Breaking News

အေးငြိမ်း ● ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ

အေးငြိမ်း ● ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ
(မိုးမခ) ဇွန် ၉၊ ၂၀၁၉

ဘကြီးမောင်ယာ၏ သက်မွေးဝမ်းကျောင်းအလုပ်မှာ ပန်းဘဲဖြစ်၏။ တောရွာ၌ကြီးပြင်းပြီး ပန်းဘဲအလုပ်ဖြင့် အသက်မွေးနေ သော်လည်း ဘကြီးမောင်ယာမှာ တကယ့်ပညာရှိတစ်ဦးဖြစ်၏။ စကားအပြောအဆို နူးညံ့သိမ်မွေ့ပြီး ရုပ်ရည်မှာလည်း အလွန်သန့်လေ၏။ ဘကြီးမောင်ယာကား အလွန်ချစ်စရာကောင်းသူတစ်ဦး ဖြစ်လေသည်။

(မှတ်ချက်။ ။ ပညာရှိဆိုလို့ ခညားတို့လို Ph.D တွေ၊ Ph.E, Ph.F တွေ။ MBA, MBC, MBZ တွေ ရခဲ့တာ မဟုတ်ပါ။ ဘုန်းကြီး ကျောင်းထွက်ပင် ဖြစ်ပါသည်။ ပညာရှိဆိုတာ ဘွဲ့ဒီဂရီတွေနှင့် လားလားမှ မပတ်သက်ကြောင်း မယ်ခွေကဗျာကိစ္စနှင့်ပင် သိနိုင်ကြပါသည်။ ဤကား စကားချပ်)

ကိုအောင်မြင့်ရွှေတို့က ဘကြီးမောင်ယာကို ရန်ကုန်မှာခေါ်ထားတော့ ကျွန်တော် သူတို့အိမ် အလည်သွားတိုင်း ဘကြီးမောင် ယာက ဆုံးမစကားများ ပြော၏။ သူပြောတာတွေမှာ မှတ်စရာအပြည့်ပါသည်။

တစ်ခုသောညနေတွင် ဘကြီးမောင်ယာက ကျွန်တော့်ကို ပုံပြင်လေးတစ်ပုဒ် ပြောပြ၏။ ပုံပြင်နာမည်မှာ "ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ" ဟူ၏။ ပုံပြင်လေးမှာ အောက်ပါအတိုင်း ဖြစ်၏။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ်ကာလ တက္ကသိုလ်ပြည်မှာ ဒိသာပါမောက္ခဆရာကြီးသည် လူငယ်တို့တတ် အပ်ရာ အဋ္ဌာရသပညာရပ်များ သင်ကြားပေးနေသည်ဟူသတတ်။

တစ်နေ့တွင် ဆရာကြီး၏ ကျောင်းသို့ လူငယ်နှစ်ဦး ငိုက်စိုက်ငိုက်စိုက်နှင့် ချီတက်လာလေရာ ဆရာကြီးလည်း ထိုသူငယ်နှစ်ဦး ကို အကဲခတ်လျက်ရှိ၏။

လူငယ်များမှာ တောလမ်းခရီးမှ လာခဲ့ရသဖြင့် ခြေထောက်တွင် ရွှံ့များပေကျံနေလေရာ ကျောင်းပေါ်မတက်မီ ခြေနင်းခုံ၌ ခြေဆေးကြ၏။

ပထမလူငယ်မှာ ရေများကို တဗွမ်းဗွမ်းနှင့် လောင်းဆေးလေ၏။ ရေအိုးသာ တစ်ဝက်လောက်ကုန်သွားသည် ဖနောင့်မှရွှံ့မှာ မစင်လေ။

ဒုတိယလူငယ်မှာမူ ရေကိုခပ်၊ ခြေကိုသင့်ရုံလောင်းကာ ရွှံ့များကို သေချာစွာ ပွတ်သပ်ဆေးကြော၏။ ထို့နောက်မှ နောက် ရေတမှုတ်ဖြင့် သတိထားပြီး စင်ကြယ်အောင် ဆေးကြောလေရာ ရေနှစ်မှုတ်မျှနှင့်ပင် ခြေထောက်မှာ သန့်ရှင်းစင်ကြယ် သွားလေ၏။

သည်လူငယ်နှစ်ယောက်ကိုကြည့်၍ ဆရာကြီးမှာ ခေါင်းတငြိမ့်ငြိမ့်ရှိလေသည်။

ချုပ်ရလျှင် ထိုလူငယ်နှစ်ဦးသည် ဆရာကြီးထံ၌ သုံးနှစ်သုံးမိုး ပညာသင်ကြားပြီး ဂရက်ဂျူရေးရှင်း ဆယ်ရီမိုနီ၌ ဘက်ချလာ လက်မှတ်ကြီးများကို အပ်နှင်းခံရပြီးသကာလ ပြည်တော်သို့ ပြန်ကြလေကုန်သတည်း။

သူငယ်ချင်းနှစ်ယောက် အတူပြန်ခဲ့ရာ တောလမ်းတစ်ခု၌ အလွန်ကြီးမားသော ခြေရာကွက်ကြီးများ တွေ့လေရာ ပထမ သူငယ်မှာ ကြောက်လန့်လျှက် အောင်မငီး၊ သည်လောက်ကြီးတဲ့ခြေရာကြီးဆို နည်းတဲ့ကောင်ကြီးမဟုတ်ဘူး။ တွေ့များတွေ့ ရင် ငါတို့ကို သတ်မှာ မုချပဲ ဆိုကာ သူငယ်ချင်းဖြစ်သူတားဆီးနေသည့်ကြားမှပင် (ဦးဝရသ ကဲ့သို့) အသားကုန်ထွက်ပြေးလေ၏။

ဒုတိယသူငယ်မှာမူ ခြေရာကို အနားကပ်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုလျက် အင်း၊ ဒါဟာ ဆင်ခြေရာကွက်ပဲ။ ဆင်တောင်မှ ဆင်မကြီးပါလား။ ဇီးကြီးနဲ့။ နောက်ပြီး မွေးခါနီးနေပြီ။ တစ်ခါတော့ဖြင့် ကော်ပေါက်တိုးပဟေ့ဟု တစ်ကိုယ် တည်းရေရွတ်ကာ ရှေ့ဆက်သွားလေရာ ၎င်းထင်သည့်အတိုင်းပင် ကလေးမွေးပြီးစ ဆင်မကြီးကို ဆင်ပေါက်ကလေးနှင့်အတူ တွေ့ရလေ၏။

သူငယ်လည်း မြက်နု၊ ငှက်ပျော စသည့် ဆင်မကြီးကြိုက်တတ်သည့် အစာများကို ယူသွားကာ ချော့မြူလျက် ဆင်မကြီးနှင့် ယဉ်ပါးအောင်လုပ်လေ၏။ ထို့နောက်တွင်မတော့ ဆင်မကြီးကိုစီးကာ ဆင်ကလေးကို နောက်ကပါစေပြီး ဆက်လက်ချီ တက်ခဲ့ရာ မွေးရပ်မြေဖြစ်သော ဗမှားပြည်ကြီးသို့ ဆိုက်ရောက်လေသတည်း။

ရွှေမြို့တော်ကြီးသို့ ဆင်မကြီးစီးကာဝင်လာသည့် သူငယ်ချင်းဖြစ်သူကို တွေ့သည့်အခါ ပထမသူငယ်မှာ တအံ့တသြဖြစ်လျက် မေးမြန်းလေရာ ဒုတိယသူငယ်လည်း ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလေ၏။

ထိုအခါ ပထမလူငယ်က ...
"အင်း၊ ဆရာကြီးဟာ အတော့်ကို မတရားတဲ့သူပဲ။ ကျောင်းလခညီတူညီမျှပေးပြီး ကျောင်းတက်ခဲ့ကြသူချင်း အတူတူ သူ့ကို တော့ ပညာအကုန်သင်ပေးတယ်။ ငါ့ကျတော့ ပညာတွေချန်ထားတယ်။ ငါ ဆရာကြီးကိုတရားစွဲမယ်" ဟု တွေးကာ ဆရာ ကြီးဆီ ထွက်ခွာလာခဲ့လေ၏။

ဆရာကြီးဆီရောက်လေသော် ခရီးရောက်မဆိုက် ...
ဆရာကြီး ဘာကောင်းသလဲ။
ကျောင်းလခပေးပြီး စာသင်တာချင်းအတူတူ ဟိုကောင်ကိုတော့ ပညာတွေ အကုန်သင်ပေးတယ်။ ကျုပ်ကျတော့ အကုန် သင်မပေးဘူး။ ဆရာကြီးကို ၆၆ (ဃ) နဲ့တရားစွဲမယ်။ (ဟုတ်ပေါင်၊ မှားကုန်ပြီ။ ဆောရီး၊ ဆောရီး။)

၎င်းပြန်လာမည်ဆိုသည်ကို သိနှင့်နေသော ဆရာကြီးက "လာပါမောင်၊ ခဏထိုင်ပါဦး။ ဟောဒီ နက်စ်ကော်ဖီက အတော် သောက်လို့ကောင်းတယ်။ ကော်ဖီလေးများသောက်ပါဦး" ဆိုပြီးမှ ရှင်းပြ၏။

ဒီလိုကွဲ့မောင်ရဲ့။ ဆရာကြီးက ဟိုသူငယ်ကို ပညာအကုန်သင်ပေးဆို - သူက ဆရာကြီးချေးကို နေ့တိုင်းစားတယ်ကွဲ့။ မောင် လည်း ဆရာကြီးပညာကို အကုန်လိုချင်ရင် သူ့လိုပဲ ဆရာကြီး ယိုထားတဲ့ချေးကို စားရလိမ့်မယ်။

သူငယ်လည်း မျက်လုံးများ ဝင်းလက်လာလျက် ...
"ဟာ၊ ဆရာကြီးနှယ်။ အဲသဟာ အခုမှပြောရသလား။ ဆရာကြီးပညာတွေသာ အကုန်ရမယ်ဆို ကျွန်တော် ဆရာကြီးချေးကို စားပါမယ်" ဟု အားတက်သရော ပြောလေ၏။

ဆရာကြီးလည်း တပည့်တစ်ယောက်ကိုခေါ်။ ဝါးတစ်ဆစ်ကို ယူစေလျက် ဝါးဆစ်၌ အပေါက်ဖောက်ခိုင်း၏။ ထို့နောက် ငှက် ပျောသီးနှင့် ထန်းလျက်ကို ရောနယ်စေကာ ဝါးဆစ်ထဲထည့်၊ တစ်ဖက်မှနေ၍ ညှစ်ထုတ်ကာ ငှက်ပျောဖက်ပေါ်၌ သုံးပုံပုံ စေပြီး အိမ်သာအတွင်း သွားထားစေ၏။

ထို့နောက် ကျောင်းပေါ်ပြန်တက်လာပြီး ချေးစားရန် အားတက်သရော စောင့်မျှော်နေသူ သကောင့်သားကလေးကို ကိုင်း၊ မောင်ရင်။ ဆရာကြီး အိမ်သာထဲမှာ ချေးသုံးပုံယိုပြီး ငှက်ပျောဖက်ပေါ် ပုံထားခဲ့တယ်။ သွားစားချေပေတော့ဟု ခိုင်းလိုက်၏။

သူငယ်လည်း ဝမ်းသာအားရ ကျောင်းပေါ်မှ ပြေးဆင်းလျက် အိမ်သာထဲ၌ ဆရာကြီးပြင်ထားခဲ့သော ငှက်ပျောဖက်ပေါ်မှ အ ရာများကို ပလုပ်ပလောင်း စားလေ၏။

စားရင်းနှင့်မှ တွေးမိသည်မှာ -
"အင်း၊ ပညာရှိဆိုတာ ချေးတောင်မှ ငါတို့ချေးလို နံမနေပဲ မွှေးပြီး ချိုနေပါလား"  ဟူ၏။

အားလုံးကုန်သွားလေသော် ကျောင်းပေါ်ပြန်တက်ခဲ့၏။

"ဘယ့်နဲ့လည်းမောင်၊ စားလို့ကုန်ခဲ့ပြီလား။"

"ကုန်ခဲ့ပါပြီဆရာကြီး"

"ဘယ့်နဲ့နေသလဲကွဲ့။ ဆရာကြီးချေး"

"ဟာ၊ ပညာရှိများရဲ့ချေးဟာ မွှေးပြီးချိုနေပါကလား ဆရာကြီးရဲ့။ ကျွန်တော်တို့ချေးဆိုရင် စားဘို့မပြောနဲ့။ အနားတောင် မကပ်နိုင်ဘူး။"

ထိုအခါမှ ဆရာကြီးက ...
"အိမ်း၊ အိမ်း၊ ကောင်းပါပေရဲ့မောင်။ ချေးမှန်း၊ ငှက်ပျောမှန်းတောင်မခွဲတတ်တဲ့ မင့်လိုကောင်ကို ငါက ဘယ်လိုလုပ် ပညာ သင်ပေးလို့ ရမတုံးကွဲ့။ အဲဒီတော့ ...
ရွာပြန်။ ဘာမှလုပ်စရာမလိုဘဲ လမ်းလေးလျှောက်ပေးရုံနဲ့ တစ်နေ့ သုံးထောင်ရတဲ့အလုပ်ကိုလုပ်။ ဒါပေမယ့် ထမင်းဘူး ဝေ လာရင်တော့ ဖွင့်ကြည့်ဦးနော။ တော်ကြာ ဒန်ပေါက်ဆိုပြီး ကြာဇံကြော်တွေ ဖြစ်နေဦးမယ်" ဟု ဆုံးမကာ ပြန်လွှတ်လိုက် လေသတည်း။

မောင်ညီမလေးတို့ရေ ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မောင်ညီမလေးတို့လည်း ချေးမှန်း၊ ငှက်ပျောမှန်းခွဲတတ်အောင် အခုကတည်းက ကိုယ်ယိုထားတဲ့ချေးကိုယ် သေသေချာချာ ပြန်နမ်းကြည့်ကြဦးနော်။

ကျွနု်ပ်တို့ မြန်မာပြည်ကြီး၌လည်း ချေးမှန်း၊ ငှက်ပျောမှန်းမသိသူများ အတော်ပေါလေသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈၊ ဇွန်လ၊ ၂၀၁၉
မနက် ၁၁ း ၅၂ နာရီ