Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၄ မြင်ကွင်

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၄ မြင်ကွင်း

(မိုးမခ) မေ ၁၅၊ ၂၀၂၂


စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလ ကဆုန်လပြည့်နေ့ 

ပုံမှန်အခြေအနေမှာ အခါကြီး နေ့ကြီးရက်ကြီးနေ့တွေဆိုရင်  ရန်ကုန်မြို့ တိရစ္ဆာန်ရုံ၊ ရွှေတိဂုံဘုရားတို့မှာ နံနက်က စလို့ မွန်းလွဲပိုင်းတွေအထိ ကြိတ်ကြိတ်တိုးလောက်အောင် စည်ကားလေ့ရှိပြီး ညနေစောင်း ကဆုန်ညောင်ရေသွန်းတဲ့ အချိန်ဆို ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ မယ်လမု၊ ကမ္ဘာအေး စတဲ့ မြို့နယ်အသီးသီးက ဘုရားစေတီတွေမှာ စည်ကားလေ့ရှိပါတယ်။  

ပြီးခဲ့တဲ့ နှစ်ကတော့ စစ်အာဏာသိမ်းပြီးနောက် ဖြိုခွဲမှုတွေ၊ ဆန္ဒပြမှုတွေအနည်းငယ် အရှိန်လျော့ခါစ၊ ကိုဗစ်ကူးစက်မှုတွေ ရှိနေချိန် ကန့်သတ်ချက်တွေလည်း ရှိနေချိန် ၊ လူအများက လူစုလူဝေးနဲ့ သွားလာတာကို အားမပေးကြတဲ့ကာလဖြစ်ပြီး အဲဒီလို သွားလာလည်ပတ်တာတွေ မတွေ့ခဲ့ရပါဘူး။ အခုနှစ်မှာတော့ မနှစ်ကထက်စာရင် လူတွေ သွားလာကြတာ တွေ့ရပြီး ပုံမှန်နှစ်တွေလိုတော့ မစည်ကားသေးပါဘူး။  

ကိုဗစ်ကန့်သတ်ချက် အတော်များများ ပယ်ဖျက်ထားပြီး စစ်ကောင်စီက လူအများ ပုံမှန်သွားလာနေတာမျိုး အခြေအနေတည်ငြိမ်နေပြီ ဆိုတာမျိုးကို ပြသချင်တာလည်း ဖြစ်လို့ သွားလာစုဝေးတာတွေကို စစ်ကောင်စီက အားပေးတာလည်း ဖြစ်ပါတယ်။ လက်တွေ့အခြေအနေမှာတော့ လူထုက သွားလာလည်ပတ်နိုင်လောက်တဲ့ ရုပ်ဝတ္ထုအခြေအနေမျိုး၊ ဝင်ငွေမျိုး မရှိကြပါဘူး။ ရပ်ကွက်တွေထဲ မုန့်၊ ဟင်းသီးဟင်းရွက်၊ အသား ငါး၊ ဘုရားပန်း၊ သစ်သီး၊ ပန်းပင်စိုက်တဲ့ မြေဆွေးကအစ လှည့်လည်ရောင်းချတဲ့ စျေးသည်တွေ တနေ့လုံး လှည့်လည်ရောင်းချနေတာကို ကြည့်ရင် တနေ့တာ ဝင်ငွေရဖို့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး ဆိုင်ခန်းနေရာမလိုတဲ့ လှည့်လည်စျေးရောင်းတဲ့ အလုပ်အကိုင်နယ်ပယ်မှာ အများအပြား လုပ်ကိုင်နေကြရတာကို သတိပြုမိပါတယ်။ ကိုဗစ် ကူးစက်ကပ်ဘေးနောက်ပိုင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်ထဲက စျေးသည်တွေ ၂ ဆ ၃ ဆမက များပြားလာတာ ဖြစ်ပါတယ်။  

ဒီအချက်တွေကြောင့်လည်း ကဆုန်လပြည့်လို အခါကြီးရက်ကြီးမှာ အရင်ပုံမှန်ကာလလို သွားလာ လည်ပတ်နိုင်တဲ့အရေအတွက် ထက်သိသိသာသာ လျော့နည်းသွားတာ ဖြစ်ပါတယ်။  

မန္တလေးမြို့မှာတော့ စစ်ကောင်စီက ဆွမ်းဆန်လောင်းပွဲကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး အောင်မြင်တယ်၊ မအောင်မြင်ဘူး စသဖြင့် အမျိုးမျိုးသော ရှုထောင့်တွေက သတင်းတွေ ဖော်ပြနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဘာသာရေး အခမ်းအနားကို ကမကထ လုပ်တဲ့ အဖွဲ့အစည်းက လူထုကို ဖိနှိပ်သတ်ဖြတ်မှုတွေ လုပ်နေတဲ့ အာဏာသိမ်းထားတဲ့ စစ်တပ် ဦးဆောင်တဲ့ စစ်အစိုးရဖြစ်နေပြီး တဖက်မှာလည်း ဘာသာရေး အခမ်းအနားဖြစ်လို့ သံဃာတော်တွေက ပါဝင်ကြတာလည်း ဖြစ်ပါတယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာမျိုးတွေ နဲ့ ဖရိန်ချပြီး  ဒီလို ဘာသာရေးအခမ်းအနားကို နိုင်ငံရေးရှုထောင့်ကနေ အလွန်အကျွံ ချဥ်းကပ်ဖို့  မလိုအပ်ဘူးလို့ မြင်ပါတယ်။  

နိုင်ငံရေး လှုပ်ရှားမှုမဟုတ်ဘဲ နိုင်ငံရေးအရ နောက်ကွယ်မှာ ရည်ရွယ်ချက်ပါတာ မှန်သော်လည်း ဒီလိုအခမ်းအနားကို အရေးတကြီး သဘောထားစရာလည်း မလိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။  

နိုင်ငံရေး အနိုင် အရှုံးဟာ အခုလို ဘာသာရေး၊ ယဥ်ကျေးမှု၊ ပညာရေးတို့လို နယ်ပယ်က ရှိုးပြတဲ့ပွဲလမ်းတွေက အဆုံးအဖြတ်ပေးတာ မဟုတ်ဘူးလို့ မြင်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး အရှုံး အနိုင် အဆုံးအဖြတ်ပေးတဲ့အရာတွေက မဟာဗျူဟာ၊ အင်အား၊ မဟာမိတ် ဖွဲ့စည်းဆောင်ရွက်နိုင်မှု၊ လက်ရှိ မြန်မာ့အခြေအနေနဲ့ ကမ္ဘာ့အခြေအနေတို့ရဲ့ မျက်နှာသာပေးမှု တနည်း လိုက်ဖက်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ စတာတွေ ဖြစ်ပါလိမ့်မယ်။  

အခုလို ဘာသာရေးအရ နေ့ကြီးရက်ကြီး အခါသမယမှာ မြို့နေလူထုရဲ့ ကျပ်တည်းမှု ခက်ခဲမှုကိုလည်း သတိထားမိသလို အမှန်တကယ် အရေးတကြီး ကူညီအားပေးဖို့ လိုအပ်တာက လက်နက်ကိုင်ပဋိပက္ခကြားက သိန်းနဲ့ သန်းနဲ့ချီတဲ့ ကျေးလက်နေလူထု ရဲ့ ခံစားနေရမှုတွေကို မျှဝေခံစားဖို့ ကူညီနိုင်တာ ကူညီဖို့ အချက်ပဲဖြစ်တယ်လို့ ထင်ပါတယ်။  

အခုလို ကာလမှာ စစ်ဘေးကြောင့် နေအိမ်တွေ မီးလောင်ကျွမ်း ပိုင်ဆိုင်မှုတွေ ပျက်စီး ယူဆောင်ခံရ၊ မိသားစုဝင်တွေ အသက်ဆုံးရှုံး၊ အသက်အရွယ် ကြီးရင့်သူတွေ ကျန်းမာရေး မကောင်းသူတွေလည်း တောထဲ တောင်ထဲ ရာသီဥတုဒဏ်အောက်မှာ ပုန်းအောင်း အိပ်စက်ကြရတဲ့ အခြေအနေ ၊ သန့်ရှင်းတဲ့ ရေကောင်းကောင်းမရှိတဲ့အခြေအနေ တိုက်ပွဲတွေကြားမှာ တနေရာပြီးတနေရာ တိမ်းရှောင်ကြရတဲ့ အခြေအနေအောက်မှာ နေနေကြရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းက လူထုတွေရဲ့ ဘဝက မြို့ပေါ်က စားဝတ်နေရေးကျပ်တည်းတဲ့ သူတွေရဲ့ ဘဝထက် အပုံကြီး ခက်ခဲကျပ်တည်းတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar