွေရော စည်ကားနေတာ။ ဈေးရွှေ့တာလား၊ ဈေးပိတ်တာလားကိုတော့ ကျွန်တော်ဝေခွဲမရနိုင်တော့တဲ့အတူ ကျိတ်ပြုံးနေမိတယ်။ လက်ဖက်ရည်ဆိုင်တွေက အများစုပိတ်ထားကြပေမဲ့ ဖွင့်တဲ့ဆိုင်က ၂ ဆိုင်လောက် ရှိပါသေးတယ်။ ဒါပေမဲ့ ဆိုင်ထဲမှာတော့ ဆိုင်သောက်အဖြစ်ရောင်းပုံမရပါဘူ။ ယာယီဈေးတန်းမှာ ဆိုင်ခန်းတွေနီးကပ်လွန်းတာရယ်၊ လူတွေတိုးဝှေ့နေကြတာတွေရယ်နဲ့ မြို့တွင်းကိုဗစ် ၁၉ ကူးစက်မှုများပြားလာတာရယ်ကို မြို့လူထုတွေကထောက်ပြကြပေမဲ့ ဒီယာယီဈေးလေးကတော့ မူလစည်ပင်ဈေးကြီးလိုပင်စည်ကားမြဲ။ တချို့ဆိုင်တွေက ကြိုးတန်းစည်းတွေထားကြပေမဲ့ တချို့ကတော့ မက်စ်တောင် တပ်မထားကြပါ ဘူး။ အုပ်ချုပ်ရေးမှူးရုံးရှေ့ရောက်လို့လှည့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့လအနည်းငယ်ကလိုပဲ ရုံးတံခါးကြီးတွေ တင်းတင်းပိတ်လို့။ 

     အိမ်ပြန်ရောက်တော့ မက်စ်တွေ လွှင့်ပစ်၊ ဆေးပစ္စည်းထုပ်ကို ဆေးဖြန်းပြီး လူပါ ရေချိုးပစ်ရတယ်။ ပြီးတော့ သမီးလေးလက်ကို ဆေးထည့်၊ ဆေးတိုက်။ 

       နေ့ခင်းလောက်မှာတော့ လော်စပီကာနဲ့လှည့်ကြေညာသံကို ကြားနေရတယ်။ မွန်းတည့် ၁၂ နာရီကစပြီး ဆေးရုံဆေးခန်းမှအပ လူတွေ အိမ်အပြင်ထွက်ရင် ဥပေဒေနဲ့အညီ အရေးယူမယ့်အကြောင်း။ မနေ့ကလည်း ဈေးဝယ်ကတ်လုပ်ရမယ်ဆိုပြီး မြို့ကလေးရဲ့အွန်လိုင်းမီဒီယာမှာ အသိ ပေး စာတိုလေးတခုတက်လာသေးတယ်။ ကိုယ့်ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာလုပ်ရမယ်လို့ဆိုထားပေမဲ့ ကျွန်တော်တို့အုပ်ချုပ်ရေးမှူးဆိုတာ ရှိ/မရှိ ကျွန် တော်ကိုယ်တိုင်တောင်မသေချာပါဘူး။ စောစောက အုပ်ချုပ်ရေးမှူးရုံးရှေ့ကဖြတ်လာတုန်းကြည့်ခဲ့မိတာကတော့ ရုံးတံခါးတောင်ဖွင့်မထားတဲ့အဖြစ်။ ဒီနေ့ရုံး ပိတ်ရက်မို့လားတော့မသိ။ ကျွန်တော်တို့သိထားတဲ့အုပ်ချုပ်ရေးမှူးဆိုတာကလည်း ဆေးရုံတက်နေရတာ။ 

     မွန်းတည့်ချိန်နည်းနည်းကျော်တာနဲ့ မိုးကလေးတဖွဲဖွဲကနေ နည်းနည်းများလာတယ်။ ဒါပေမဲ့ ခဏပဲ။ ခဏအကြာမှာပဲ ခပ်သည်းသည်းကနေ တဖွဲဖွဲဖြစ်လာပြန်တယ်။ 
      ဒီအချိန်ကျမှ ဒီနေ့အာဇာနည်နေ့ဆိုတာကို ဒုတိယအကြိမ်ပြန်သတိရဖြစ်လိုက်တယ်။ မီးသတ်အဖွဲ့ကဥဩဆွဲသံပေးရဲ့လားဆိုတာ ကျွန်တော်သတိမထားမိလိုက်ဘူး။ မျက်စောင်းထိုးအိမ်က ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေ ဆောင်းဘောက်စ်ကြီးနဲ့တရပ်ကွက်လုံးကြားအောင်ဖွင့်နေတာကိုတော့ သတိ ထားလိုက်မိသေးတယ်။ 

          နေ့လည်နဲ့ညနေမှာ မိုးက တကြိမ်နှစ်ကြိမ်ခပ်ဖွဲဖွဲ ရွာသေးတယ်။ ဒီနေ့ ကျွန်တော်တို့အိမ်တံခါးပေါက်ကို နေရောင်ခြည် လုံးဝရောက်မလာခဲ့ဘူး။ ပြတင်းပေါက်ပေါင်တွေပေါ် မိုးစက်တွေနည်းနည်းလာစင်တယ်။ တနေ့လုံး ပတ်ဝန်းကျင်တခုလုံး ကျွန်တော်ဆွဲလက်စခဲပန်းချီကားထဲက နောက်ခံလိုပဲ။ ခဲရောင်တွေ၊ ခဲရောင်တွေ။ အတိတ်ဆိုတာကလည်း ခဲရောင်ပဲမဟုတ်လား။ ဇူလိုင်လ လဝက်လုံးလုံး နေရောင်ခြည်ကောင်းကောင်းရခဲ့ပေမဲ့ ဇူလိုင် ၁၉ မှာတော့ ဟိုးလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက မနက်ခင်းတွေလိုပဲ မိုးတဖွဲဖွဲကတော့ ချိန်းဆိုတဲ့အတိုင်းရောက်လာရတာပဲမဟုတ်လား။ 

        ဒီနေ့ ရန်ကုန်ရဲ့ကိန်းဂဏန်းဟာ ၁၆၀၀ ကျော်အထိခုန်တက်သွားတယ်။ အဲဒီ ၁၆၀၀ ကျော်ထဲ အဝကျွန်းချစ်မောင် ပါသွားတယ်။ ပြီးတော့ ကျွန်တော့်မိတ်ဆွေတချို့ပါသွားကြတယ်။ ကိုဗစ် ၁၉ အတွက် ပရဟိတလုပ်နေကြတဲ့ဆရာဝန်တွေ ထောင်ချောက်မိသွားကြတဲ့အကြောင်းကြားရ တော့ မောင်ချောနွယ်ရဲ့ကိုက်လမ်းကဗျာထဲက ယုန်ကလေးတွေကိုသတိရလိုက်တာ။ ယုန်ကလေးတွေက သစ္စာတရားရဲ့ပိုက်ကွန်ထဲအမိခံလိုက်ရသလို ဒီဆရာဝန်တွေကလည်း မေတ္တာတရားရဲ့ပိုက်ကွန်ထဲ ထောင်ချောက်မိခဲ့ကြတဲ့ယုန်ကလေးတွေ။ သူတို့ရဲ့ မေတ္တာတရားဟာ သူတို့ဘဝတွေကို လုယက်သွားခဲ့တယ်။ 

       ဦးကိုနီ လေဆိပ်မှာလုပ်ကြံခံလိုက်ရစဉ်က ဆရာမာန်(တောင်လုံးပြန်)က “၁၀ ဦးမြောက် အာဇာနည်”လို့ ပြောခဲ့ဖူးတဲ့အသံကို ပြန်ကြားနေမိတယ်။ ကျောင်းသားဘဝ၊ ဇာတကထဲမှာ အာဇာနည်မြင်းဆိုတာကိုသင်ခဲ့ရတုန်းက အာဇာနည်ရဲ့ခက်ဆစ်အဓိပ္ပာယ်ကို သတိရနေသေးတယ်။ ကိုယ့်အသက်ကို ပဓာနမထား၊ အများအကျိုးကို သယ်ပိုးသူတဲ့။ 
       ကျွန်တော်တို့နိုင်ငံမှာ အာဇာနည်တွေများလှချည်ရဲ့။ အာဇာနည်နေ့တွေကလည်း များလှချည်ရဲ့။ အာဇာနည်တွေများလွန်းတဲ့ ကျွန်တော်တို့မြေမှာ ဂဠုန်ဦးစောတွေလည်း များလှချည်ရဲ့ဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ဘက်ထဲ သံချေးတက်ဓားတုံးတုံးတချောင်းလို တိုးဝင်လာနေတော့တယ်။  ။
 
မိုးကျော်ဇင်  
         -

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar