Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၅) ပြန်လည်ရှင်သန်လာတဲ့ တရုတ်ဖြူ


စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၁၅) ပြန်လည်ရှင်သန်လာတဲ့ တရုတ်ဖြူ
စက်တင်ဘာ ၂၉၊ ၂၀၂၁

၁၉၅၇ ခုနှစ် အစောပိုင်းမှာ လျိုယွမ်လင်က သူ့ဌာနချုပ်ကို တန်အော် ကနေ မဲခေါင်မြစ်ကြောင်း အတိုင်း မိုင် ၂၀ လောက် ထပ်ဆန်တက်သွားရင် ရောက်တဲ့ ကျိုင်းလပ် ဆီ ရွှေ့လိုက်ပါတယ်။ ကျိုင်းလပ်မှာ ဖုချင်းယွင် ရဲ့ တပ်တော် (၂) က နေရာထိုင်ခင်း အသစ်တွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ မြန်မာတွေနဲ့ နားလည်မှု ယူထားတဲ့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက်အရ တရုတ်ဖြူတပ်တွေဟာ ကျိုင်းလပ်နဲ့ မဲခေါင်မြစ် တလျှောက်မှာပဲ လှုပ်ရှားနေကြပါတယ်။ ပြဿနာအိုးကြီး တွမ့်ရှီးဝင် ကတော့ လွယ်တုံး စခန်းကနေ နေရာရွှေ့ဖို့ ငြင်းဆန်ပါတယ်။ တရုတ်ဖြူတပ်တွေ နေရာရွှေ့ပြီး ပုန်းနေကြတာမို့လို့ မြန်မာစစ်တပ်ကလည်း ပြည်တွင်းက လူမျိုးစု သူပုန်တွေကို ဇောက်ချပြီး တိုက်ပါတော့တယ်။ ၁၉၅၇ နဲ့ ၁၉၅၈ အတွင်း မြန်မာအာဏာပိုင်တွေနဲ့ တရုတ်ဖြူတွေ အကြား ပြဿနာတက်တာ သိပ်မရှိလှပါဘူး။ တရုတ်ဖြူတွေက သူ့တို့ဘာသာ ငွေရှာတဲ့ အလုပ်တွေနဲ့ ရှုပ်နေပြီး အဖွဲ့အတွင်းမှာ တကျက်ကျက်နဲ့ စကားများလို့ မဆုံးကြပါဘူး။ ထိုင်ပေက ဖိအား ပြင်းပြင်းထန်ထန်ပေးလာတဲ့အခါကြမှသာ လျိုယွမ်လင်က မတိုက်ချင် တိုက်ချင်နဲ့ ယူနန်ဘက် ရည်မှန်းချက်တွေကို ရှားရှားပါးပါး စစ်ဆင်ရေး အသေးစားလေးတွေ သွားလုပ်ပါတယ်။

၁၉၅၇ အစောပိုင်းမှာ လျိုယွမ်လင် က မုတ်သုံစစ်ဆင်ရေး နာမည်နဲ့ စီမံချက်ဆွဲပါတယ်။ ပေကျင်းကနေ ပြည်သူပိုင်သိမ်းတဲ့ အစီအစဉ်နဲ့ ကွန်မြူနစ်တွေရဲ့ တခြားစီးပွားရေးနဲ့ဆိုင်တဲ့ အမှားအယွင်းတွေကြောင့် ထကြွတော်လှန်အောင် လူထုကို လှုံ့ဆော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ မေလအတွင်း ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ဒေသထဲက ရည်မှန်းချက်တွေကို ဝင်ရောက်တိုက်ခိုက်မယ့် ဒီစစ်ဆင်ရေးမှာ လူ ၄၀၀ သုံးမယ်ဆိုပြီး လွီဝေယင်းရဲ့ တပ်တော် (၁) က အဓိက ထုတ်နုတ်ပါတယ်။ လွီဝေယင်းက သူ့စစ်သားတွေကို ထုတ်ပေးချင်စိတ် မရှိဘဲ ပေးလိုက်ရတယ်။ အောင်မြင်ဖို့ အခွင့်အလမ်း အနည်းငယ်ပဲ ရှိပေမယ့် မုတ်သုံစစ်ဆင်ရေးဟာ လျိုယွမ်လင်ရဲ့ “တိုက်ခိုက်လိုစိတ်” ကို ထိုင်ပေက သိအောင် ပြနိုင်လိမ့်မယ်။ ပိုဆိုးတာကတော့ လွီဝေယင်း တို့လိုမျိုး ပြဿနာအိုး နောက်လိုက်တွေကြောင့် စစ်ဆင်ရေးကို ပိုပြီး အားနည်းစေတယ်။ အဓိပ္ပာယ်မရှိ အချည်းနှီးသာဖြစ်တဲ့ စစ်ဆင်ရေးမှာ ပါဖို့ဝန်လေးနေတောကြောင့် လွီဝေယင်း က သူဖျားနေတယ်ဆိုပြီး စစ်ဆင်ရေးမှာ လိုက်သွားဖို့ ငြင်းပါတယ်။ ဒါကြောင့် မုတ်သုံစစ်ဆင်ရေးကို ဆိုင်းငံ့ထားလိုက်ရတယ်။

သိပ်ပြီးစိတ်မရှည်တော့တဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်တော် အတွင်း မညီညွတ်မှုကို ဖြေရှင်းပြီး မုတ်သုံစစ်ဆင်ရေးကို အမြန်စတင်နိုင်ဖို့ ဩဂတ်လမှာ ကျိုင်းလပ်ကို စစ်ဆေးရေးအဖွဲ့ တဖွဲ့ လွှတ်လိုက်ပါတယ်။ ထိုင်ပေက ဖိအားပေးလာတာကြောင့် လျိုယွမ်လင် ဟာ စစ်ဆင်ရေးကို ၁၉၅၇-၁၉၅၈ ပွင့်လင်းရာသီ အစဖြစ်တဲ့ နိုဝင်ဘာလမှာ စဖို့ စီစဉ်လိုက်တယ်။ လျိုယွမ်လင် က တပ်တော်မှူး ဖြစ်တဲ့ လွီဝေယင်း ကို ကျော်ပြီး ယူနန်ကို ဝင်တိုက်ဖို့ တပ်တော် (၁) က တပ်မသုံးခုကို တိုက်ရိုက် အမိန့်ပေးတယ်။ အင်တင်တင် ဖြစ်နေတဲ့ တပ်မတွေဟာ နောက်ဆုံးတော့ နိုဝင်ဘာလ နှောင်းပိုင်းမှာ ယူနန်ဘက်ကို ဝင်သွားကြတယ်။ သူတို့ စိတ်မပါ့တပါ ဝင်တိုက်တာကို ဒေသခံ ကွန်မြူနစ် ပြည်သူ့စစ်တွေက အလွယ်တကူပဲ ပြန်တွန်းလှန်နိုင်ခဲ့လို့ မြန်မာနိုင်ငံဘက် ဒရောသောပါး ပြန်ဆုတ်လာကြရတယ်။ တိဘက်မှာ ပေကျင်းက အပြင်းအထန် နှိပ်ကွပ်ကိုင်တွယ်နေတာရယ်၊ မော်စီတုန်းရဲ့ ရှေ့သို့ခုန်ပျံကျော်လွှားခြင်း ဆိုတဲ့ အစွန်းရောက် “ပြုပြင်ပြောင်းလဲရေး” အပေါ် လူထုက မကျေနပ်ဖြစ်နေတာတွေကို အမြတ်ထုတ်နိုင်ဖို့ ထိုင်ပေက မျှော်လင့်ထားတာ။ ယူနန် အနောက်ပိုင်း သောင်းကျန်းမှု နှိမ်နင်း စစ်ဆင်ရေး အတွက် ပြင်ဆင်ထားဖို့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက လျိုယွမ်လင်ကို ညွှန်ကြားတယ်။ လူထုက အုံကြွလာအောင် ယူနန်ပြည်နယ် ကျိုင်းရုံး (ချေးလီ) နဲ့ လန်ချန်း ခရိုင်တွေထဲက အစိုးရ အဆောက်အဦးတွေကို တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်တော်က အင်အား ၃,၀၀၀ စေလွှတ်ပြီး တိုက်ခိုက်ဖို့ဖြစ်တယ်။ ဖေဖော်ဝါရီလမှာ ထိုင်ပေက လျိုယွမ်လင်ရဲ့ စစ်ဆင်ရေး စီမံချက်တွေကို ၁၉၅၈ ဂျွန် ၂၁ ရက်နေ့မှာ စတင်ဖို့ ခွင့်ပြုပေးလိုက်တယ်။ ဒီကြားထဲမှာ လေ့ကျင့်မှုတွေနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြင်ဆင်ဖို့ အချိန်ပေးလိုက်တယ်။ လျိုယွမ်လင်က အချိန်ထပ်တိုးတောင်းတော့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက သူ့ကိုပဲ အချိန်ရွေးခိုင်းလိုက်တော့တယ်။

လျိုယွမ်လင် က စစ်ဆင်ရေးအတွက် ပြင်ဆင်နေချိန်မှာပဲ ထိုင်ပေက ဒုံးပျံစစ်ဆင်ရေး နာမည်နဲ့ လေကြောင်းကနေ ထောက်ပံ့မှု ပြန်စတင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဖောင်ဆီယာနွန် ဖြုတ်ချခံတာနဲ့ ပတ်သက်ပြီး ဂယက်ရိုက်ခတ်မှုကြောင့် ဖောင်ခေတ်တုန်းကလို ရေကြောင်း၊ ကြည်းကြောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့လို့မရတော့လို့ လျိုယွမ်လင် အနေနဲ့ တခြားနည်းလမ်း ရှာရပါတော့တယ်။ ဆရစ်ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ဖြူလေတပ်ပိုင် စီ-၄၆ လေယာဉ်တွေ ဘန်ကောက်က တွမ်းမုန်း လေယာဉ်ကွင်းမှာ ဆီဖြည့်ခွင့်ရခဲ့လို့ ၁၉၅၈ မတ်လနဲ့ ဧပရယ်လအတွင်းမှာ ကျိုင်းလပ် အနီးမှာ ရှိတဲ့ မိုင်းပါလျိုး လေယာဉ်ကွင်းပေါ်ကို လေထီးနဲ့ ပစ္စည်းတွေ ကိုးခေါက်ချပေးနိုင်ခဲ့ပါတယ်။  

ထောက်ပံ့မှု အသစ်တွေကြောင့် စိတ်တက်ကြွနေတဲ့ လျိုယွမ်လင် က ယူနန် အနောက်ပိုင်း သောင်းကျန်းမှု နှိမ်နင်း စစ်ဆင်ရေး အတွက် ကျိုင်းလပ်မှာ လေ့ကျင့်ရေး အထူးအစီအစဉ် လုပ်ပါတယ်။ ဒီလေ့ကျင့်ရေးဟာ တရုတ်ဖြူတပ် အတွင်းက တပ်မတွေ အချင်းချင်းကြား ဘယ်လိုကွဲပြားနေကြသလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။ တပ်မဟာလေးခုစာ အင်အား ၁,၆၀၀ ထုတ်နုတ်ပေးဖို့ လျိုယွမ်လင် က သူ့လက်အောက်က တပ်တော်မှူးတွေကို အမိန့်ပေးပါတယ်။ တပ်တော်မှူးအတော်များများက မပေးချင်ကြပါဘူး။ သူ့လူတွေ လျိုယွမ်လင်ရဲ့ ဌာနချုပ်ကို ရောက်သွားပြီးရင် ပြန်မလာနိုင်တော့မျာ စိုးရိမ်လို့ တွမ့်ရှီးဝင်က သူ့တပ်တော် (၅) က လူ ၄၀၀ ထုတ်နုတ်ပေးရမှာကို ငြင်းပယ်လိုက်ပါတယ်။ ဒါ့ကြောင့် သူ့ထုတ်နုတ်ပေးရမယ့် စစ်သားတွေကို သူ့ဘာသာ မိုင်းလုံးမှာ သီးသန့် လေ့ကျင့်ပေးပါတယ်။ အဲဒီအတောအတွင်း လျိုယွမ်လင်က ယူနန် အနောက်ပိုင်း သောင်းကျန်းမှု နှိမ်နင်း စစ်ဆင်ရေး ပြင်ဆင်တဲ့လုပ်ငန်းကို အသုံးချပြီး အမိန့်မနာခံတဲ့ သူ့လက်အောက်ခံ တပ်မှူးတွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားတယ်။ မတ်လအတွင်း ဒုံးပျံစစ်ဆင်ရေးအရ ထောက်ပံ့ရေးလုပ်ငန်းတွေ ပြန်စတင်လိုက်တဲ့နေ့မှာပဲ တွမ့်ရှီးဝင် ကွပ်ကဲတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုပ်မဖြစ်တော့အောင် တပ်တော် (၁) နဲ့ တပ်တော် (၂) ကို ပေါင်းစည်းပြီး မြစ်နီတိုင်းစစ်ဌာနချုပ် အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ စစ်ဌာနချုပ် အသစ်ကလည်း အလုပ်ဖြစ်တာ မဟုတ်ပေမယ့် ပြဿနာအိုး လွီဝေယင်းကို လျိုယွမ်လင် က “ရာထူးတိုး” ပေးလိုက်နိုင်ပါတယ်။ အဲဒီနောက် ပိုပြီးပူးပေါင်းဆောင်ရွက်မှုကောင်းတဲ့ လျိုယွမ်လင်က ဒုတိယတပ်တော်မှူးကို တပ်တော် (၁) ကို ကွပ်ကဲဖို့ တာဝန်ပေးလိုက်တယ်။ နောက်ငါးလအကြာမှာ တပ်တော် (၁) က အင်အားအများစုဟာ လျိုယွမ်လင်ရဲ့ မျက်စိအောက် ကျိုင်းလပ်မှာ သစ္စာရှိစွာ ရှိနေပြီးတဲ့နောက်မှာ မြစ်နီတိုင်းစစ်ဌာနချုပ်ကို ဖျက်သိမ်းလိုက်ပြီး လွီဝေယင်း ကို ဖမ်းပါတယ်။ လွီဝေယင်း ဟာ အဆက်အသွယ်ကောင်းတဲ့ ဗိုလ်ချုပ်တယောက် ဖြစ်တာကြောင့် အပြင်ပန်းအားဖြင့် ခွင့်လွှတ်ပုံပေါက်အောင် လျိုယွမ်လင်က လွီဝေယင်းကို ထိန်းသိမ်းထားတာက ပြန်လွှတ်ပေးလိုက်ပြီး ကျိုင်းလပ် ဌာနချုပ်မှာ သုတေသန လက်ထောက်ညွှန်ကြားမှူးအဖြစ် ခန့်ဖို့လုပ်ပါတယ်။ ဒါပေမယ့် လွီဝေယင်းက အဓိပ္ပာမရှိတဲ့ ရာထူးခန့်အပ်မှုကို ငြင်းပယ်ခဲ့ပြီး “ဆေးကုမယ်” ဆိုပြီး လာအိုဘက်က အိမ်တလုံးမှာ သွားနေပါတော့တယ်။

လျိုယွမ်လင်ရဲ့ မြှားဦးက တပ်တော် (၂) တပ်တော်မှူး ဖုချင်းယွင် ဖက် လှည့်လာပါတယ်။ သူ့ကို ကျိုင်းလပ်ကနေ မိုင်းယောင်းဘက်လွှတ်ပြီး ဌာနချုပ်ကို ဝင်ထွက်နိုင်တဲ့လမ်းကြောင်းတွေကို စစ်ဆေးဖို့နဲ့ ယူနန်ကို ဝင်ရောက်တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေဖို့ ခိုင်းပါတယ်။ နောက်သိပ်မကြာပါဘူး၊ ၁၉၅၈ မေလမှာ တပ်တော် (၂) က မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အဆက်မပြတ်ဖြစ်ပြီး နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရပါတယ်။ လျိုယွမ်လင်က ကျိုင်းလပ် မြောက်ဘက်မှာရှိတဲ့ အမြဲတမ်းတပ်ဖွဲ့တွေကို မြန်မာစစ်တပ်က သိမ်းလိုက်ကာစ စခန်းတွေကို ပြန်တိုက်ဖို့ လွှတ်လိုက်ပါတယ်။ ပြီးတော့ တပ်တော် (၂) ကို လူသိရှင်ကြား ဝေဖန်ပါတယ်။ ဖုချင်းယွင်ကို ရာထူးကချထားလိုက်ပြီး ဘန်ဟာဟင် မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားတယ်။ ဖုချင်းယွင်ရဲ့ လက်ထောက် ဝူဇူပေါ ဟာ တပ်တော် (၂) ရဲ့ တပ်တော်မှူး အသစ် ဖြစ်လာပါတယ်။ ယူနန်ကို တိုက်ခိုက်ကာနီး အချိန်မှာအထိ စောင့်ဆိုင်းပြီးမှ လျိုယွမ်လင်က သူ့တပ်တော်မှူး နှစ်ယောက်ကို အရေးယူဖြုတ်ချက်လိုက်တာမို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်ပေက ဝင်မစွက်ဖက်နိုင်အောင် လမ်းလွှဲပေးနိုင်ခဲ့တယ်။

နောက်ဆုံးတော့ လျိုယွမ်လင်က ယူနန် အနောက်ပိုင်း သောင်းကျန်းမှု နှိမ်နင်း စစ်ဆင်ရေးကို ၁၉၅၈ ဩဂတ်လမှာ စနိုင်ခဲ့တယ်။ သူကိုယ်တိုင် တပ်တော် (၁) နဲ့ တပ်တော် (၂) စစ်ကြောင်းတွေကို ဦးဆောင်ပြီး နယ်စပ်က မိုင်းယုရွာလေးဆီ ချီတက်ခဲ့တယ်။ တပြိုင်နက်တည်းမှာပဲ လီဝင်ဟွမ့်ရဲ့ တပ်တော် (၃) ကလည်း မိုင်းမ ကို ချီတက် နေရာယူတယ်။ တွမ့်ရှီးဝင်ရဲ့တပ်တွေကတော့ နယ်စပ်နဲ့ အတော်လှမ်းနေသေးတဲ့ မိုင်းညှင်းကို ချီတက်နေရာယူတယ်။ တိုက်တိုက်ဆိုင်ဆိုင် တရုတ်ဖြူတွေ ထိန်းချုပ်ထားတဲ့ ကမ်းလွန်ကျွန်းတွေဖြစ်တဲ့ ခဲမွိုင် (ကျင်းမန်) နဲ့ မတ်စု (မာဇူ) ကျွန်းတွေကို ကွန်မြူနစ်ဘက် အမြောက်ကြီးတွေနဲ့ ဩဂတ် ၂၃ ရက်မှာ ပစ်ပါတယ်။ နောက်တပတ်မှာ တပ်တော် (၁) နဲ့ တပ်တော် (၂) က တပ်ဖွဲ့တွေဟာ မဖြစ်ညစ်ကျယ် ကွက်တိကွက်ကြား တိုက်ခိုက်ခဲ့လို့ စစ်ရေးအောင်မြင်မှု အနည်းငယ်ရခဲ့တယ်။ အရင်က တရုတ်ဖြူတွေ နယ်စပ်ဖြတ်ကျော်ပြီး ယူနန်နယ်ဘက်က ရွာတွေကို ဝင်စီးပြီး ပစ္စည်းလုတာထက်တော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ တဖျောက်ဖျောက်နဲ့ လိုက်တိုက်နေတာကို စက်တင်ဘာ ၅ ရက်မှာ ရပ်လိုက်ပြီး ကွန်မြူနစ်တပ်တွေ သူတို့ကို ဝိုင်းပတ်မပိတ်ဆို့နိုင်ခင်မှာ တရုတ်ဖြူတပ်တွေ မြန်မာနိုင်ငံဘက် ပြန်ဆုတ်ဝင်လာကြတယ်။ သူတို့ကို ဝိုင်းပိတ်ဆို့မယ့်တပ်တွေက တရုတ်နီအမြဲတမ်းတပ်တွေ မဟုတ်ဘဲ ဒေသခံ ရွာက ပြည်သူ့စစ်တွေသာ ဖြစ်ပါတယ်။ လူထုကအုံကြွလာအောင် လှုံ့ဆော်မယ်ဆိုတဲ့ ရည်မှန်းချက် မပြည့်မီလို့ သူတို့ရဲ့ တိုက်ခိုက်မှု တလုံးလုံး မအောင်မြင်ဘူးလို့ ဆိုရပါမယ်။

သူ့နောက်လိုက်တွေဟာ လစာအရနည်းပါးတဲ့အပြင် ယူနန်ဘက်ကို အဓိပ္ပာယ်မရှိ စစ်ဆင်ရေး ဝင်နေရပြီး အနေအထိုင်လည်း ဆင်းရဲပါတယ်။ 1 လျိုယွမ်လင်ကတော့ ကျိုင်းလပ် ဌာနချုပ်မှာ ကောင်းကောင်းနေရပြီး အမေရိကန်လုပ် စီးကရက်နဲ့ ဈေးကြီးတဲ့ အရက်တွေ သောက်ပါတယ်။ ထိုင်ပေကနေ သူ့တပ်အတွက် တလ ဒေါ်လာ ၅,၀၀၀ ထောက်ပံ့တဲ့ဟာကို သူ့အိတ်ထဲ အများစုထည့်ပြီး (ဒီငွေတွေကို အမေရိကန်မှာ ပညာသင်နေတဲ့ သူ့သားဆီ ပို့ပေးတယ်လို့ ဆိုကြတယ်) ထိုင်ပေက ပို့ပေးတဲ့ လက်နက်တွေကို သူ့စိတ်ကြိုက် တပ်တွေဆီကိုပဲ ရွေးပြီးခွဲဝေပေးတယ်။ ဒီလို ကိုယ့်ကိုယ်ကျိုးကိုသာ ဦးစားပေးတတ်တဲ့ လုပ်ရပ်တွေကို လက်အောက်ခံ တပ်မှူးတွေရဲ့ မကျေနပ်ကြပေမယ့် မူးယစ်ဆေးဝါး၊ ကျောက်မျက်၊ သစ်နဲ့ တခြားကုန်ပစ္စည်း မှောင်ခိုလုပ်ငန်းက ရတဲ့ သူတို့ ကိုယ်ပိုင် အကျိုးအမြတ်တွေ ရှိနေတာကြောင့် ငြိမ်နေကြတယ်။ ဒါ့ကြောင့် ယူနန် အပျော်တမ်းတပ်တော် အောက်မှာရှိတဲ့ တပ်တော်တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ အရေးကြီးလာတယ်။ ဒီအချက်ကလည်း လျိုယွမ်လင် တယောက် ထိုင်ပေလာ ပို့လာတဲ့ငွေတွေကို လက်ဝါးကြီးအုပ်ထားဖို့ လွယ်သွားတဲ့အပြင် လက်အောက်ခံ တပ်မှူးတွေရဲ့ မှောင်ခိုလုပ်ငန်းက ရလာတဲ့ ငွေတွေကို ဝေစုတောင်းပြန်ပါတယ်။ လျိုယွမ်လင်ရဲ့ ဇိမ်ကျကျ နေထိုင်မှုပုံစံနဲ့ လောဘစိတ်တွေဟာ သူ့အရာရှိတွေ အတွက် နာကျည်းစရာ အချက်တွေ ဖြစ်ပါတယ်။

ယူနန်အပျော်တမ်းတပ်တော်ထဲမှာ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) က အင်အားအကြီးဆုံး ဖြစ်ပြီး ကျိုင်းလပ် ဌာနချုပ်နဲ့ အဝေးဆုံးမှာရှိတဲ့အပြင် မူးယစ်ဆေးဝါး ကုန်သွယ်ရေးလုပ်ဖို့ နေရာကောင်းမှာ ရှိနေတာ ဖြစ်ပါတယ်။ အခြေအနေအရ ဒီလို လွတ်လပ်မှုရှိနေတာက တကြောင်း၊ လျိုယွမ်လင် က သူ့ကို သဘောမကျတာက တကြောင်း တွမ့်ရှီးဝင် က သူ့အထက်လူကြီး၊ သူ့လုပ်ဖော်ကိုင်ဖက် တပ်တော်မှူးတွေနဲ့ သိပ်ပြီး ပူးပေါင်းလုပ်ဆောင်မှု မရှိလှပါဘူး။ ထိုင်ပေက ယူနန်အပျော်တမ်းတပ်တော်ကို ပြန်လည်စတင် ထောက်ပံ့တဲ့အခါ လျိုယွမ်လင် က တွမ့်ရှီးဝင် ဆီပို့ပေးရမယ့် လက်နက်နဲ့ ပစ္စည်းတန်ဆာပလာတွေကို ထိန်းချုပ်ထားပြီး ပူးပေါင်းဆောင်ရွက်လာအောင် အကျပ်ကိုင်တယ်။ တပ်တော် (၅) ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားတဲ့ ဘိန်းနဲ့ တခြား ကုန်ပစ္စည်းတွေ အပေါ် “အခွန်” ကောက်လို့ရလာတဲ့ ငွေတွေထဲက ဝေစု အများစုပေးဖို့လည်း လျိုယွမ်လင် က တောင်းတယ်။ ဒေါသထွက်သွားတဲ့ တွမ့်ရှီးဝင်ဟာ သူရထားတဲ့ အခွန်ဝင်ငွေတွေကို ပေးဖို့ ငြင်းဆန်လိုက်ပြီး လျိုယွမ်လင်နဲ့လည်း အဆက်ဖြတ်လိုက်တယ်။ ၁၉၅၈ နိုဝင်ဘာလ နောက်ပိုင်းမှာ ယူနန်အပျော်တမ်းတပ်တော်အောက်က လွတ်လွတ်ကင်းကင်းနီးပါး နေပါတော့တယ်။

လျိုယွမ်လင်ရဲ့ တပ်တော်ကို အင်အားဖြည့်ခြင်း

၁၉၅၉ ခုနှစ်အစောပိုင်းမှာ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက က ပြီးခဲ့တဲ့ နှစ်နှစ်က ယူနန် အပျော်တမ်း တပ်တော်က စိတ်မပါ့တပါ ကြိုးပမ်းခဲ့တာထက် ပိုမိုကြီးကျယ်တဲ့ စစ်ဆင်ရေးတခုအတွက် စီမံချက် စတင်ရေးဆွဲပါတယ်။ ရှင်သန်နိုးကြွလာသော တရုတ်ပြည် စစ်ဆင်ရေး လို့ နာမည်ပေးထားပြီး မြန်မာ−ယူနန် နယ်စပ်မှာ အခိုင်အမာ ခြေကုပ်နေရာယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လျိုယွမ်လင်ရဲ့တပ်ကို အင်အားဖြည့်တင်း တိုးချဲ့ဖို့ ထိုင်ပေက စတင်ပြင်ဆင်တယ်။ ထိုင်ဝမ်းကနေ လေကြောင်းကနေ ထောက်ပံ့ပေးမယ်။ တရုတ်အမျိုးသားတပ်မတော် အမြဲတမ်းစစ်သားတွေနဲ့ အင်အားဖြည့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တကြိမ် ကျရှုံးမှု မဖြစ်အောင်လို့ ယူနန်အပျော်တမ်းတပ်တော် အတွင်းက မကျေမချမ်းဖြစ်နေတဲ့ အရာရှိတွေ အကြား စည်းလုံးညီညွတ်အောင် အရင်လုပ်ဖို့လိုအပ်တယ် ဆိုတာကို ထိုင်ပေက သိပါတယ်။

ဧပရယ်လမှာ စစ်ထောက်လှမ်းရေးဗျူရို ဒုတိယတပ်မှူး ရန့်ကျိယွမ် (ရန့်ကျန့်ဖုန် လို့လည်း ခေါ်တယ်) ခေါင်းဆောင်တဲ့ ချင်းဟွာအုပ်စု ကျိုင်းလပ်ကို ရောက်လာပြီး ရှင်သန်နိုးကြွလာသော တရုတ်ပြည် စစ်ဆင်ရေး စီမံချက်တွေကို စစ်ဆေးသုံးသပ်ပါတယ်။ ထုတ်မပြောပြတဲ့ သူ့တာဝန်ကတော့ ယူနန် အပျော်တမ်းတပ်တော် အတွင်းက မညီညွတ်မှုကို စုံစမ်းစစ်ဆေးဖို့ပါပဲ။ လျိုယွမ်လင်က ထိုင်ပေကို လေယာဉ်နဲ့ ပြန်သွားပြီး ဒီစစ်ထောက်လှမ်းရေးဗျူရိုက ဒီအရာရှိကြီးနဲ့ အတူ ကျိုင်းလပ်ကို ပြန်လာတာဖြစ်တယ်။ မြန်မာနိုင်ငံကို ဧပရယ် ၁၉ ရက်နေ့မှာ ရောက်ကြပြီး သုံးရက်အကြာမှာတော့ ရန့်ကျိယွမ် က ကြားဝင်ပြီး လျိုယွမ်လင်နဲ့ တွမ့်ရှီးဝင် အကြား အဆက်အသွယ်ပြန်လုပ်ခိုင်းပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့တော့ မပါသေးပါဘူး။

ရန့်ကျိယွမ် က မြန်မာနိုင်ငံမှာ လေးလနီးပါးနေထိုင်သွားပြီး ယူနန်အပျော်တမ်းတပ်တော်ရဲ့ အဓိက စခန်းကြီးတွေကို စစ်ဆေးပါတယ်။ ဩဂတ်လ အစောပိုင်းမှာ လျိုယွမ်လင်နဲ့ တွမ့်ရှီးဝင် တို့ နှစ်ယောက်သားကို ဘန်ကောက်ခေါ်ပြီး ကမ္ဘာ့ရန်ဖြစ်နေကြတဲ့ ဗိုလ်ချုပ်ကြီးနှစ်ယောက်အကြား သဘောတူညီမှု တခုရအောင် စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ လျိုယွမ်လင်ရဲ့ အမိန့်ကို နာခံဖို့၊ “အခွန်ငွေ” တွေ လွှဲပေးတာကို ကြီးကြပ်မယ့် အရာရှိ တယောက် အတူလာနေမှာကို လက်ခံဖို့၊ လေ့ကျင့်ရေး အတွက် ကျိုင်းလပ်ကို စစ်သားတွေ လွှတ်ပေးဖို့နဲ့ မိုင်းပါလျိုး လေယာဉ်ကို တိုးချဲ့ပြင်ဆင် ဖောက်လုပ်ရာမှာ ကူညီဖို့ တွမ့်ရှီးဝင်က သဘောတူပါတယ်။ ထိုင်ပေက ပေးလာပေးပြီး သူထိန်းချုပ်ထားတဲ့ လစာနဲ့ အသုံးစရိတ်တွေ ပြန်ထုတ်ပေးဖို့၊ တပ်တော် (၅) လှုပ်ရှားမှုတွေ အတွက် ကုန်ကျစရိတ်တွေအတွက် တွမ့်ရှီးဝင်ကို ပြန်ထုတ်ပေးဖို့၊ ထိုင်ဝမ်းကလာတဲ့ လက်နက်တွေကို သာတူညီမျှဖြစ်အောင် ခွဲဝေပေးဖို့နဲ့ လက်အောက်ခံ တပ်အင်အားတွေ ဘယ်လိုရယူ အသုံးချရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို လေ့လာဖို့ လျိုယွမ်လင် ကလည်း သဘောတူပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် စလုံးဟာ သဘောတူညီချက်ကို မသိကျိုးကျွန်ပြုထားပြီး သူတို့ရဲ့ ရန်စမီးဟာ ယူနန်အပျော်တမ်းတပ်တော်ထဲမှာ ကင်ဆာလို ဆက်တွယ်ကပ်နေပါတော့တယ်။

ရှင်သန်နိုးကြွလာသော တရုတ်ပြည် စစ်ဆင်ရေးအတွက် ဆက်လက်ပြင်ဆင်ကြပါတယ်။ ဘန်ကောက်မှာ ဆီဝင်ဖြည့်ပြီး ဆက်ထွက်လာတဲ့ တရုတ်ဖြူ လေတပ်က လေယာဉ်တွေဟာ လက်နက်၊ ခဲယမ်းနဲ့ တခြား စစ်သုံးပစ္စည်းတွေကို လေထီးနဲ့ မိုင်းပါလျိုးမှာ ချပေးပါတယ်။ ကျိုင်းလပ်ရဲ့ အနောက်ဘက် ၁၀ မိုင် အကွာ မဲခေါင်မြစ်ကမ်းပေါ်မှာ ရှိတဲ့ မိုင်းပါလျိုးက မည်ကာမတ္တ လေယာဉ်ကွင်းကို တရုတ်ဖြူ ယူနန်အပျော်တမ်း တပ်တော်က အဆင့်မြှင့်ရပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ ဖောက်ခဲ့တဲ့ ကားလမ်းပိုင်းပေါ်မှာ ပြင်သစ် မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ အပေါ့စား လေယာဉ်ကလေးနဲ့ ဘိန်းလာသယ်လို့ရအောင် ပြင်ဆင်ထားတဲ့ လေယာဉ်ပြေးလမ်းလေးသာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က ဖောင်ပေါ်တင်ပြီး သယ်လာတဲ့ ထွန်စက်တွေ၊ မြေညှိစက်တွေနဲ့ အလုပ်ပိုတွင်အောင် လုပ်ပါတယ်။ ထိုင်ဝမ်းက ထွက်လာတဲ့ တရုတ်ဖြူလေတပ်ပိုင် စီ−၄၇ လေယာဉ်တစင်းက ၁၉၆၀ ဇန်နဝါရီ ၂၄ ရက်မှာ လေယာဉ်ကွင်း အသစ်ပေါ် ဆင်းပါတယ်။ နောက်ပိုင်းတော့ စီ−၄၇ လေယာဉ်တွေ ဥဒဟိုဆင်းပါတော့တယ်။ သူ့ထက်ပိုကြီးတဲ့ စီ−၄၆ နဲ့ စီ−၁၁၉ လေယာဉ်တွေကတော့ မြေသားပြေးသားဖို့ ဆင်းဖို့ မဖြစ်နိုင်လို့ လေထီးနဲ့ပဲ ပစ္စည်းတွေ ချပေးပါတယ်။

အသုံးမဝင်တဲ့ ကူမင်တန်ပါတီ အမှတ် (၂) ဌာနကြီး

လီမီရဲ့ ယူနန်ပြည်နယ် ကူမင်တန် အထူး တိုင်းမင်းကြီး ရာထူးကို လျိုယွမ်လင် က မဆက်ခံရတာကြောင့် လီရှန်ကုန်းနဲ့ ပါတီ အမှတ် (၂) ဌာနကြီး ယူနန်ပြည်နယ်ရုံး အပေါ် အမိန့်ပေးခွင့် မရှိပါဘူး။ ၁၉၅၃−၁၉၅၄ တပ်ပြောင်းရွှေ့ထွက်ခွာတဲ့ကာလတုန်းက သဘာထားကွဲလွဲခဲ့တာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ မလိုမုန်းထားမှု ရှိခဲ့ကြတဲ့အပြင် သူ့ကို ကျိုင်းလပ်ဌာနချုပ်ကနေ ချင်းမိုင်ကို ပြောင်းနေရအောင် လုပ်ခဲ့လို့ လီရှန်ကုန်း က လျိုယွမ်လင်ကို ခါးခါးသီးသီးဖြစ်နေပါတယ်။ လီရှန်းကုန်း ဟာ ချင်းမိုင်မှာနေပြီး ယူနန်ပြည်နယ်ထဲမှာ ထောက်လှမ်းရေး ကွန်ရက် တခုမှ မတည်ဆောက်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံက တရုတ်ဖြူတပ်ဖွဲ့တွေမှာထဲမှာပဲ ကူမင်တန်ပါတီ လှုပ်ရှားမှုအကြောင်း ဝါဒဖြန့်ချိရေးကိုပဲ ဘာအခက်အခဲမှ မရှိဘဲ လုပ်ဖို့ အာရုံစိုက်နေပါတယ်။ သူ့ရည်မှန်းချက်ဟာ “ယူနန်ပြည်နယ်အတွင်း ရန်သူ့နောက်ပိုင်းက နယ်မြေထဲမှာ ပါတီရဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းရေး” ဖြစ်တယ်ဆိုကို ထိုင်ပေက သတိပေးပေမယ့် တုတ်တုတ်မှ မလှုပ်ပါဘူး။ လျိုယွမ်လင်နဲ့ ပုဂ္ဂိုလ်ရေးအရ မသင့်မမြတ်ဖြစ်နေတာဟာ ယူနန်နယ်စပ်မှာ ရှိနေတဲ့ ပါတီ−စစ်တပ် အကြား စည်းလုံးညီညွတ်ရေးကို အဟန့်အတားဖြစ်စေတယ်ဆိုပြီး ကူမင်တန်ပါတီ ဌာနချုပ်က တစတစ စိုးရိမ်လာပါတယ်။ ဒါကြောင့် ၁၉၅၆ ဇန်နဝါရီလမှာ လီရှန်ကုန်း အစား တခြားအရာရှိတယောက် အစားထိုးလိုက်ပါတယ်။ ဒါပေမယ့် ထူးခြား မလာပါဘူး။

မြေပြင်မှာ ပူးပေါင်းဆောင်ရွက်မှု နည်းတာကို ပြုပြင်ဖို့အတွက် နောက်ဆုံးမှာ ထိုင်ပေက လျိုယွမ်လင်ကို လီမီရဲ့ရာထူး ဖြစ်တဲ့ ယူနန်ပြည်နယ် ကူမင်တန် အထူးတိုင်းမင်းကြီး အဖြစ် ၁၉၅၈ ဧပရယ်လမှာ ခန့်အပ်လိုက်ပါတော့တယ်။ အဲဒီနောက် လျိုယွမ်လင် က သူ့မိတ်ဆွေ လော်ရှိဖူ ကို သူ့လက်အောက်က အတွင်းရေးမှူးချုပ် အဖြစ် ခန့်ပေးဖို့ ပါတီဌာနချုပ်ကို တင်ပြပါတယ်။ ကျိုင်းလပ်က တရုတ်ဖြူ စစ်ဌာနချုပ်နဲ့ ချင်းမိုင်က ပါတီတာဝန်ရှိသူတွေ ဆက်သွယ်ရေး မကောင်းတာဟာ စစ်ဆင်ရေး အပြည့်အဝ ထောက်ပံ့ပေးဖို့ အတားအဆီးဖြစ်နေတယ်လို့  ထိုင်ပေမှာ ရှိတဲ့ ကူမင်တန် ပါတီ ဌာနချုပ်က မြင်ပါတယ်။ ဒါ့ကြောင့် ယူနန်ပြည်နယ်ရုံးကို မြန်မာနိုင်ငံထဲ ရွှေ့ပြောင်းရန်၊ ပိုမိုအရည်အချင်းရှိတဲ့ သူလျှိုတွေ ရှာဖွေစုဆောင်းပြီး ယူနန်ပြည်နယ် အတွင်းသို့ ပို့လွှတ်ရန် ညွှန်ကြားလိုက်ပါတယ်။ ၁၉၅၉ နှောင်းပိုင်းမှာ လော်ရှိဖူ က သူ့ရုံးကို ကျိုင်းလပ် ရွှေ့လိုက်ပါတယ်။ လျိုယွမ်လင်နဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေး တိုးတက်လာတာကလွဲလို့ လော်ရှိဖူ ဟာ လုပ်ငန်းပိုင်းမှာတော့ သူ့အရင်ကလူတွေထက် ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်တာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံက ပါတီရဲ့ အမှတ် (၂) ဌာနကြီးက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ပျက်သုဉ်းလုနီးနီးပါပဲ။

တရုတ်ဖြူ−လာအို ပူးပေါင်းဆောင်ရွက်မှု

မဲခေါင်မြစ်ကြီးကို ဖြတ်ကူးလိုက်တာနဲ့ တရုတ်ဖြူတပ်ဖွဲ့တွေ အတွက် လွတ်လွတ်လပ်လပ်ကြီး သွားလာနိုင်တဲ့ လာအိုနိုင်ငံ အနောက်မြောက်ပိုင်းကို ရောက်ပါတယ်။ အဲဒီမှာ လုံနမ့်ထား နဲ့ မိုင်းဆင် အစရှိတဲ့ မြို့ကြီးတွေရှိပါတယ်။ တရုတ်ဖြူတွေ ရှိနေတာနဲ့ ၁၉၅၄ ဂျနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ဆိုပြီး ကွန်မြူနစ်တွေက နိုင်ငံတကာ ထိန်းချုပ်ရေး ကော်မရှင် (အိုင်စီစီ) ဆီ ကန့်ကွက်ကာ လာအိုနိုင်ငံက နိုင်ငံခြား တိုက်ခိုက်ရေး တပ်တွေကို တားဆီးပေးဖို့ တောင်းဆိုကြပါတယ်။ မြောက်ပိုင်းက ဟုတ်မဲခေါင်နဲ့ ဖုန်ဆာလီ ပြည်နယ်တွေမှာ ရှိတဲ့ အမေရိကန်နဲ့ ပြင်သစ် အကြံပေးတွေက တရုတ်ဖြူတွေကို ထောက်ပံ့ပေးနေပြီး ပထိတ်လာအိုအဖွဲ့က ပြန်လည်စုဖွဲ့နေတဲ့ ဒေသတွေကို တိုက်ခိုက်ဖို့ အလားအလာ ရှိတယ်လို့ ကွန်မြူနစ်တွေက လီဆည်ပြောဆိုကြပါတယ်။ လာအိုမှာ ရှိနေတဲ့ မြောက်ဗီယက်နမ်တပ်ဖွဲ့တွေ ဖယ်ရှားရေးမှာ ကွန်မြူနစ်တွေက ကန့်လန့်တိုက်မှာစိုးရိမ်လို့ ဝန်ကြီးချုပ် ဆူဗန်န ဖူမ (သုဝဏ္ဏ ဘုမ္မ) က တရုတ်ဖြူတပ်တွေ ဆုတ်ခွာပေးဖို့ ဒါမှမဟုတ် လက်နက်ချပြီး တရုတ်နယ်စပ်နဲ့ ခပ်ဝေးဝေးမှာ အထိန်းသိမ်းခံဖို့ အမိန့်ပေးရန် ထိုင်ပေကို ဖိအားပေးပေးဖို့ ဝါရှင်တန်ကို တောင်းဆိုပါတယ်။ ထိုင်ပေက အဲဒီတပ်တွေကို တာဝန်မယူနိုင်ဘူး ဆိုလို့ ဝါရှင်တန်က လာအိုအစိုးရကသာ လျိုယွမ်လင် တပ်တွေနဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းဖို့ပဲ အကြံပေးလိုက်ပါတယ်။

လာအိုနိုင်ငံ အနောက်မြောက်ဘက်က တရုတ်ဖြူတွေ အကြောင်းကို မြန်မာဘက်က ဗီယင်ကျန်းကို အရေးဆိုလာတော့ လာအိုဘုရင့်အစိုးရ အရာရှိတွေက ဖုံးကွယ်ထားကြတယ်။ ဆုဗန်န ဖူမ ကတော့ “လက်နက်မဲ့” တရုတ်ဖြူ အကြွင်းအကျန်တွေ လာအိုဘက်ကို ဝင်လာကြောင်း၊ ဒါပေမယ့် သူတို့ဟာ သူ့အစိုးရလက်တံနဲ့ အလှမ်းဝေးတဲ့ မဲခေါင်မြစ်တလျှောက်မှာ ပိတ်ဆို့ထားကြောင်း ဝန်ခံပါတယ်။ ၁၉၅၅ မေ ၁၆ ရက် မြန်မာစစ်တပ် စစ်ဦးစီးအရာရှိတွေနဲ့ ကျိုင်းတုံမှာ တွေ့ကြတဲ့အခါ လာအို အမှတ် (၁) စစ်ဒေသမှူး အုန်း ရတ်ထီခွန်း က သူတာဝန်ရှိတဲ့ နယ်မြေထဲမှာ တရုတ်ဖြူတွေ အစုလိုက်ရှိနေတယ်ဆိုတာ ကွန်မြူနစ်တွေ လုပ်ဇာတ်ခင်းထားတဲ့ အစီရင်ခံစာဖြစ်တယ်လို့ ဆိုပြီး ပယ်ချလိုက်ပါတယ်။ လာအိုဖက်ကို ဖြတ်ကူးဝင်ရောက်လာတဲ့ စစ်သား အကြွင်းအကျန်တွေကို သူဖမ်းမယ်လို့လည်း ကြိမ်းဝါးပါတယ်။ တရုတ်ဖြူ ကျူးကျော်သူတွေကို ဖမ်းမယ်လို့ ကြိမ်းဝါးခဲ့တဲ့ အုန်း ရတ်ထီခွန်း ကိုယ်တိုင် ဗီယင်ကျန်းမှာ လာအိုအမျိုးသား တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာတဲ့အခါ လာအိုနိုင်ငံ အနောက်မြောက်ဘက်မှာ တရုတ်ဖြူတွေ အတွက် နေထိုင်စရာကောင်းတဲ့ နေရာအဖြစ် လုပ်ပေးပါတယ်။ ဘိန်းကို အခြေခံတဲ့ လုပ်ငန်း ဆက်စပ်မှုတွေကြောင့်လည်း ဒီလိုလုပ်ပေးတာ ဖြစ်ပါတယ်။ ၁၉၅၈ ဩဂတ်လမှာ လက်ျာသမား ဖွီ ဆနနိကွမ်း က ဝန်ကြီးချုပ် အဖြစ် ဆုဗန်န ဖူမိ ကို ဆက်ခံတဲ့အခါ ကွန်မြူနစ် လွှတ်တော်အမတ်တွေကို ဖမ်းဖို့ အမိန့်ပေးလိုက်တဲ့အခါ မြောက်ဗီယက်နမ်က ကျောထောက်နောက်ခံပေးထားတဲ့ ပထိတ်လာအို အဖွဲ့ကလည်း အစိုးရတပ်တွေကို ပြန်တိုက်ပါတော့တယ်။ လာအို အနောက်မြောက်ပိုင်းမှာ တရုတ်ဖြူတပ်တွေ ရှိနေတာဟာ စစ်ရေးအရ ဆိုးကျိုးတွေ ရှိပေမယ့် တရုတ်ဖြူတပ်တွေကို ကွန်မြူနစ် ဆန့်ကျင်ရေးသမားတွေ အဖြစ် လာအိုဘက်က မြင်ပါတယ်။ လာအို အမျိုးသား တပ်မတော် ကလည်း အကူအညီရှာနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။

၁၉၅၉ မေလအတွင်း ကျိုင်းတုံ−တာချီလိတ် လမ်းမကြီး အနီးက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် တရုတ်ဖြူ ၅၀၀ လောက် လာအိုဘက် ထွက်ပြေးသွားကြတယ်။ အုန်း က သူတို့ကို မဲခေါင်မြစ် အရှေ့ဘက်ကမ်း ဘန်ကွမ်မှာ အခြေချ နေခိုင်းတယ်။ တရုတ်နီအစိုးရက ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်တဲ့ ဖွီဆနနိကွမ်းက လာအိုမှာရှိတဲ့ ထိုင်ပေတပ်တွေ ဆုတ်ခွာပေးဖို့ အမေရိကန်က ပြောပေးပါလို့ အကူအညီ တောင်းတယ်။ မဲခေါင်မြစ်ရဲ့ ဟိုဘက်ကမ်းမှာလည်း အတူတူပါပဲ။ တရုတ်ဖြူတွေကို ထိန်းသိမ်းနိုင်ဖို့ အတွက် အမေရိကန်တွေက ကူညီဖို့ မြန်မာက တစာစာ ပြောနေတယ်။ ဝါရှင်တန်ကလည်း ထိုင်ပေနဲ့ ထိပ်တိုက် မရင်ဆိုင်ချင်တော့ လာအိုတွေကိုယ်တိုင်ပဲ ဗီယင်ကျန်းက တရုတ်ဖြူ ကောင်စစ်ဝန်ရုံးနဲ့ တိုက်ရိုက်အလုပ်လုပ်ကြဖို့ လိုလားကြောင်း ပြန်ပြောပါတယ်။ တကယ်တော့ လာအိုဘက်က တရုတ်ဖြူ ကောင်စစ်ဝန် တင်းယွိချင်း2 ကို ချဉ်းကပ်ဖူးပြီဖြစ်ပေမယ့် ဘာမှ ထူးမလာပါဘူး။

ထိုင်ပေရဲ့ “ကျေနပ်ဖွယ်မရှိတဲ့” သဘောထားနဲ့  မြန်မာနဲ့ လာအို ဘက်က အကူအညီ တောင်းလာရလောက်အောင် လုပ်တဲ့ ယူနန်အပျော်တမ်းတပ်တော်ရဲ့ လှုပ်ရှားမှုတွေကို ဝါရှင်တန်က နိုင်ငံခြားရေးဌာန အရာရှိတွေဟာ “အတော်ကြီးကို စိတ်ပျက်” နေကြပါတယ်။ တရုတ်ဖြူတပ်တွေ ရှိနေတာဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်သမ္မတနိုင်ငံ နှစ်ဖက်စလုံးကို အကျိုးယုတ်စေပါတယ်။ အနောက်နိုင်ငံတွေဘက် ပိုနီးကပ်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကိုလည်း စိတ်ပျက်စေပါတယ်။ ပထိတ်လာအိုတပ်ဖွဲ့တွေကို အစိုးရစစ်တပ်ထဲ ပေါင်းစည်းဖို့ လာအိုအစိုးရ ကြိုးပမ်းနေတာကိုလည်း ရှုပ်ထွေးစေပါတယ်။ ယူနန်အပျော်တမ်းတပ်တောကို ထိုင်ပေက ထောက်ပံ့ပေးနေတာက ကုလသမဂ္ဂမှာရှိတဲ့ ထိုင်ပေရဲ့ ထိုင်ခုံကိုကာကွယ်ပေးဖို့ အမေရိကန်က ကြိုးစားနေတာကို အနှောက်အယှက် အဟန့်အတား ဖြစ်နေပါတယ်။ ရွေးချယ်စရာ သိပ်မရှိတော့တာကြောင့် အနည်းဆုံးတော့ တရုတ်ဖြူ အမြဲတမ်း တပ်ဖွဲ့တွေကို ဆုတ်ခွာပြီး အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေအတွက် ထောက်ပံ့ပေးနေတာကို ရပ်ပစ်ဖို့ ထိုင်ပေကို တိုက်တွန်းပါလို့ အမေရိကန် အစိုးရက ထိုင်ပေရှိ သံအမတ်ကြီး အီး အက်ဖ် ဒရမ်ရိုက်ကို ညွှန်ကြားလိုက်ပါတယ်။

လျိုယွမ်လင်ရဲ့ တပ်တွေဟာ “သူတို့ဆန္ဒနဲ့ သူတို့ အလိုအလျောက် ဖွဲ့စည်းထားတဲ့” ကွန်မြူနစ် ဆန့်ကျင်ရေး ပျောက်ကြားတပ်တွေ ဖြစ်ပြီးတော့ တရုတ်သမ္မတနိုင်ငံ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ချန်ကေရှိတ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒရမ်ရိုက် ကို ပြောပါတယ်။ သူ့အစိုးရက လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတာလည်း မဟုတ်ဘူး၊ သုံးနိုင်ငံနယ်စပ်ဒေသမှာ တရုတ်သမ္မတနိုင်ငံ အမြဲတမ်းတပ်က အရာရှိတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာလည်း မဟုတ်ဘူးလို့ သူက လိမ်ညာပြီး ငြင်းဆိုပါတယ်။ အဲဒီက ဒုက္ခသည်တွေဆီ စားနပ်ရိက္ခာနဲ့ တခြားပစ္စည်းတွေ ပို့ပေးတယ် ဆိုတာကလည်း အစိုးရ အထောက်အပံ့နဲ့ လုပ်ဆောင်နေတဲ့ ဖရီးချိုင်းနားရီလစ်ဖ်အသင်းက လူသားချင်းစာနာတဲ့ အကူအညီသာဖြစ်ကြောင်း၊ ပြောပါတယ်။ ဒီအသင်းက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက သိလျက်နဲ့ ချိုပြီးပြောပါသေးတယ်။ လျိုယွမ်လင်ရဲ့ စစ်သားတွေအပေါ် ထိုင်ပေက အမိန့်ပေးလို့ မရဘူးနေ မလျှော့တမ်းပြောနေတုန်းမှာပဲ လာအိုမှာ ရှိတဲ့ တရုတ်သမ္မတနိုင်ငံ တပ်အားလုံး ဂျွန် ၂၁ ရက်မှာ မြန်မာနိုင်ငံဘက် ပြန်သွားစေရပါမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အာမခံလိုက်ပါတော့တယ်။

အမှန်ကတော့ ထိုင်ပေရော၊ ဗီယင်ကျန်းရော အမေရိကန်တွေအပေါ် ပွင့်လင်းရိုးသားမှု မရှိခဲ့ပါဘူး။ ၁၉၅၉ နွေကုန်ခါနီးမှာတော့ လာအိုက တရုတ်ဖြူတပ်တွေ လာအိုအစိုးရ တပ်တွေနဲ့ အတူလက်တွဲ တိုက်ခိုက်ဖို့ ကျန်ကျင်းကော် နဲ့ ဖွီ ဆနနီကွမ်း တို့ ဆွေးနွေးကြတယ်။ ပေကျင်းက ဝင်ရောက်စွက်ဖက်နိုင်မယ့် အကြောင်းပြချက်မျိုး ဖြစ်လာစေနိုင်တဲ့ ဘယ်လို ကိစ္စမျိုးကိုမဆို အပြင်းအထန် ကန့်ကွက်သွားကြရန် နိုင်ငံခြားရေးဌာနက သူ့လက်အောက် သံတမန်တွေကို ညွှန်ကြားတယ်။ ဗီယင်ကျန်းမှာတော့ ဝန်ကြီးချုပ် ဖွီ ဆနနီကွမ်းက တရုတ်ဖြူတပ်တွေ ဘယ်လိုပဲ ကမ်းလှမ်းလာလာ သူကတော့ ငြင်းမှာပါလို့ အမေရိကန်တွေကို ပြောတယ်။ ထိုင်ပေက လာအိုမှာရှိတဲ့ တရုတ်ဖြူတပ်တွေကို လိုအပ်မှသာ ဝါရှင်တန်နဲ့ တိုင်ပင်ပြီးတော့မှ အသုံးပြုမှာပါလို့ အဲဒီအတောတွင်း ကျန်ကျင်းကော် က အမေရိကန်တွေကို အာမခံပြန်တယ်။ ဘန်ကောက်မှာတော့ အမေရိကန်က ထိုင်းတွေအနေနဲ့ လာအိုနိုင်ငံက တရုတ်ဖြူ စစ်ဆင်ရေးတွေကို မထောက်ပံ့ဖို့၊ အားမပေးဖို့ ပြောလိုက်ပါတယ်။

ယူနန်−မြန်မာ နယ်စပ်မှာ အခြေချခြင်း

မြန်မာနိုင်ငံမှာ ရှိတဲ့ သူ့တပ်တွေ အင်အားတောင့်တင်းအောင် ထိုင်ပေက လုပ်ဆောင်နေတဲ့အချိန်မှာ ရန်ကုန်နဲ့ ပေကျင်းက အရာရှိတွေက ဗြိတိသျှတွေ ရေးဆွဲသတ်မှတ်ခဲ့တဲ့ မိုင် ၁,၅၀၀ လောက်ရှည်လျားပြီး အငြင်းပွားနေရတဲ့ တရုတ်−မြန်မာ နယ်နိမိတ်ကို အသစ်တဖန် ပူးတွဲ သတ်မှတ်နိုင်ဖို့ ဆွေးနွေးနေပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် နယ်စပ်ဒေသက အဓိက အစိတ်အပိုင်းသုံးခုနဲ့ ပတ်သက်လို့ အငြင်းပွားနေရပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းဖို့ တံခါးဖွင့်ထားကြောင်း ပေကျင်းက ရန်ကုန်ကို အာမခံပါတယ်။ အငြင်းပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ‘ဝ’ နယ်က နယ်မြေ အစိတ်အပိုင်းတွေကို ၁၉၅၆ နွေရာသီ အစမှာ တရုတ်နီတပ်တွေ ဝင်ရောက်သိမ်းပိုက်တဲ့ အချိန်အထိ ဒီပြဿနာကို မဆွေးနွေးဖြစ်ခဲ့ကြဘူး။ နိုဝင်ဘာလမှာတော့ သူ့တပ်တွေ မှားယွင်းဝင်ရောက် သိမ်းပိုက်မိတာဖြစ်ပြီး တပ်တွေ အားလုံးနီးပါး ပြန်ဆုတ်ခွာလာကြပြီ ဖြစ်ကြောင်း ပေကျင်းက ပြောပါတယ်။ ချက်ခြင်းထဆွေးနွေးကြတယ်ဆိုပေမယ့် နယ်စပ်ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါတယ်။ ၁၉၅၀ ဇန်နဝါရီလမှာတော့ ရှင်သန်နိုးကြွလာသော တရုတ်ပြည် စစ်ဆင်ရေးအတွက် ပြင်ဆင်နေရင်း လျိုယွမ်လင်ရဲ့ တပ်တွေက အင်အားကြီးထွားလာပါတယ်။ ပေကျင်းဘက်က အလွန်အမင်း တောင်းဆိုထားတာတွေကို အလျှော့ပေးလိုက်ပြီး နှစ်ဖက်စလုံးက နည်းနည်းပါးပါးအလျှော့ပေး ပြင်ဆင်ပြီးတော့ တရုတ်−ဗြိတိသျှ နယ်နိမိတ်ဟောင်း အတိုင်း ဆက်လက်ထားရှိဖို့ကို သဘောတူလိုက်ပါတယ်။ ဆယ်နှစ် သက်တမ်းရှိ “ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေး စာချုပ်” ကို ဗိုလ်ချုပ်ကြီးနေဝင်းက ပေကျင်းမှာ လက်မှတ်ထိုးပါတယ်။ နှစ်ဖက်နယ်စပ်ဒေသကို အပြည့်အဝ ကွင်းဆင်း ခွဲခြား သတ်မှတ်နိုင်ဖို့ အတွက် ပေကျင်းက ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တရုတ်−မြန်မာ နယ်စပ်ရေးရာ ပူးတွဲကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးအတွက် လိုအပ်ရင် လေကြောင်းက လေ့လာတိုင်းတာနိုင်ရေး၊ ‘ဝ’ နယ်က နယ်ခြားအမှတ်အသားတွေကို ပူးတွဲမြေတိုင်းအဖွဲ့တွေက ကွင်းဆင်း စစ်ဆေးရေးတွေကို လက်ခံဖို့ ကော်မတီက သဘောတူပါတယ်။ ပြီးတော့ ကော်မတီရဲ့ ရန်ကုန်မြို့ ဩဂတ် ၂၃ ရက် တတိယအကြိမ် အစည်းအဝေးမှာ သဘောတူညီချက်ရဲ့ နောက်ဆုံးမူကြမ်းကို ပြန်သုံးသပ်ကြဖို့ သဘောတူလိုက်ကြပါတယ်။

  1. ယူနန်ကွန်မြူနစ်ဆန့်ကျင်ရေး အပျော်တမ်းတပ်တော်က တပ်သားတွေဟာ တလကို ထိုင်းဘတ် ၄၅ ဘတ် (အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ) ပဲ ရပါတယ်။
  2. တင်းမောက်ရှီ လို့လည်းခေါ်တယ်။ ပြင်သစ်မှာ ပညာသင်ခဲ့ဖူးသူဖြစ်ပြီး လီမီရဲ့ လူယုံ တင်းကျုံးချန် ရဲ့ ညီဖြစ်တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar