Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်နဲ့ ဒူးတိုက်ဆွေးနွေးပွဲ "

Photo- Moe Kyaw Thein 2020
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၁၂၊ ၂၀၂၁

မောင်သင်းခိုင်နဲ့ ဒူးတိုက်ဆွေးနွေးပွဲ
ဝင်းမင်းခိုင်


ဆရာဒဂုန်တာရာနဲ့ငါတို့က ရေးသူဖတ်သူဆွေးနွေးပွဲတွေကို ကြိုက်တယ်။
ကြမ်းတပြေးထဲ လက်ရေတပြင်စီး ထိုင်ပြီးသူ့အမြင်ကိုယ့်အမြင်၊ သူသိတာ ကိုယ်သိတာ သူ့အယူအဆ ကိုယ့်အယူအဆ၊ ဆွေးနွေးရတာ ဒီမိုကရေစီအပြည့်အဝရှိတယ်ကွ ဝင်းမင်းခိုင်ရ။ အပြန်အလှန်လေးစားမှုလဲ ရှိတယ်လေ။
စာပေဟောပြောပွဲတွေမှာ စင်ပေါ်ကပြောနေတဲ့စာရေးဆရာထက် ပိုပြီးစာဖတ် ပိုပြီးသိနေတဲ့ပရိဿတ်တွေ အများကြီးရှိတယ်။
တချို့စာရေးသူ‌တွေက စာပေဟောပြောပွဲလာနားထောင်တဲ့သူတွေကသူတို့လောက်မသိဘူးထင်ပြီး အပေါ်စီးက‌ဟောမိပြောမိတဲ့သူတွေတောင် ရှိသေးတယ်။

အကိုကြီးမောင်သင်းခိုင်ပြောတဲ့အဖြစ်မျိုး ကျနော် တခါကြုံဖူးတယ်ဗျ။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကြို့ပင်ကောက်မြို့နယ်ထဲကရွာကြီးတရွာက စာပေဟောပြောပွဲလုပ်ချင်တဲ့အကြောင်းအပူကပ်လာပါတယ်။
ကျနော်အပါဝင်ကျနော်တို့နဲ့ပတ်သက်သူတွေက ဟောမှာပြောမှာမဟုတ်တော့ အာကာဦး ကိုခင်မောင်ဇော် (ပေါင်းတည်) တို့နဲ့တိုင်ပင်ပြီး စီစဉ်‌ပေးလိုက်ပါတယ်။

အိမ်ရှင်ရွာသားတွေတင်မကဘူး၊ ခပ်ဝေးဝေးရွာတွေကပါလာနားထောင်ကြတော့ လူတော်တော်များပါတယ်။

သူ့အလှည့်ကိုယ့်အလှည့် အစီစဉ်အတိုင်းပြောကြရင်း နာမည်ကြီးစာရေးဆရာမကြီးအလှည့်ရောက်တော့ လူတွေစာဖတ်ဖို့လိုကြောင်း၊ ဘဝအတွက်ခွန်အားဖြစ်‌စေမယ့်ဘယ်လိုစာအုပ်တွေကိုဖတ်သင့်ကြောင်းပြောရင်းနဲ့ ဓမ္မိကဘသန်းဘာသာပြန်တဲ့ "ယောနသန်ဇင်ယော် "စာအုပ်ကိုဖတ်ဖို့ညွှန်းရင်းက အဲဒီစာအုပ်အကြောင်းကိုအခုလာနားထောင်တဲ့သူတွေကြားတောင်ကြားဖူးရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ကျနော့်ဘေးမှာထိုင်နေတဲ့ ရွာခံမိတ်ဆွေက ဝါသနာရှင်တွေစုပြီးထူထောင်ထားတဲ့ သူတို့ရွာစာကြည့်တိုက်မှာ ပထမအကြိမ်ထုတ်ကတည်းက ကဝယ်ထားတဲ့အကြောင်း၊ အဲဒီစာအုပ်စုတ်ခါနီးလို့နောက်ဆုံးအကြိမ်ထုတ်ကိုလည် းမကြာသေးခင်ကဝယ်ပြီးကြောင်း ပြောပါတော့တယ်။
ကျနော့်ဆီကစာအုပ်တွေ ငှားဖတ်ကြတဲ့အပြင် ဘယ်လိုစာအုပ်မျိုးတွေဝယ်သင့်သလဲ ဆိုတာလာတိုင်ပင်ကြ အလှုခံတတ်ကြပါတယ်။

ကျနော်မဝယ်ရသေးတဲ့စာအုပ်တွေတောင် သူတို့ဆီကယူဖတ်ဖြစ်ပါတယ်။ ကြားတောင်ကြားဖူးရဲ့လားဆိုတဲ့စကားကို သူ့အနေနဲ့မကြိုက်တဲ့ပုံပါ။
ကဲ ဒီလိုလုပ်ဗျာ။ သူတို့ဖက်က အချိန်ရရင် နောက်နေ့မနက်မှာ ရေးသူဖတ်သူဆွေးနွေးပွဲလေးလုပ်ဖို့ ကျနော်တိုင်ပင်လိုက်အုံးမယ် လို့ပြောလိုက်ပါတယ်။

ဟောလို့ပြောလို့ပြီးသွားတော့ အခုလာနားထောင်သူတွေထဲမှာ စာဖတ်တဲ့သူတွေပါတဲ့အကြောင်း စာအုပ်ကောင်းတွေစုပြီး စာကြည့်တိုက်လုပ်ထားကြတဲ့အကြောင်းပြောပြရပါတယ်။
ဖြစ်နိုင်ရင်နောက်နေ့မနက် ရေးသူဖတ်သူဆွေးနွေးပွဲလုပ်ဖို့ကျနော်ကတိုက်တွန်း‌ပေမယ့် ရန်ကုန်ကိုမနက်ပိုင်းပြန်ရောက်မှဖြစ်မှာလို့ ပြောတဲ့အတွက်ဆွေးနွေးပွဲမလုပ်ဖြစ်လိုက်ပါဘူး။
တချို့ဆို ဟောတာပြောတာတွေထပ်နေလို့ ဘယ်မြို့မှာ ဘာအကြောင်းဟောထားတယ်ဆိုတာ တေးထားရတယ်တဲ့ကွ။
တကူးတကလာနားထောင်တဲ့ ပရတ်ဿတ်တွေက ဟာသတွေပြောတာ၊ သီချင်းတွေဆိုပြတာထက်ပိုလေးနက်တာတွေကို မျှော်လင့်တာ။
အရင်တုန်းကတော့ စာဆိုတော်လရောက်ရင် စာရေးဆရာကြီးတွေ ကဗျာဆရာကြီးတွေကိုစရိတ်စကခံပြီးဖိတ်ကြ၊ ဝါသနာရှင်တွေက တလေးတစားနားထောင်ကြ၊ ပြန်ရင်ဒေသထွက်ပစ္စည်းလေးတွေလက်ဆောင်ပေးကြနဲ့ နွေးထွေးတယ်ငါ့ညီရ။

နောက်ပိုင်းငါကြားရတာတော့ ဘယ်စာရေးဆရာဆိုရင် ဟောပြောပွဲတပွဲကို ဘယ်နှသိန်းဆိုပြီး ကြေးစားတွေဖြစ်ကုန်တယ်လို့ကြားတယ်။
စောစောကပြောခဲ့သလို အကြောင်းရာတွေမထပ်အောင်စာစီထားရပြီး ဘယ်မြို့မှာဘယ်အကြောင်းကဟောပြီးသားဆိုတာပါ တေးမှတ်ထားရသတဲ့ ငါ့ညီရေ့။
ရေးသူဖတ်သူဆွေးနွေးတာကတော့ စာဖတ်သူက သူကြိုက်တဲ့အကြောင်းရာကိုသူရွေးချယ်ပြီးဆွေးနွေးမယ်၊ သူ့အမြင်သူ့သဘောထား သူ့အယူအဆ၊ သူ့ဖြတ်သန်းမှုတွေနဲ့အကဲဖြတ်မယ်လက်ခံနိုင်တယ် လက်မခံနိုင်ဘူးဆိုတဲ့အဆုံးဖြတ်တွေပေးလို့ရမယ်၊ မတူတာတွေကိုငြင်းခုန်ခွင့်ရမယ်၊ ငြင်းခုန်ဆွေးနွေးရင်းနဲ့ အဖြေမှန်တခုဆီဆိုက်ရောက်သွားမယ်၊ နောက်တခုက ရေးသူရဲ့အရည်အသွေးကော ဖတ်သူရဲ့ပကတိအနေအထားကိုပါ သိသွားနိုင်တာပေါ့။
ရေးသူရောဖတ်သူပါ ကိုယ့်မှာဘယ်အစိတ်ပိုင်းက အားကောင်းပြီး ဘာတွေကလိုနေသေးတယ်ဆိုတာလဲသိနိုင် ဖြည့်ဆည်းနိုင်တာပေါ့။

ဒါကတော့ စာပေဟောပြောပွဲတွေကို ဆရာဒဂုန်တာရာတို့ မောင်သင်းခိုင်တို့ လိုက်မဟောဖြစ်တဲ့အကြောင်းတွေပဲ ငါ့ညီရေ။

ချစ်တဲ့
ဝင်းမင်းခိုင်
၁၁.၉.၂၁
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar