Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၁

ကြိုတင်ပြင်ဆင်မှုနဲ့ တိုက်ပွဲ


အရေးပေါ်အခြေအနေကြေညာပြီးနောက်  ၄ ရက်မြောက်နေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကြားသိရတဲ့ အဖြစ်အပျက်တခုကတော့ ဂန့်ဂေါမြို့နယ်မြင်သားရွာမှာ ကျေးရွာကာကွယ်ရေးဖွဲ့ထားတဲ့ လူငယ်တွေနဲ့ လူကြီး ၂ ဦး စုစုပေါင်း ၁၇ ဦး စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် တနေ့ထဲ သေဆုံးရတဲ့သတင်းက ဒီနေ့ ဖြစ်ပွားတဲ့ သတင်းတွေအားလုံးကို ဖုံးလွှမ်းသွားပါတယ်။ 

နေ့ခင်းမှာ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဓာတ်ပုံတချို့မှာ သေဆုံးသွားတဲ့ ကျေးရွာသားတွေကို မီးသင်္ဂြိုဟ်ဖို့ ထင်းတုံးတွေပေါ် အလျားလိုက်တင်ထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ပစ်သတ်လို့ သေဆုံးသွားတာ စုစုပေါင် ၁၆ ဦးဖြစ်ပြီး လက်နက်ကြီးကျလို့ လက်ပြတ်ပြီးသေဆုံးရသူတဦးနဲ့ဆို ၁၇ ဦး ကျေးရွာသားတွေက မီးသင်္ဂြိုဟ်ပေးဖို့လုပ်ဆောင်ခဲ့ကြစဉ် ကျေးရွာက မှတ်တမ်းယူထားတဲ့ ဓာတ်ပုံကို မြင်တွေ့ရတဲ့သူတိုင်းက အဖြစ်အပျက်ကို မခံစားနိုင်ကြပါဘူး။ 

ဆယ်ယောက်ကျော်တဲ့လူငယ်တွေ ခေါင်းတွေ ရင်ပတ်တွေမှာ သေနတ်ဒဏ်ရာနဲ့ သေွးစွန်းနေတဲ့မြင်ကွင်းတွေ၊ ထင်းပုံပေါ်မှာ တန်းစီတင်ထားပြီး မီးမသဂြိုဟ်မီမြင်ကွင်းဟာ အခု စစ်တပ်အာဏာသိမ်းပြီး ဖြစ်ပွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေး ကို ထင်ဟပ်တဲ့ ဓါတ်ပုံတပုံအဖြစ် ဓါတ်ပုံကိုမြင်တွေ့ရသူတိုင်းရဲ့ မျက်စေ့ထဲ ကြာရှည်စွာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

စစ်တပ်ရဲ့ လူနေအိမ်တွေကို မီးရှို့မှု၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယက်မှု ၊ ဖျက်ဆီးမှုတွေနဲ့အတူ ပီဒီအက်ဖ်လို့ခေါ်တဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင် တွေကိုရော အတူနေထိုင်ကြတဲ့ ရွာသားတွေကိုပါရောပြီး သတ်ဖြတ်တာတွေက စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်။

ရက်စက်ပြီး အစိုးရလို့ အမည်ခံထားပေမယ့် အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့မညီတဲ့ ဖျက်ဆီးမှု၊ နှိပ်စက်ညှင်းပန်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေလုပ်ဆောင်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်၊ တဖက်မှာလည်း NUG အစိုးရက ဖွဲ့စည်းထားပြီလို့ဆိုတဲ့ PDF တပ်ကို မျှော်လင့်နေမှုတွေရှိသော်လည်း ခုချိန်ထိ NUG အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုရမယ်ထင်ပါတယ်။

အခု ဖြစ်ပွားနေတဲ့ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ NUG ကဖွဲ့ထားတဲ့ PDF ရဲ့ အမိန့်အောက်မှာ ရှိ/မရှိ မသေချာပါဘူး။ အလားတူပဲ သူတို့အနေနဲ့ စစ်ရေး လေ့ကျင့်မှုသင်တန်းလိုမျိုး၊ ရှိသင့်ရှိထိုက်တဲ့ လက်နက်တွေ မကိုင်နိုင်ကြသေးတာတွေ့ရပါတယ်။

ဒေသအလိုက် လုပ်ဆောင်ထားတဲ့ တူးမီး လို အမဲလိုက်သေနတ်တွေပဲ အများစုကိုင်ဆောင်ကြပြီး ဒေသကာကွယ်ရေး အဖွဲ့တွေအကြား ဆက်သွယ်ချိတ်ဆက်ပြီး ပူးေပါင်း လှုပ်ရှားတာမျိုး၊ စစ်ရေးနားလည်သူ အတွေ့အကြုံရှိသူတွေက အမိန့်ပေး ပြီးတိုက်ခိုက်ကြတာမျိုးဟုတ်ပုံမရကြပါဘူး။

ဒီလိုအခြေအနေအောက်မှာ NUG အနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ တော်လှန်ရေး တိုက်ပွဲကို စတင်ပြီလို့ နှိုးဆော်လိုက်တာဟာ လုံလောက်တဲ့ ပြင်ဆင်မှုရှိရဲ့လား ဆိုတဲ့မေးခွန်းက လူထုကြားထဲ ထွက်ပေါ်လာတာတွေ့ရပါတယ်။

လက်နက်ကိုင်တိုက်ပွဲမှာ အကျအဆုံးများခဲ့ရင် ဦးဆောင်သူတွေ၊ တာဝန်ရှိသူတွေ အနေနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ လိုသလို တာဝန်ခံရမယ့် ကိစ္စရှိရင်လည်း တာဝန်ခံ ပြောဆိုကြဖို့လိုအပ်မယ်လို့ မြင်ပါတယ်။

အခုအဖြစ်အပျက်မှာ အသတ်ခံလိုက်ကြရတဲ့ အထဲ အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသားတဦးလည်း ပါဝင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်တွေက လက်နက်ကိုင်တပ်ဖွဲ့ထဲ ပါဝင်တယ် ဒါမှမဟုတ် ပတ်သက်တယ်လို့ ယူဆတာနဲ့ အသက်ပြည့်တာ မပြည့်တာတွေ ထည့်သွင်းမစဥ်းစားပဲ သတ်ဖြတ်တာလည်း ဖြစ်သလို တဖက်မှာလည်း ခုခံရေး ၊ တော်လှန်ရေး အတွက်လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စည်းရုံးရာမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့သူတွေကို မပါဝင်ဖို့ သတ်သတ်မှတ်မှတ် မူဝါဒ စည်းကမ်း ချမှတ်ထားသင့်တယ်လို့ ထင်ပါတယ်။

အခု သာဓက ဖြစ်ရပ်ဖြစ်တဲ့ မြင်သားရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟာ သက်ဆိုင်ရာ ဒေသရဲ့ NUG ပီဒီအက်ဖ်နဲ့ ချိတ်ဆက်လုပ်ဆောင်မှု ရှိတာလား၊ ဒါမှမဟုတ် ထီးထီးဖွဲ့စည်းထားပြီး ဒေသလုပ် လက်ဖြစ်သေနတ်တွေနဲ့ပဲ ခုခံတိုက်ခိုက်ဖို့ ဖွဲ့စည်းထားတာလား ဆိုတာလည်း မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အရေးတော်ပုံ ထောက်ခံသူတွေထဲမှာ အခုလိုမေးခွန်းတွေ ထွက်ပေါ်လာနေတာကို အရေးတော်ပုံကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လျစ်လျူမရှုပဲ တုံ့ပြန်ရှင်းလင်း ဖို့လိုအပ်မယ်လို့ ယူဆပါတယ်။ စစ်ပွဲတပွဲကို တိုက်မယ်ဆိုရင် နိုင်နိုင်ခြေရှိတဲ့ စစ်ပွဲဖြစ်ဖို့ကြိုတင် ပြင်ဆင်ဖို့၊ လေ့ကျင့်ဖို့ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ၊ အခုအဖြစ်အပျက် အပေါ် သင်ခန်းစာယူဖို့ လိုမယ်ထင်ပါတယ်။

အကယ်၍ အခု မြင်သားရွာ အဖြစ်က ဒေသအလိုက်ထွက်ပေါ်လာတဲ့ ပီဒီအက်ဖ် ၊ ဒေသခံတွေသူတို့ဘာသာ သီးခြားဖွဲ့စည်းထားပြီး ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရှိသေးဘူးဆိုတာမျိုး အခြေအနေဆိုခဲ့ရင်လည်း NUG အနေနဲ့ အဲလိုအဖွဲ့တွေအတွက် ဘာတွေ လုပ်ဆောင်သင့်တယ် ဘယ်လို နည်းလမ်းတွေနဲ့ လှုပ်ရှားလုပ်ဆောင်သင့်တယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ သတင်းစကားပါးဖို့လိုအပ်မယ် ထင်ပါတယ်။

NUG အနေနဲ့က တနိုင်ငံလုံးရဲ့ အရေးကိစ္စတွေမှာ တာဝန်ရှိနေပြီး အဆိုးအကောင်းတုံ့ပြန်ပြောဆိုဖို့ လိုအပ်ချက် ဖြည့်ဆည်းဖို့တို့ကို တတ်နိုင်သလောက် လုပ်ပေးဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar