မောင်မောင်စိုး - မြန်မာပြည်၏လက်ရှိ စစ်ရေး၊ စီးပွားရေး ၊ နိုင်ငံရေး (၂)
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၁
စီးပွားရေး
ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်ကထဲက စီးပွားရေးက စတင်ထိခိုက်ပြီဖြစ်သည်။ အဓိက ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် ၎င်းနှင့်ဆက်စပ်နေသော လုပ်ငန်းများ၊စား သောက်ဆိုင်လုပ်ငန်းများစတင်ထိခိုက်သည်။ ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်မှုအကြပ်အတည်းကြောင့် အထည်ချုပ်စက်ရုံလုပ်ငန်းများလည်းထိခိုက်သည်။ ကျောင်းများရက်ရှည်ပိတ်ရ၍ ပညာရေးနှင့်ဆက်စပ်သည့် လုပ်ငန်းအားလုံးထိခိုက်သည်။ သို့သော်လည်း ထိုကိုဗစ်ကာလ ပထမနှစ်အား စီးပွားရေးအရ တောင့်ခံနိုင်ခဲ့သေးသည်။ မြန်မာငွေကြေးဖေါင်းပွနှုံး ၃% အောက်တွင်သာရှိသည်။ ဒေါ်လာဈေး မတက်သဖြင့် ပြည်ပကတင်သွင်းရသည့်ကုန်များဈေးမတက်။ ထို့ပြင် လောင်စာဆီဈေးမတက်သဖြင့် ပြည်တွင်းထွက်ကုန်များလည်း သိသိသာသာဈေးတက်သည်ကိုမတွေ့ရ။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် သိသိသာသာပြောင်းလဲသွားသည်။ ပြည်တွင်းနိုင် ငံရေးတည်ငြိမ်မှု ပျက်ပြားသွားသည်။ လူထုအုံကြွဆန္ဒပြမှုများ ကာလရှည်ဖြစ်ပွားသည်။
အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမျုကြောင့် အစိုးရယန္တယားအချို့ ရပ်တန့်သွားသည်။ အချို့ တုန့်ဆိုင်းသွားသည်။ နိုင်ငံရေးအခြေအနေကို ယုံကြည်မှုပျက်ပြားသွားသည့် နောက် ဘဏ်များတွင် အပ်နှံထားသည့်ငွေများကို အလုအယက်ထုတ်ယူကြရာမှ ဘဏ်အပ်နှံငွေများ ထုတ်ယူခွင့်ဆိုင်းငံ့ခံရသည်။ ငွေလွှဲစနစ်လည်း မှန်တမ်းမလည်ပတ်နိုင်တော့။ ဘဏ်မှ ငွေကြေးအလွှဲအပြောင်း၊ ငွေထုတ်ယူမှုများအား ရာခိုင်နှုံးပေးမှ ထုတ်ယူ ၍ရသည့်အခြေအနေသို့ဆိုက်ရောက်လာသည်။ သို့ဖြစ်ရာ ပုံမှန်လည်ပတ်နေသည့် ဘဏ်စနစ် တုန့်ဆိုင်းသွားသည်။
တချိန်တည်းတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လှိုင်သာယာစက်မှုဇုံမှ စက်ရုံ ၂၀၀ ကျော်၊ သီလဝါစက်မှုဇုံမှ စက်ရုံ ၃၀ ကျော်ရပ်ဆိုင်းသွားသည်။
ပြည်ပရင်းနှီးမြှုပ်နှံများ
ထပ်မံဝင်ရောက်မှု တုံ့ဆိုင်းသွားသည်။ ပြည်ပရင်းနှိးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်း၊ ရှိသည့်ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွါခြင်းနှင့်ပတ်သက်သည့် မတူသည့်စဉ်းစားမှုများတွေ့ရသည်။ အချို့နိုင်ငံများက နိုင်ငံရေး ၊စီးပွါးရေးစံနှုံးများနှင့် တိုင်းတာကြသည်။ သူတို့စံနှုံးများနှင့်မကိုက်လျင် ရင်းနှီးမြှုပ်နှံလာမလုပ်သကဲ့သို့ ရှိပြိးသားရင်းနှီးမြှုပ်နှံမှုအားလည်း ပြန်လည်ထုတ်ယူရပ်ဆိုင်းလေ့ရှိကြသည်။ အချို့နိုင်ငံများကတော့ နိုင်ငံရေး၊ စီးပွါးရေးစံနှုံးများကိုကြည့်သည်ထက် တိုင်းပြည်၏ တည်ငြိမ်မှုကို ကြည့်လေ့ရှိသည်။ တိုင်းပြည်တည်ငြိမ်လျင် ရင်းနှီးမြှုပ်နှံကိုလုပ်သည်။ တိုင်းပြည်တည်ငြိမ်မှုမရှိလျင် ရင်းနှီးမြှုပ်နှံလေ့မရှိ။ သူတို့အရင်းအနှီးများ ထိခိုက်နိုင်မှုနှင့် ဆုံးရှုံးနိုင်ချေကို တွက်ဆကြသည်။ ထို့ပြင် သူတို့တရားဝင် ယူဆောင်လာရမည့် ရင်းနှီးမြှုပ်နှံရမည့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်နှုံးနှင့် ပြင်ပပေါက်ဈေးကွာဟမှုကိုလည်း ထည့်သွင်းတွက်ချက်လေ့ရှိသည်။
နစက တာဝန်ယူပြီး နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခန့်ခွင့်ပြုထားသော်လည်း ယနေ့တိုင် သိသိသာသာဝင်မလာခြင်းသည် အထက်ပါအကြောင်းအချက် တခုမဟုတ် တခုနှင့်ညိနေ၍ဖြစ်ပုံရသည်။ သို့သော် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာ အနေအထားကိုကြည့်၍ နောင်အနာဂါတ်အတွက် ရှိပြိးသားရင်းနှီးမြှုပ်နှံမှုများအားတောင့်ခံထားရန်စဉ်းစားသည့် နိုင်ငံများရှိသကဲ့သို့ ရုရှားကဲ့သို့ အသစ်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်စဉ်းစားသည့်နိုင်ငံများလည်းရှိသည်။ ထို့အတူ တရုတ်ကဲ့သို့ မြန်မာပြည်နှင့်ပတ်သက်သည့် သူ၏စီးပွားရေးသေနင်္ဂဗျူဟာခြေလှမ်းများကို ဆက်လက်ပြင်ဆင်နေသည့် နိုင်ငံများလည်းရှိသည်။ သို့သော် သူတို့စဉ်းစားမှုများသည် မြန်မာပြည် တည်ငြိမ်မည့် အခြေအနေကိုမျှော်မှန်း၍ စောင့်ဆိုင်းပြင်ဆင်နေခြင်းဖြစ်သည်။ လောလောဆယ် လုပ်ကိုင်ရန်ထက် နေရာဦးထားရန် ရည်ရွယ်ထားကြသည်။
ထို့ပြင် ငွေကြေးလည်ပတ်မှု အခက်အခဲကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ အကြပ်အတည်းဆိုက်သည်။ အလုပ်လက်မဲ့ သိန်းအချို့ထွက်ပေါ် လာသည်။ လုပ်ငန်းကြီးများရပ်ဆိုင်းသည်နှင့် ဆက်စပ်လုပ်ငန်းငယ်များလည်း ထိခိုက်လာသည်။ စားသောက်ကုန်နှင့် ပတ်သက်သည့်လုပ်ငန်းများ လည်ပတ်နေသေးသော်လည်း ၃၀% ခန့်ထိကျဆင်းသွားသည်ဟု လုပ်ငန်းရှင်များကဆိုကြသည်။ သို့နှင့် တိုင်းပြည်၏ GDP သည် အနှုတ် ၁၈% ကျော်ထိ ကျဆင်းသွားသည်။ ထိုအခြေအနေအောက်တွင် နိုင်ငံရေးအခြေအနေကြောင့် ပြည်ပအကူအညီနှင့်ပြည်ပချေးငွေများလည်း တုံ့ဆိုင်းနေရာ နိုင်ငံစီးပွားရေးပိုကြပ်လာသည်။ ထို့ပြင် နစကအား လူထု၏အံတုမှုဖြစ်သည့် မီတာခမဆောင်ခြင်း၊ ထီမထိုးခြင်းခြင်းတို့ကြောင့် အစိုးရ အသုံးစားရိတ်လျော့နည်းသည်။ တနှစ်လျင် မြန်မာကျပ်ငွေဘီလျံ ၁၂၀ ကျော် ရောင်းရသည့် ထီမှာ ယခင်ထက် ၁၀% ခန့်သာရောင်းရတော့သည်။ ပဲ၊ပြောင်း
စသည်တို့ ဈေးကောင်းရနေသော်လည်း တရုတ်နယ်စပ်ဂိတ် ပိတ်နေသည်မှာ ၃ လနီးပါးခန့်ရှိလာပြီဖြစ်သည်။ တရုတ်နယ်စပ်ဂိတ်များပိတ်ဆို့မှုကြောင့် ဒေါ်လာ သန်း ၁၀၀၀ ဖိုးခန့် အရောင်းအဝယ် နစ်နာသွားခဲ့သည်ဟုဆိုသည်။ ၂၀၂၀ ခုနှစ် ဇူလလိုင်အထိ ၁၀ လအတွင်းကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃၆၈ သန်းရှိခဲ့ပြီး ယခင်ကာလထက် ကုန်သွယ်မှု ပမာဏ ၂၂% ကျဆင်းခဲ့သည်ဟုဆိုသည်။
ထို့သို့အခြေအနေများအောက်တွင် မြန်မာငွေဖေါင်းပွနှုံးသည် တဖြေးဖြေးမြင့်တက်လာသည်။ ၂၀၂၁ ခုနှစ် ဇန္နဝါရီလက တဒေါ်လာ ၁၃၀၀ ရှိရာမှ စက်တင်ဘာလကုန်ပိုင်းတွင် တဒေါ် လာ ၂၃၀၀ ကျော်သွားသည်။ ဇန္နဝါရီလက ရွှေတကျပ်သား ၁၃ သိန်းရှိရာမှ စက်တင်ဘာ လကုန်ပိုင်းတွင် ကျပ်သိန်း ၂၀ ကျော်သွားသည်။ မြန်မာငွေကြေးဖေါင်းပွနှုံးသည် အာစီယံတွင်အမြင့်ဆုံးဖြစ်သည်။ လူထုလက်ထဲတွင်ရှိသည့် မြန်မာငွေများ တန်ဖိုးတဝက်ခန့် ကျဆင်းသွားသည်။ ငွေကြေးဖေါင်းပွမှုနှင့်အတူ နိုင်ငံခြားမှ တင်သွင်းသည့်ပစ္စည်းများ ဈေးတက်သွားသည်။ ပြည်ပကတင်သွင်းရသည့် လောင်စာဆီဈေးတက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစားရိတ်တက်ပြီး ပြည်တွင်းထွက်ကုန်များပါ ဈေးလိုက်တက်သည်။ ယခုချိန်ထိ ငွေကြေးဖေါင်းပွမှုနှုံးရပ်တန့်နိုင်ချေ မရှိဟု အများကရှုမြင်ကြသည်။ ငွေကြေးဖေါင်းပွနေသော်လည်း အလုပ်အကိုင်ရှားပါးမှု၊ လျော့ကျမှုကြောင့် လူအများလက်ထဲတွင် ငွေရှားပါးမှုစတင်ဖြစ်ပေါ်နေသည်။ လူလတ်တန်းစားများအနေနှင့် စုဆောင်းထားရှိသည်များကို ထုခွဲရောင်းချ၍ အချိန်တခုတောင့်ခံနိုင်သေးသော်လည်း အခြေခံလူတန်းစားများစတင် အကြပ်အတည်း တွေ့နေပြီဖြစ်သည်။
ကိုဗစ်ကာလ စီးပွါးရေးထိခိုက်မှုများအား နိုင်ငံရေးမတည်ငြိမ်မှုကထပ်ဆင့်ရာ ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ဖြစ်သည်။ စစ်ရေးအရ ထိခိုက်မှုက ဖြစ်ပွါးနေသည့်နေရာများတွင် တိုက်ရိုက်သက်ရောက်သော်လည်း ကျန်ဒေသများသို့ သွယ်ဝိုက်၍သာသက်ရောက်သည်။ ငွေကြေးဖေါင်းပွခြင်း၊ ကုန်ဈေးနှုံးကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းစသည့် စီးပွါးရေးအရထိခိုက်မှုက တပြည်လုံးအတိုင်းအတာဆောင်ပြီး မည်သူမျှပြေးမလွတ်။ ချမ်းသာကြွယ်ဝသူအချို့မှအပ လူအများစုကြီးအား သက်ရောက်မှုရှိသည်။ အခြေခံအားဖြင့် ဘဏ်စနစ်လည်ပတ်မှု၊ ငွေကြေးဖေါင်းပွမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံတကာအကူအညီရရှိမှုတို့နှင့်ပတ်သက်၍ မှန်ကန်စွာဖြေရှင်းနိုင်မှသာ လတ်တလော စီးပွါးရေးအကြပ်အတည်းကို ယာယီဖြစ်စေ ကျော်နိုင်ပေလိမ့်မည်။ ရေရှည်ဖြေရှင်းရမည့် အကြောင်းအရာတွေက များစွာသေးသည်။ သို့သော် ဖြေရှင်းရန် လွယ်ကူလှသည်တော့မဟုတ်ပေ။ စစ်ရေး၊ စီးပွါးရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မှ ရပေလိမ့်မည်။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar