Sai Zin Didizone - လျို့ဝှက်တပ်တော် - ၁
Sai Zin Didizone - လျို့ဝှက်တပ်တော် - ၁
နိဒါန်း - တရုတ်စစ်သားလေးနှစ်ယောက်(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၁
https://szddzone.blog/?p=850 ကနေ စာရေးသူခွင့်ပြချက်နဲ့ ကူးယူဖော်ပြပါတယ်
ဒီစာအုပ် စဖြစ်လာပုံကို ပြောရရင် ၁၉၉၀ ဇန်နဝါရီလလောက်ကို ပြန်သွားရလိမ့်မယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အမေရိကန် ကောင်စစ်ဝန်ချုပ်အနေနဲ့ ကျနော် အမှုထမ်းနေတုန်းကပေါ့။ လုပ်ဖော်ကိုင်ဖက် တယောက်နဲ့ ကျနော် ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်ဘက်ကို ရောက်ခဲ့တယ်။ လူအသွားအလာ သိပ်မရှိတဲ့လမ်းပဲ။ နယ်စပ်မျဉ်းနဲ့ ကပ်လျက် ဖောက်ထားတာ။ ဒွိုင် [1] မယ်ဆလောင်း တောင်အနောက်ဘက် ကီလိုမီတာ အနည်းငယ် ဝေးတဲ့နေရာလောက်ရောက်မှ လမ်းက အရှေ့ဘက်စူးစူး ဆက်သွားပြီး နယ်စပ်မျဉ်းက မြောက်ဘက်ကို ကွေ့သွားတယ်။ လေနုအေးလေးတွေ တိုက်နေတဲ့ကြားက မြန်မာနိုင်ငံဘက်ခြမ်း ခပ်ဝေးဝေးက စိန်ပြောင်းကျည် ပေါက်ကွဲသံတွေကို အတိုင်းသား ကြားနေရတယ်။ မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်ရေး လုပ်နေတဲ့ စစ်တပ် နှစ်ခုက နယ်စပ်ဒေသနဲ့ မှောင်ခို လမ်းကြောင်း စိုးမိုးရေး အတွက် တိုက်နေကြတာလေ။ အဲဒီ အချိန်တုန်းက မြန်မာ့တပ်မတော်နဲ့ လျော့ရဲရဲ မဟာမိတ်ဖွဲ့ထားတဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က ရှမ်း−တရုတ် မူးယစ်ရာဇာ ချန်ချီဖူးရဲ့ ရှမ်းညီညွတ်ရေး တပ်မတော် (အက်စ်ယူအေ) နဲ့ စစ်ဖြစ်နေတာ။ ချန်ချီဖူးကို သူ့ရှမ်းနာမည် ခွန်ဆာ အနေနဲ့ လူသိများကြတယ်။ ကျနော်တို့ နယ်စပ်ကို ရောက်လာတဲ့ ရည်ရွယ်ချက် ကတော့ အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းတွေစုဆောင်းဖို့ပဲ။
တောင်ပေါ်မှာရှိတဲ့ ဘန့်မယ်ဆလောင်းရွာ[2]ကို ကျနော်တို့ ရောက်တယ်။ တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်တွေ အနိုင်ရပြီး နောက်ပိုင်း မြန်မာနိုင်ငံ ကနေ ထိုင်းနိုင်ငံထဲကို ဆုတ်ခွာလာတဲ့ ချန်ကေရှိတ် (ကျန်ကျဲ့ရှီ) ရဲ့ ကူမင်တန် (ကေအမ်တီ) တပ်ကြွင်းတပ်ကျန်တွေက တည်ထားတဲ့ရွာ။ တောင်ထိပ်နားက သစ်တောလေးတွေရှိတဲ့ ဆင်ခြေလျှောက ဆာကူရာဟိုတယ်မှာ ကျနော်တို့ ခဏရပ်ပြီး နေ့လည်စာစားတယ်။ ဟိုတယ် ဆိုပေမယ့် ခနော်နီခနော်နဲ့ ဘန်ဂလိုလေးတွေနဲ့ စားသောက်ဆိုင် တဆိုင်ပဲ ရှိတာပါ။ ပိုင်ရှင် လေယွိထျန် ဆိုတဲ့လူပဲ။ ၁၉၈၀ မှာ တွမ့်ရှီးဝင် ကွယ်လွန်ပြီးတဲ့ နောက်ပိုင်း သူ့ရဲ့ ကျန်ရစ်ခဲ့တဲ့ ကေအမ်တီ တပ်တော် (၅) က အကြွင်းအကျန်တွေကို လေယွိထျန်က ဆက်လက် ဦးဆောင်ခဲ့တယ်။ [3] နေ့လည်စာစားပြီးတော့ ကျနော်တို့ကားနဲ့ လေတဖြူးဖြူးတိုက်နေတဲ့ ကားလမ်းလေး အတိုင်း သစ်တောလွှမ်းနေတဲ့ ကျေးလက်ဒေသကို ဖြတ်သန်းပြီး ချင်းဟိုင်းမြို့ဆီ ခရီးဆက်ခဲ့ကြပါတယ်။
တောင်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ကာကီရောင် ယူနီဖောင်းဝတ် လက်နက်ကိုင်တွေ နေရာယူထားတဲ့ လုံခြုံရေးကင်းကို ဖြတ်ခဲ့ရတယ်။ လေယွိထျန်ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ဝင်တွေပေါ့။ ကင်းတဲမှာ တာဝန်ကျနေတဲ့ လူငယ်လေးက သံတမန် ကားနံပါတ်ပြားနဲ့ ရေဒီယို အင်တီနာတိုင် အရှည်ကြီးပါတဲ့ ကျနော်တို့ တိုယိုတာ လင်ခရူဆာကားကြီးကို သိပ်စိတ်ဝင်စားပုံ မရပါဘူး။ ရန်ပုံခွင်းသေနတ်တွေ ကိုင်ထားတဲ့ လေယွိထျန်ရဲ့ စစ်သားတွေ ရွာနဲ့ ပတ်ဝန်းကျင်မှာ ကင်းလှည့်နေတာကို တွေ့ရပါတယ်။ ထိုင်းရဲတွေ ကျေးလက်ဒေသမှာ ကင်းလှည့်သလိုပါပဲ။ မယ်ဆလောင်းရွာဟာ ထိုင်းလူမျိုးတွေ နေတဲ့နေရာ မဟုတ်ပါဘူး။ တရားဝင်အရ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက အုပ်ချုပ်တယ် ဆိုပေမယ့် ထိုင်းအစိုးရ ဝန်ထမ်းတွေကို တယောက်မှ မတွေ့ရပါဘူး။
ဆက်ဆင်းလာတော့ သစ်တောတွေနဲ့ ခြုံပုတ်တောတွေ ကြားမှာ သစ်သီးခြံတွေ ကြိုကြားကြိုကြား တွေ့ရတယ်။ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားတာပါ။ အဲဒီမှာ အစိမ်းနုရောင် တိုက်ပွဲဝင် ဝတ်စုံနဲ့ စစ်သားတစုကို တွေ့လိုက်ရတယ်။ ခေတ်ဟောင်းက ကင်းဗက်ဖိနပ်တွေ စီးထားတယ်။ လူငယ်လေးတွေပဲ။ ကိုရီးယားစစ်ပွဲခေတ်က အမေရိကန်လုပ် အမ်−၁ ကာဘိုင်သေနတ်တွေနဲ့။ ပုခုံးမှာလည်း ကျည်ဆံပတ်ကြီးတွေ ချိတ်ဆွဲထားကြလို့။
နယ်စပ်တဖက်မှာ တိုက်နေကြတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးစစ်တပ်တွေထဲက တဖွဲ့ဖွဲ့လားလို့ ချက်ခြင်းပဲ ကျနော်တို့ အတွေးထဲမှာ ပေါ်လာတယ်။ ‘ဝ’ နဲ့ ခွန်ဆာ့လူတွေက တရုတ်စတိုင် ယူနီဖောင်းတွေ ဝတ်ကြလို့ ထိုင်းနိုင်ငံဘက်ကကြည့်ရင် တစိမ်းပြင်ပြင်ပဲ။ အရင်ကလည်း နှစ်ဖက်တပ်တွေ ထိုင်းနိုင်ငံဘက်က လက်လှမ်းမီတဲ့လမ်းတွေကို သုံးကြတယ်။ အဓိကကတော့ မြန်မာ့တပ်မတော်နဲ့ ပြိုင်ဘက် မူးယစ်ဂိုဏ်းတွေကို ရှောင်ချင်တာပါ။ ယူဒဗလျူအက်စ်အေ နဲ့ အက်စ်ယူအေ တို့ဟာ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အများအားဖြင့် ဒေသခံ ကုန်သည်တွေဆီက ဝယ်ကြတယ်။ နာမကျန်းနဲ့ ဒဏ်ရာရတဲ့လူတွေကို ထိုင်းနိုင်ငံ အရပ်ဘက်ဆေးရုံတွေမှာ မကြာခဏဆိုသလို ပို့ပြီးကုသကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ ပြဿနာမရှာကြဘူးဆိုရင် အဲဒီလို လှုပ်ရှားမှုတွေကို ထိုင်းအာဏာပိုင်တွေကလည်း လျစ်လျူရှုထားကြပါတယ်။
မယ်ဆလောင်းတောင်ခြေရောက်တော့ ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ ရပ်ပြီး လမ်းမှာ ကျနော်တို့ မြင်ခဲ့ရတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း သတင်းပို့လိုက်တယ်။ ရဲတွေက ဘာမှပူပန်နေပုံမရဘဲ ကျနော်တို့ မြင်ခဲ့ရတာက မယ်ဆလောင်းရွာက “တရုတ်စစ်သားတွေ” နယ်မြေအတွင်း ကင်းလှည့်နေကြတာပါတဲ့။ ကျနော်တို့က ပိုပြီးသေချာအောင် ကားကိုပြန်လှည့်ပြီး မောင်းတက်ခဲ့ပါတယ်။ အခုနက မြင်ခဲ့ရတဲ့စစ်သားတွေကို အနီးကပ်ကြည့်ဖို့ပေါ့။ ကင်းလှည့်တပ်ဖွဲ့ကိုတော့ မတွေ့ရတော့ဘူး။ ဒါပေမယ့် ကျနော်တို့ကားရပ်ပြီး လမ်းဘေး သစ်သီးခြံနားမှာ နားနေတဲ့ လူငယ်နှစ်ယောက်နဲ့ စကားပြောခဲ့ကြတယ်။ နှစ်ယောက်စလုံးက ၁၉ နှစ်အရွယ်လောက်ပဲ ရှိကြသေးပြီး ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ရှိကြပုံပေါ်ပါတယ်။ သူတို့ကိုယ်သူတို့ “တရုတ်စစ်သားတွေ” လို့ပြောပြီး သူတို့ဦးထုပ်ပေါ်က ချယ်ရီပန်းတံဆိပ်[4]ကို လက်ညှိုးထိုးပြပါတယ်။ တရုတ်စကားကိုသာ အဓိကပြောတတ်ကြပေမယ့် လူငယ်လေးတွေက ထိုင်းစာသင်ကျောင်းကိုတက်ဖူးလို့ ဘန်ကောက်က စံပြုထိုင်းစကားကိုလည်း ပီပီသသ ပြောနိုင်ကြပါတယ်။ နှစ်ယောက်စလုံးဟာ တရုတ်ဖြူတပ်က စစ်သားဖြစ်သူ ဖခင်တွေနဲ့ အာခါနဲ့ ရှမ်း တောင်ပေါ်သူ မိခင်တွေကနေ မွေးဖွားလာကြတာ ဖြစ်ပါတယ်။ [5]
သူတို့နှစ်ယောက်လိုပဲ အနီးအနားမှာနေကြတဲ့ တခြား တရုတ်−ထိုင်းကပြားတွေကိုလည်း မယ်ဆလောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရတယ်လို့ ရှင်းပြတာပါတယ်။ သူတို့အနေနဲ့ နေစရာရတယ်။ တနေ့ ထမင်းနှစ်နပ်စားရတယ်။ တလကို အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ ညီမျှတဲ့ လစာကိုရတယ်။ နှစ်နှစ်ပြည့်အောင် အချိန်ပြည့် တာဝန်ထမ်းဆောင်ပြီးရင် စစ်သားတွေအနေနဲ့ အရန်တပ်ဖွဲ့ဝင်အဖြစ် ကာလအကန့်အသတ် မရှိ ဆက်ရပ်တည်ရပါတယ်။ သူတို့ရဲ့ ကာဘိုင်သေနတ်တွေကို ကြည့်ရတာ သန့်ရှင်းသပ်ရပ်ပြီး ကောင်းကောင်းပစ်နိုင်သေးတဲ့ အနေအထားပါပဲ။ ကျည်အိမ်ထည့်တဲ့အိတ်တွေမှာလည်း ကျည်အိမ် အပြည့်ပါတဲ့အပြင် သေနတ်မှာလည်း ကျည်ဖြည့်ထားပါတယ်။ အနီးအနားက ယူဒဗလျူအက်စ်အေ နဲ့ အက်စ်ယူအေ တပ်ဖွဲ့တွေက ခေတ်မီရိုင်ဖယ်သေနတ်တွေ တပ်ဆင်ထားတဲ့ အကြောင်း ကျနော်ကပြောတော့ စစ်သားလေးတွေက သူတို့ဆီမှာ အမ်−၁၆ လိုမျိုး ခေတ်မီ ခြေလျင်တပ်ဖွဲ့သုံး လက်နက်တွေ လက်နက်တိုက်ထဲမှာ သိမ်းထားကြောင်း၊ မည်မည်ရရ မပြောနိုင်တဲ့ “အထူး” စစ်ဆင်ရေးတွေမှာ သုံးဖို့ဖြစ်ကြောင်း ပြန်ပြောပြပါတယ်။ ဒီလိုကိုယ်ပိုင်စစ်တပ်ထဲမှာ သူတို့အနေနဲ့ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ရေးနဲ့ တခြား တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကြောင်းတွေကို ပြောပြပါတယ်။ သူတို့က အရှိကိုအရှိအတိုင်း ပြောပြနေတာပါ။
သူတို့ရဲ့ အဓိကတာဝန်ဟာ မယ်ဆလောင်းရွာ အနီးအနားရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ စစ်သားလေးနှစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်က အဖြစ်အပျက်တခုအကြောင်း သူတို့က အသေးစိတ်ပြောပြပါတယ်။ ဒေသခံ အာခါ တောင်ပေါ်သားတချို့က ဘန်ထာတွမ်းက လာတဲ့လမ်းပေါ်မှာ ကားတချို့ကို ဓားပြတိုက်ပါတယ်။ အဲဒီနေ့စောစောက ကျနော်တို့ မောင်းလာခဲ့တဲ့ လမ်းပေါ့။ ဓားပြအတိုက်ခံရတဲ့ လူတယောက်က ဓာတ်ပုံချက်ခြင်းထွက်တဲ့ “ပိုလာရွိုက်” ကင်မရာလေး တလုံးနဲ့ သူ့ကားထဲက ငွေတွေကို ယူနေတဲ့ လက်နက်ကိုင် ဓားပြရဲ့ ပုံကို တိတ်တိတ်လေး ရိုက်ယူလိုက်တယ်။ အဲဒီခရီးသွားက မယ်ဆလောင်းရွာကို ရောက်တော့ ဓားပြအတိုက်ခံရတဲ့အကြောင်းကို ကေအမ်တီ စစ်သားတွေဆီ တိုင်တယ်။ ဓာတ်ပုံလည်း လက်ထဲရောက်နေပြီဖြစ်လို့ သူတို့နဲ့ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ ဓားပြတွေကို ရွာတရွာမှာ သွားဖမ်းနိုင်ခဲ့တယ်လို့ စစ်သားလေးတွေက ပြောပါတယ်။ ကျနော်တို့ကမေးတော့ ဓားပြတွေကို သူတို့တပ်က ပစ်သတ်လိုက်တယ်လို့ ပြန်ဖြေပါတယ်။ ခရီးသွားလုပ်ငန်း ဆိုတာ မယ်ဆလောင်းအတွက် အရေးကြီးတယ်လေ။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်လွန် ကာလတွေမှာ ထိုင်းကွန်မြူနစ်ပါတီကို တိုက်ခိုက်တုန်းက ဝင်ရောက် စစ်မှုထမ်းခဲ့တဲ့ မိသားစုဝင်တွေရှိလို့ သူတို့ကို ထိုင်းအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားကြောင်း စစ်သားလေးတွေက ရှင်းပြပါတယ်။ သူတို့ထဲက တယောက်ရဲ့ဖခင်က ထိုင်းဘုရင့်တပ်မတော် (အာရ်တီအေ) ကွပ်ကဲမှုအောက်မှာ ဝင်ရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တခြားတယောက်ရဲ့ အစ်ကိုကတော့ ၁၉၈၁ ခုနှစ် ခေါင်ယာတိုက်ပွဲမှာ မိုင်းနင်းမိရင်း ခြေတဖက်ပြတ်ခဲ့ပါတယ်။ ခေါင်ယာတိုက်ပွဲဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ကွန်မြူနစ် အုံကြွမှုကို အပြီးသတ် ချေမှုန်းလိုက်နိုင်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ရောက်တဲ့အခါ လူငယ်လေး နှစ်ယောက် စလုံးဟာ မှိုင်တွေသွားပြီး ကျနော်တို့ကို စကားဆက်မပြောနိုင်တော့ပါဘူး။ ဒါနဲ့ပဲ ကျနော်တို့ စကားဝိုင်းကို ရပ်ကာ နှုတ်ဆက်ကြပြီး ချင်းဟိုင်းမြို့ဆီ ခရီးဆက်ရပါတယ်။
၁၉၉၀ ဇန်နဝါရီလလောက်တုန်းကဆိုရင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အောက်မှာနေပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ကျနော်တာဝန်ထမ်းဆောင်ခဲ့တာ ခုနစ်နှစ်နီးနီး ရှိခဲ့ပါပြီ။ အရှေ့အာရှရဲ့ “ရွှေတြိဂံ” က ကေအမ်တီနဲ့ ပတ်သက်တဲ့သမိုင်းအကြောင်းကိုလည်း နည်းနည်းပါးပါး တီးမိခေါက်မိ ရှိပါပြီ။ ၁၉၉၀ ပြည့်နှစ်လွန်ကာလတွေမှာလည်း ချန်ကေရှိတ် စစ်တပ်က စစ်သားဟောင်းတွေဟာ နယ်စပ်ဒေသတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနဲ့ ဆက်စပ်နေတဲ့ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားအကြောင်းတွေကို သတင်းပို့ရတာက ကျနော့်ရုံးရဲ့ တာဝန်ဝတ္တရား တခုပါ။ ဒါကြောင့်ပဲ တနေ့ကြရင် တရုတ်အမျိုးသားဝါဒီ စစ်သားဟောင်းတွေအကြာင်း သူများကို ပြောပြရမယ်လို့ ကျနော်စိတ်ထဲမှာ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အငြိမ်းစားယူပြီးတဲ့နောက် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို အကြိမ်ကြိမ် ပြန်သွားပြီး ဒီစာအုပ်အတွက် လိုအပ်မယ့် အချက်အလက်တွေကို စုဆောင်းပါတယ်။ ထိုင်းအစိုးရဝန်ထမ်းတွေ၊ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ ကေတီအမ်အဖွဲ့ဝင်ဟောင်းတွေကို တွေ့ဆုံမေးမြန်းပါတယ်။ တရုတ်လို မတတ်တာရယ်၊ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်း) က သမိုင်းဝင် စာရွက်စာတမ်းတွေ ဖတ်ရှုနိုင်ဖို့ အခွင့်မသာခဲ့တာကတော့ ကျနော့်အားနည်းချက်တွေ ဖြစ်ပါတယ်။ အသင့်အတင့်နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။
နှစ်အတော်ကြာပြီးတဲ့နောက် ကျနော့်မိတ်ဆွေ အာရှတိုက်က ပုန်ကန်ထကြွမှုတွေ၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေ အကြောင်းရေးရာမှာ နာမည်ကျော်တဲ့ စာရေးဆရာ ဘာတီးလ် လင်တနာက ကျနော့်ကို ချန်ဝင်ဟွာနဲ့ မိတ်ဆက်ပေးပါတယ်။ ဝင်ဟွာဟာ ကုလသမဂ္ဂကနေ အငြိမ်းစားယူလာတာ မကြာသေးပါဘူး။ ပြီးတော့ ခွန်ဆာနဲ့ “ရွှေတြိဂံ” က တခြားမူးယစ်ရာဇာတွေ အကြောင်း တရုတ်လို စာအုပ်တအုပ်ရေးခဲ့ပါသေးတယ်။ နယူးယောက်မြို့မှာ နေ့လယ်စာစားရင်း ကျနော်နဲ့ ဝင်ဟွာ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံက ကူမင်တန်တပ် အကြောင်း သမိုင်းစာအုပ် တအုပ်ရေးဖို့ သဘောတူလိုက်ကြပါတယ်။ ကျနော်တို့ရဲ့ သုတေသနဟာ အစိုးရ မော်ကွန်းတိုက်နဲ့ စာရွက်စာတမ်းတွေ၊ ဘာသာစကား အမျိုးမျိုးနဲ့ ထုတ်ဝေထားတဲ့စာအုပ်တွေဆီကို ဦးတည်လိုက်ကြပါတယ်။ ပြီးတော့ အဲဒီအချိန်က အဖြစ်အပျက်တွေမှာ ပါဝင်ခဲ့သူတွေကိုလည်း မေးမြန်းထားပါတယ်။
ဝင်ဟွာ နဲ့ ကျနော်က တရုတ်နာမည်တွေကို အင်္ဂလိပ်အက္ခရာဖလှယ်တဲ့အခါ ဝိတ်−ဂျိုင်းရက်စနစ်ကိုပဲ သုံးပါတယ်။ ထိုင်ဝမ်းပြင်ပမှာ ကြီးစိုးနေတဲ့ ဖျင်းယင်းစနစ်ကို မသုံးပါဘူး။ ဒီလိုရွေးခြယ်တာဟာ ဒီစနစ်နှစ်ခုမှာ ဘယ်ဟာကကောင်းတယ် မကောင်းဘူးကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ကျနော်တို့ ပြောပြတဲ့ အကြောင်းအရာတွေ ဖြစ်ပျက်ခဲ့တဲ့ခေတ်မှာ ဝိတ်−ဂျိုင်းရက်စနစ်ကိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြတာမို့လို့ ဒီစနစ်ကိုသုံးတာ အသင့်လျော်ဆုံးဖြစ်မယ်ဆိုပြီး ရွေးခြယ်ခဲ့တာသာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီခေတ်က သမိုင်းဝင် စာရွက်စာတမ်းတွေမှာလည်း ဒီဝိတ်−ဂျိုင်းရက် စနစ်ဟောင်းကိုပဲ တပြေးညီ သုံးထားလို့ပါ။ မြန်မာနိုင်ငံထဲက ဆယ်ကျော်သက်အရွယ် ကေအမ်တီ စစ်သားလေး ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာ ချင်ယီဟွေရဲ့ အကူအညီကလည်း ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။ ထိုင်ဝမ်းမှာ စစ်မှုထမ်းခဲ့ပြီးတဲ့နောက် ဒေါက်တာချင်ဟာ အင်္ဂလန်ကနေ ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။ အရှေ့တောင်အာရှက ကေအမ်တီ တပ်ဖွဲ့ သမိုင်းနဲ့ပတ်သက်ပြီး တရုတ်ဘာသာနဲ့ အမြောက်အမြား ရေးသားခဲ့ပါတယ်။ ဒေါက်တာချင်ရဲ့ ကူညီမှု၊ ခင်မင်မှုတွေသာ မပါရင် ဝင်ဟွာနဲ့ ကျနော်ဟာ ဒီစာအုပ်ကို ပြီးအောင် ရေးနိုင်မှာ မဟုတ်ပါဘူး။ အများကြီးကျေးဇူးတင်ရပါတယ်။ ဒါ့အပြင် ကျနော် ဂျပန်မှာ နေခဲ့ရစဉ် ခင်မင်ခဲ့ရတဲ့ ဘူးရစ် ဆေးဘင် ကိုလည်း ကျေးဇူးတင်ရပါတယ်။ သူနဲ့ကျနော်ခင်မင်တာ နှစ် ၂၀ ရှိပါတယ်။ ကျနော်တို့ စာမူကို ပြင်ဆင်နေတဲ့အချိန်မှာ သူက တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဉာဏ်တွေ ပေးပါတယ်။ အထူးဝမ်းမြောက် ကျေးဇူးတင်ရတာကတော့ ကျနော့်ဇနီး ပက်ထရစ်ရှာ ပါပဲ။ ၄၅ နှစ်ကြာအောင် ကျနော့်ကို သည်းညဉ်းခံခဲ့သူဖြစ်ပြီး ဒီစာအုပ်ဖြစ်အောင် နှစ်အတော်ကြာ လိုက်လုပ်နေစဉ်မှာလည်း ကျနော့်ကို နားလည်ပေးခဲ့သူပါ။ သူက ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အထူးထောက်ခံသူပါ။ စာပြင်ပေးသူလည်း ဟုတ်ပါတယ်။ သူသာ မပါရင်လည်း ဒီစာအုပ်က ကောင်းကောင်းငမ်းငမ်း ဖြစ်လာမယ် မထင်ပါ။
ဒီစာအုပ်ဖြစ်မြောက်ရေး အဖွဲ့သားတွေအားလုံး ကိုယ်စား ပြောချင်တာကတော့− ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးအမြင်တွေ၊ သရုပ်ဖော်မှုတွေဟာ စာရေးသူတွေရဲ့ အာဘော်သာဖြစ်ပြီးတော့ အမေရိကန် ပြည်ထောင်စု အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းတွေရဲ့ တရားဝင် ရပ်တည်ချက်တွေ မဟုတ်ပါဘူး။
ရစ်ချက် အမ်၊ ဂစ်(ဘ်)ဆင်
ဘာသာပြန်သူမှတ်ချက်
(၁) ၁၉၉၀ ကာလတွေမှာ ခွန်ဆာ ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ မုန်းတိုင်းအာမီ (အမ်တီအေ) လို့ အမည်ပြောင်းပြီးဖြစ်ပေမယ့် မူရင်းစာရေးသူ ရစ်ချက် အမ်၊ ဂစ်(ဘ်)ဆင် တို့က ခွန်ဆာ့ မူရင်းတပ်နာမည်ဖြစ်တဲ့ အက်စ်ယူအေ ကိုသာ သုံးထားပါတယ်။
(၂) တရုတ် နေရာဒေသ နာမည်၊ လူနာမည်တွေကို မြန်မာစာနဲ့ ရေးပြနိုင်တဲ့ အနီးစပ်ဆုံး မန်ဒရင်း အသံထွက်အတိုင်း ရေးပါတယ်။ ချွင်းချက်အနေနဲ့ ကျန်ကျဲ့ရှီကိုတော့ မြန်မာတွေ နားရည်ဝနေတဲ့အတိုင်း ချန်ကေရှိတ် လို့ပဲ ရေးပါတယ်။
အောက်ခြေမှတ်စုများ
[1] “ဒွိုင်” ဆိုတာက ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပြောဆိုတဲ့ ဘာသာစကားမှာ “တောင်” လို့ အဓိပ္ပာယ်ရပါတယ်။
[2] “ဘန့်” ဆိုတာက ထိုင်းဘာသာစကားနဲ့ “ကျေးရွာ” လို့ ဆိုလိုပါတယ်။ မယ်ဆလောင်းရဲ့ အခု တရားဝင် နာမည်ဟာ ဆန္တိခီရိ လို့ဆိုပေမယ့် ယခင်နာမည်နဲ့ပဲ လူသိများပါတယ်။
[3] ထိုင်းအစိုးရကတော့ တရုတ် အမြဲတမ်းမဟုတ်သော တပ်ဖွဲ့ လို့ သတ်မှတ်ထားပေမယ့် အရှေ့တောင်အာရှမှာ ကျန်ရှိနေတဲ့ တရုတ် အမျိုးသားရေးဝါဒီ တပ်တော် (၅) နဲ့ တခြား တပ်ကြွင်းတပ်ကျန်တွေကို အများက ကူမင်တန်လို့ပဲ သိထားပါတယ်။ အတိုကောက်အားဖြင့် ကေအမ်တီ လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် စာရေးသူတွေ အနေနဲ့ ဒီအတိုင်းပဲ လိုက်နာပြီး ရေးပါတယ်။
[4] တပ်တော် (၅) က ချယ်ရီပန်းကို တံဆိပ်အနေနဲ့ သုံးပါတယ်။ ဂျပန်နာမည် ဆာကူရာ ဖြစ်ပါတယ်။
[5] ထိုင်း−မြန်မာ နယ်စပ်ဒေသမှာ နှစ်နိုင်ငံစလုံးမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက နှစ်မျိုး ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar