Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

File Photo, Mizzima, 2019


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁
ဆိုရှယ်မီဒီယာခေတ် တဦးချင်းရဲ့ လုံခြုံမှု၊ အဖွဲ့အစည်းအလိုက်လုံခြုံမှု

ဆိုရှယ်မီဒီယာတွေ ခေတ်စားပြီး လူတိုင်းနီးပါးလောက် သုံးကြတဲ့ခေတ်မှာ ကိုယ့်ရဲ့ အလုပ်၊ အဆက်အသွယ်၊ ခြေရာတွေ အားလုံးက ဆိုရှယ်မီဒီယာ account တွေမှာ စုစည်းထားရှိထားကြတာမျိုး ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကို ကွန်ပျူတာနဲ့ သုံးတာထက် မိုဘိုင်းဖုန်းနဲ့ သုံးကြတာက အများစုဖြစ်လို့လည်း မိုဘိုင်းဖုန်းတလုံးဟာ ကိုယ့်ရဲ့ အကြောင်း ၇၀ ရာနှုန်းလောက် ပြန်ပြောပြနိုင်တဲ့ သက်မဲ့ ဝတ္တု တခုဖြစ်လို့နေပါတယ်။

ဘယ်သူနဲ့ ဆက်သွယ်နေသလဲ၊ ဆက်သွယ်ခဲသလဲ၊ ဘယ်နေရာတွေ သွားခဲ့လဲ၊ ဘယ်လောက်ကြာလဲ၊ ဘယ်နေရာသွားခဲ့လဲ ၊ ကိုယ့်ရဲ့ အဆက်အသွယ်တွေက ဘယ်သူတွေလဲ ဖုန်းနံပါတ်တင်မက ဆိုရှယ်မီဒီယာ အကောင့်တွေပါ တနေရာထဲ ဆက်စပ်စုစည်းပေးပြီး သုံးနေတဲ့ ဖုန်းကိုလဲလှယ်လိုက်ရင်တောင် အဆက်အသွယ်တွေကို နောက်ဖုန်းအသစ်ထဲ မေးလ် အကောင့်က ဖြစ်စေ ဆိုရှယ်မီဒီယာအကောင့်က ဖြစ်စေ ချိတ်ဆက်သယ်ဆောင်သွားပေးတာတွေက အကောင်းဘက်က ကြည့်ရင် အဆင်ပြေတဲ့ သဘော သုံးစွဲသူအနေနဲ့ ကရိကထ ခံကာ သိမ်းဆည်းစရာ မလိုပဲ သိမ်းမယ် မသိမ်းဘူး ဆိုတာ သဘောထားပေးရုံနဲ့ သူ့ဘာသာသူ သိမ်းဆည်းမှတ်တမ်းတင်ထားပေးကြတာမျိုးဖြစ်ပါတယ်။

ဓါတ်ပုံရိုက်မယ် ဗီဒီယိုရိုက်မယ်ဆိုရင်လည်း ဖုန်းနဲ့တင်ရိုက်ယူနိုင်သလို ဖုန်းနဲ့တင်ပို့ ဖုန်းထဲကနေ ကလောက်ဒ်ဆာဗာထဲပို့ ပြီးသိမ်းဆည်းထားကြတာမျိုးမို့ မှတ်တမ်းတင်ချင် ချိတ်ဆက်ချင်တဲ့ အခါ လွယ်ကူသလောက် မှတ်တမ်းမတင် ချိတ်ဆက်မှုတွေ ဖြတ်တောက်ချင်တဲ့အခါ တကူးတက လုပ်ရတာမျိုး ဖြစ်လာပါတယ်။

ဒီနေ့ခေတ် အာဏာအလွဲသုံး၊ လက်နက်နဲ့ လူထုကို အနိုင်ကျင့်၊ ဖိနှိပ်အုပ်ချုပ်ကြတဲ့ အာဏာရှင် အစိုးရတွေက အခုလို လူအများက ဆက်သွယ်ရေးနည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးလာတာကို အခွင့်ကောင်းယူပြီး ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ အင်တာနက်သုံးစွဲသူတွေကို စောင့်ကြည့်ကြတာ ၊ အများအကျိုးမထိခိုက်ပဲ အစိုးရအာဏာကို ထိခိုက်မယ့်ကိစ္စတွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြကာ အရေးယူကြတာတွေ လုပ်လာကြပါတယ်။

သာမန်အားဖြင့် အများသုံးနိုင်တဲ့ နေရာပြတဲ့ လုပ်ဆောင်ချက်၊ အင်တာနက်သုံးသူရဲ့ အိုင်ပီ (IP Address) ထောက်လှမ်းတာ အကောင့်ကို ဟက်တာတွေက လူအများသိနေကြတဲ့ ထောက်လှမ်းနည်းတွေ ဖြစ်ပေမယ့် သီးခြား ထုတ်လုပ်ထားတဲ့ စျေးကြီးကြီးပေးဝယ်ရတဲ့ ဆော့ဖ်ဝဲတွေကိုလည်း ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ပြီး စောင့်ကြည့် ထောက်လှမ်းကြတာမျိုး ဖြစ်လာပါတယ်။

ခုတလော သတင်းတွေထဲ ဖေါ်ပြတဲ့ အစ္စရေးလ် နိုင်ငံက နည်းပညာကုမ္ပဏီတခုက ထုတ်လုပ်ထားတဲ့ Pegasus လို့ခေါ်တဲ့ မိုဘိုင်းသုံးသူကို စပိုင်ဆော့ဖ်ဝဲထည့်သွင်းပြီး သူ့ရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ ဆက်သွယ်မှုတွေကို သိနိုင်တဲ့ နည်းပညာတွေ ပေါ်နေတာနှစ်နဲ့တောင်ရှိနေပြီ ဖြစ်ကာ မြန်မာနိုင်ငံလိုမျိုးမှာလည်း ဝယ်သုံးကောင်းသုံးမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ နေထိုင်တဲ့ သတင်းသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ အနေနဲ့ အခုလို နည်းပညာဆိုင်ရာ ဗဟုသုတ ရှိကြဖို့ ၊ နည်းပညာနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ လိုက်နာသင့်တဲ့ သတိပြုကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။

စစ်ကောင်စီတပ်တွေ ရဲတွေ မြို့ အဝင်အထွက်၊ မြို့ထဲက စစ်ဆေးတဲ့ပွိုင့်တွေ၊ သို့မဟုတ် နေအိမ်၊ ရုံးကို ဝင်စီးတဲ့အခါမျိုးမှာ ဖုန်းကို အရင်ဆုံးစစ်ဆေးလေ့ရှိပါတယ်။ ရုံးတွေဆိုရင် လက်ပတော့ သို့မဟုတ် ဒက်စ်တော့ဆိုရင်လည်း ဟဒ်ဒရိုက်ကို ဖြုတ်ပြီး ယူဆောင်သွားလေ့ရှိပါတယ်။

ဖုန်းထဲက ရိုက်ထားတဲ့ ဓါတ်ပုံ၊ ဝင်ထားတဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားတဲ့ အကြောင်းအရာတွေ၊ ဆက်သွယ် ပြောဆိုထားတဲ့ စာ မှတ်တမ်း တွေကို ကိုစစ်ဆေးတာတွေ လုပ်ပြီး သူတို့ ဖမ်းဆီးဖို့ ကြိုတင်သတ်မှတ်ထားတဲ့သူမဟုတ်ရင် ဖမ်းဆီးမယ် လွှတ်မယ်ဆိုတာကို အဲဒီလို အခြေအနေမှာ ဆုံးဖြတ်လေ့ရှိပါတယ်။

ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ မြေအောက် လုပ်ကိုင်သူတွေ အနေနဲ့ မိမိရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ကိုယ့် အသက်တမျှ အရေးကြီးတာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ ခြေရာတွေ မတင်ကျန်ရစ်စေဖို့ မိမိရှိနေတဲ့ နေရာ ၊ ဒေသ၊ တွေဆုံတဲ့သူ၊ ဆက်သွယ်တဲ့သူတွေ ရဲ့ အမည်၊ ဖုန်းနံပါတ် စတာတွေကိုပါ တစုတစည်းထဲ မဖြစ်စေဖို့ သတိကြီးစွာ ထားသင့်တယ်လို့ မြင်ပါတယ်။

ဆိုရှယ်မီဒီယာက ဆက်သွယ်ရေးအတွက် အသုံးတည့်တဲ့ နည်းလမ်းတခုဖြစ်တာ အမှန်ပဲ ဖြစ်ပါတယ်၊ တဖက်မှာလည်း ဆိုရှယ်မီဒီယာက မိမိရဲ့ အကြောင်း၊ နေရာ ၊ အမူအကျင့်၊ အဆက်အသွယ်တွေကို ဖေါ်ပြပေးနေသလို ဖြစ်စေတာသတိပြုဖို့ လိုပါတယ်။

ဖျက်ထားတဲ့ ဓါတ်ပုံတွေ ဖိုင်တွေကို ပြန်လည်ဆယ်ယူဖေါ်ထုတ်နိုင်တဲ့ ဆော့ဖ်ဝဲတွေ အများအပြားရှိပြီး အခပေးသုံးတဲ့ဟာ စျေးကြီးကြီးပေးဝယ်ထားတဲ့ အရာတွေဆို သာမန်အားဖြင့် ပြန်ဖော်လို့မရဘူးထင်တာတွေကိုလည်း ဖေါ်ထုတ်နိုင်တာတွေ့ရမှာပါ။

အခုလိုကာလမှာ တိမ်းရှောင်နေတဲ့သူတွေ ပုန်းရှောင်နေတဲ့သူတွေ အနေနဲ့ မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်၊ ဖုန်းနံပါတ်ကို အတွင်းစည်းကလူတွေကလွဲလို့ အများမသိနိုင်အောင် သိုသိပ်စွာ ထားရှိ သင့်ပါတယ်။

တဦးချင်းရဲ့ လုံခြုံမှုကို တိတိကျကျ ထိန်းသိမ်းနိုင်မှသာ အဖွဲ့အစည်းအလိုက် လုံခြုံမှုကိုလည်း ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ သတင်းပေးသူတွေကြောင့် အဖမ်းခံရတယ်လို့ ယေဘုယျ နားလည်ထားကြပေမယ့် အချို့သော လုံခြုံရေးစည်းကျိုးပေါက်မှုတွေက တယောက်ကို မိလိုက်ရာက ကျန်အဆက်အစပ် အဖွဲ့သားတွေရဲ့ နေရာ၊ ဖုန်းတည်နေရာ စတဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ဆင့်ကာ ကျိုးပေါက်မှုကြောင့်ဆိုတာလည်း သဘောပေါက်ဖို့လိုပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာ ဆိုတာက တဦးချင်းအတွက် ဆက်သွယ်ဖို့ လိုအပ်တဲ့ နည်းပညာတခု၊ အသုံးတည့်တဲ့ နည်းပညာတခု ဖြစ်သလိုပဲ မိမိရဲ့ လုံခြုံရေးကို ပေါက်ကြားစေနိုင်တဲ့ အရာတခုဖြစ်တယ်ဆိုတာလည်း မမေ့သင့်ကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar