Breaking News

မိုးမခအက်ဆေး - ကျော်ကျော် မြရည်စမ်း " ဓာတ်ပုံဒိုင်ယာရီ ''

မိုးမခအက်ဆေး
အောက်တိုဘာ ၄၊ ၂၀၂၁

" ဓာတ်ပုံဒိုင်ယာရီ ''
ကျော်ကျော် မြရည်စမ်း

၁။ 

ကျွန်တော်သည် ချိန်ညှိရသော ကင်မရာများကို ကိုင်တတ်သူ မဟုတ်ပါ။ ရာသီဥတု အခြေအနေ၊ အလင်းအမှောင်အနေအထား ၊ ရည်ရွယ်ရာ သက်ရှိသက်မဲ့၏ အကွာအဝေးအလိုက် လက်ညှိုး လက်မကလေးဖြင့် ချိန်ညှိ ကစားပေးရသော ကင်မရာမျိုးကို တခဏတာလေးမျှသာ ကိုင်ကြည့်ခဲ့ဖူးသည်။ ကိုနီကာ၊ နီကွန်၊ဟီတာချီ စသည့် ဂျပန်နာမည်လေးများဖြင့် ကင်မရာများကို စိတ်ဝင်စားသော်လည်း အနေဝေးခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်အတော်ကြာက မန်းလေးသား အစ်ကိုကြီးတစ်ယောက်နှင့် ခင်မင်ခဲ့ရသည်။ မည်သို့ဖန်တီးထားသည်ဟု ကျွန်တော်သေသေချာချာမသိသည့် အမှုန်လေးများ၊ လိုင်းများထဲမှာ စကားပြောဖြစ်ခဲ့ကြသည်။ သူက ဓာတ်ပုံခရေဇီ။ ယခုကဲ့သို့ ဖုန်းကင်မရာကောင်းကောင်းများ မရောက်ခဲ့ခင်ကတည်းက ခပ်ညံ့ညံ့ အော်တိုကင်မရာလေးဖြင့်ပင် မြက်ဖျားထိပ်မှာ ရေမှုန်ရေမွှားလေး လှုပ်ခါနေပုံကို  ရအောင်ရိုက်ထားသည်။

သူ့ထံတွင်လည်း တချိန်တုန်းက အော်တိုကင်မရာလေးသာ ရှိခဲ့ဖူးကြောင်း သိခဲ့ရသည်။ အော်တိုကင်မရာလေးနှင့်ပုံကောင်းကောင်းလေးတွေရဖို့ သူအားထုတ်ခဲ့ရပုံကို ကျွန်တော်သိခဲ့ရသည်။

ဖုန်းကလေးတွေနှင့် ဓာတ်ပုံရိုက်လို့ အဆင်ပြေသည့် ခေတ်ကို ရောက်လာခဲ့သည်။ ထိုအခါတွင် မကြာခဏဆိုသလို ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့သည်။ အော်တိုဖိုးကပ်စ်လေးတွေ ဖြစ်သဖြင့် ရိုက်ရတာ လွယ်ကူပါသည်။

၂။ 

လွယ်လင့်တကူ ဓာတ်ပုံရိုက်ခွင့် ရလာသည့်အခါ ငယ်စဉ်ဘဝက ဓာတ်ပုံဆရာကြီးတစ်ဦးနှင့် လိုက်ပါသွားခဲ့ဖူးသည့် နေ့ကို ပြန်သတိရသည်။

ကျွန်တော်တို့ မြို့ကလေးအနားတွင် တောင်ပေါ်မှ စီးလာသော စမ်းချောင်းကလေးရှိသည်။ စမ်းချောင်းကလေးက ရထားလမ်းတံတားကြီးအောက်မှ ဖြတ်၍ စီးဆင်းနေသည်။ ကျောက်တုံး ကျောက်ခဲကြီးများကြားထဲတွင် စမ်းရေကြည်ကြည်ကလေးများ ဖြတ်စီးသွားကြသည်။ လှပသည်ဟု ပြောရသည်ထက် သာလွန်ပါသည်။

မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံအရိုက်ခံမည့် အစ်မကြီးတစ်ဦးက မိတ်ကပ်ပြင်နေသည်။ မှန်ထိုးပေးမည့် ဦးလေးကြီးက ထုပ်ပိုးသယ်ယူလာသော ရောင် ပြန်အပြားများကို ထုတ်ယူနေသည်။ ထိုစဉ်...မမျှော်လင့်ထားသော မိုးက သည်းသည်းကြီး ရွာချလိုက်သည်။ ဓာတ်ပုံကင်မရာထည့်သော သားရေအိတ်မှာ ရေ လုံသောအိတ်ဖြစ်ကြောင်း ထိုစဉ်မှ ကျွန်တော်သိသည်။ လူများက ရွဲစိုသွားကြသည်။ ချောင်းရေက ရွံ့နစ်ဝါဝါများဖြင့် နောက်ကျိသွားတော့သည်။ မိုးမရွာခင်က ကြည်လင်နေသော စမ်းချောင်းကလေးသည် အကျည်းတန်သွားတော့သည်။ ထိုနေ့က  မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံမရလိုက်ပါ။ တံတားအပေါ်တွင် ရထားဖြတ်သည့်အခါ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြသည်။ ထိုဆရာကြီး၏ကင်မရာက အလွန်ကောင်းမွန်ပုံ ရပါသည်။ အဝေးမှဖြတ်သန်းသွားသော ရထားတွဲ၏ တွဲနံပါတ်များကိုပါ ဓာတ်ပုံထဲမှာ မြင်ရသည်။

ထိုဓာတ်ပုံလေးကို နှစ်ပေါင်း ၂၀ နီးပါး ကြာသောအခါ ကျွန်တော်ပြန်တွေ့မိသည်။ ကျွန်တော့်အသက်မှာလည်း ထိုဓာတ်ပုံအရိုက်ခံစဉ် ကာလထက် နှစ်ဆကျော်ကြီးခဲ့ပြီဖြစ်သည်။ ဓာတ်ပုံကို ပြန်ကြည့်ဖြစ်သောအခါ ထိုစဉ်ကအကြောင်းအရာများကို ကျွန်တော်ပြန်သတိရသည်။ တစိမ့်စိမ့်ဖြင့် သတိရလာခြင်း ဖြစ်သည်။ ထိုနေ့က မြို့လေးမှ နေ၍ ထိုစမ်းချောင်းကလေးရှိရာ တံတားဆီသို့ လာခဲ့ကြပုံ၊ မိုးတွေရွာလာပုံ၊ မိုးတိတ်အောင် စောင့်နေကြစဉ် မှန်ထိုးသမား ဦးလေးကြီးက လက်ဖက်ရည်နှင့်မုန့်များကို မိုးရွာကြီးထဲ သွားဝယ်ပုံ၊ မိုးတိတ်သွားပြီးနောက် စမ်းချောင်းကလေး နောက်ကျိသွားပုံများကို မြင်ယောင်လာသည်။

ထိုနေ့က အတူသွားသူတချို့ ကွယ်လွန်ခဲ့ကြပြီ။ ဓာတ်ပုံဆရာကြီးပင် ကွယ်လွန်သွားခဲ့ပြီ။ သို့သော် ထိုဓာတ်ပုံထဲမှ အဖြစ်အပျက်များက ရှင်သန်နေဆဲလို။

ကျွန်တော်၏ဓာတ်ပုံတစ်ပုံအပေါ်ခံစားမှုအကြောင်း ကျွန်တော့်ဘာသာ စဉ်းစားဖြစ်ခဲ့သည်။ မည်သို့မျှ ပညာရှင်မဆန်ကြောင်း သတိထားမိပါသည်။ဓာတ်ပုံပညာရှင်များက အထားအသို၊ အလင်းအမှောင်...စသဖြင့် ခံစားကြမည်ဟု ထင်မိသည်။ သို့သော် ကျွန်တော့်ခံစားရမှုအပေါ် ဘာသာကျေနပ်ခဲ့ပါသည်။

ကျွန်တော့်ချစ်သူနှင့်သူ၏ဆွေမျိုးသားချင်းများ ပုပ္ပားသို့အလည်အပတ်သွားကြရာတွင် ဓာတ်ပုံလေးတစ်ပုံ ရိုက်ဖြစ်ခဲ့ကြသည်။ ငယ်ရွယ်စဉ်သမီးရည်းစားဘဝက ထိုဓာတ်ပုံလေးကို ကျွန်တော့်အားပေးခဲ့ဖူးသည်။ ထိုဓာတ်ပုံလေးထဲမှာ ပါဝင်ကြသည့် သူများသည် နောင်အခါတွင် ကျွန်တော့်မယားညီအကို၊ မရီး၊ စသဖြင့် အမျိုးများ ဖြစ်လာကြသည်။ မကြာသေးခင်က ထိုဓာတ်ပုံလေးကို ပြန်ကြည့်မိသည်။ ကျွန်တော့်မယားညီအစ်ကိုကား ဆုံးပါးသွားခဲ့ပြီ။ မရီးက အတော်ဝနေပြီ။ ထိုစဉ်က ကျွန်တော့်ချစ်သူဖြစ်ခဲ့ပြီး ယခုဇနီးဖြစ်နေသူက အသားအတော်ဖြူလာပြီး ယခင်တုန်းကလောက် ပါးချိုင့်နက်နက်မရှိတော့။
သူတို့ဓာတ်ပုံရိုက်စဉ်က ပုပ္ပားသည်လည်း ယနေ့ပုပ္ပားနှင့် တူနိုင်တော့မည်မဟုတ်။

၃။

တစ်ပါးသူကို မထိခိုက်ဟု ယူဆမိသည့် အခါတိုင်း  စိတ်လိုလက်ရရှိခဲ့လျှင် ဖုန်းကင်မရာလေးဖြင့် ကျွန်တော်ဓာတ်ပုံ ရိုက်မိပါသည်။ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ချစ်ခင်စရာ၊ သနားစရာ၊ ရွံရှာဖွယ်စရာ၊ ဒေါသဖြစ်ဖွယ်ရာ ဓာတ်ပုံလေးများစွာကို ဖုန်းထဲမှာ ရောက်နေကြသည်။ တခါတရံတော့ ရိုက်ကူးထားမိသည့် ဓာတ်ပုံလေးများကို ပြန်ကြည့်မိပြီး စာတစ်ပုဒ်တလေ ရေးဖြစ်ခဲ့သည်။ နေ့စဉ်မှတ်တမ်း ပုံမှန်ရေးဖြစ်ဖို့မလွယ်ကူသည့်အခါ ရိုက်ကူးမိသည့် ဓာတ်ပုံလေးတွေက နေ့စဉ်မှတ်တမ်းသဖွယ် ဖြစ်နေတာမျိုးကိုလည်း ကြုံခဲ့ရသည်။

ကိုဗစ်ရောဂါ အတော်ကလေးသည်းထန်နေခဲ့သည့်သင်္ကြန်အပြီးရက်များတွင် မင်္ဂလာဒုံရထားလမ်းကူးသို့ မလွှဲသာသည့်ကိစ္စတခုဖြင့် သွားရသည်။ ပုံမှန်အတိုင်းဆိုပါလျှင် ကားများ ရထားများကြောင့် ယာဉ်ထိန်းရဲပင် ထားပေးသင့်သည့်လမ်းကူးသည် ခြောက်သွေ့လျက် ယာဉ်တစ်စီးမှ မရှိ။ ခြောက်သွေ့လွန်းပြီး ခြောက်ခြားစရာပင် ကောင်းနေသေးသည်။ ထူးခြားလွန်းသောကြောင့် ဖုန်းကင်မရာလေးဖြင့် ဓာတ်ပုံရိုက်မိသည်။ ထိုပုံလေးကို တနေ့က ပြန်ကြည့်ဖြစ်သော အခါ ထိုနေ့က အဖြစ်အပျက်တချို့ကို ပြန်လည်သတိပေါ်သည်။

၄။ စာအုပ်အတွင်းပါဝင်သော ဓာတ်ပုံများကိုကြည့်၍ ကျွန်တော့်အတွေးများ ဖြန့်ကျက်ခဲ့ရသော စာအုပ်တစ်အုပ် ရှိခဲ့ဖူးသည်။ Bertil Lintner ရေးသားခဲ့ပြီး ဆရာနိုင်ဦးက ဘာသာပြန်ဆိုထားသည့် Land of Jade စာအုပ်ဖြစ်သည်။ ကျွန်တော် သဘောအကျဆုံးမှာ photographs by Hseng Noung Linter ဟူသည့် အရာဖြစ်သည်။ ခရီးကြမ်းတလျှောက် ဓာတ်ပုံရိုက်ပေးခဲ့သူ ဆိုင်နော့သည် ဘားလ်တီးလင့်တနာ၏ ဇနီးသည်ပင်ဖြစ်နေသည်။

စာအုပ်တနေရာတွင် ကင်မရာ၏ view finder မှိုတက်နေသည်ကို ပြင်ဆင်ကြရာ shutter ကိုပါ ထိခိုက်သွားသဖြင့် သူတို့လင်မယား စိတ်ဆင်းရဲကြရပုံကို ရေးထားသည်။ ထိုနေရာလေးတွင် သူတို့ကင်မရာ ပြန်ပြင်လို့ အဆင်ပြေပါစေဟု ကျွန်တော်စိတ်စောနေမိခဲ့သေးသည်။

စာအုပ်တွင် ပါဝင်သည့် ဓာတ်ပုံများမှာ ၁၉၈၅ ခုနှစ်။

မြန်မာပြည်၏ သမိုင်းတစိတ်တဒေသကို ပြောပြနေခဲ့သည်။ ထိုစဉ်က ခရီးကြမ်းတွင် ဆိုင်နော့က ကိုယ်ဝန်ကြီးနှင့်။ နောက်တော့ သမီးကလေးတစ်ယောက်ကိုခဲရာခဲဆစ် မွေးဖွားခဲ့ရသည်။ ထိုသမီးကလေး၏မွေးကင်းစ ဓာတ်ပုံလေးကိုလည်း စာအုပ်ထဲမှာ တွေ့ရသည်။ ကာယကံရှင်ဖြစ်သူ ထိုစဉ်က သမီးငယ်လေးသည် ယခုအခါ အသက် ၃၅ နှစ်ပင် ရှိနေတော့မည်။ သူမသည်... သူမ၏အမေဖြစ်သူ ရိုက်ကူးခဲ့သည့် ဓာတ်ပုံလေးများ၏သမိုင်းကို သေသေချာချာ စေ့ငုကြည့်ပြီးဖြစ်မည်မှာမလွဲဟု ကျွန်တော်ယုံကြည်သည်။ ထိုစဉ်က သူမ၏မိခင်နှင့်ဖခင်တို့ ဖြတ်သန်းမှုအကြောင်းများ၊ မွေးကင်းစ သူမ၏အကြောင်းများကို ဓာတ်ပုံများထဲမှ တဆင့် ခံစားခဲ့ဖူးပေလိမ့်မည်။

၅။ 

ယခုအချိန်တွင်လည်း လက်ဖြင့်ချိန်ညှိရသော စျေးကြီးကြီး ကင်မရာမျိုး ကျွန်တော့်ထံ မရှိပါ။ သို့သော် ကျွန်တော့်အတွက်တော့ ထိုကိစ္စသည် မရေးမကြီးလှပါ။ အလင်းအမှောင်၊ အထားအသို ကိစ္စရပ်များကို နားလည်ဖို့ ကြိုးစားဖြစ်တော့မည် မဟုတ်ပါ။
ရာသီဥတုကိုလည်း တွက်ဆနေမိမည် မဟုတ်ပါ။ ထိုအတွက် အားမငယ်မိပါ။

ထို့အပြင် ကျွန်တော် အားတက်စရာ ကိစ္စတစ်ခုလည်း ရှိနေပါသေးသည်။
ဓာတ်ပုံလေး တစ်ပုံအကြောင်း ဖြစ်သည်။ ဗီယက်နမ်မှကလေးလေးအပေါ်သို့ အမေရိကန်များက မီးလောင်ဗုံး ကြဲချနေသည့် ဓာတ်ပုံမဟုတ်ပါ။
ငုရင်ဗန်ထရိုင်းကို ကွပ်မျက်ရန်ခေါ်လာစဉ်က ဓာတ်ပုံလည်း မဟုတ်ပါ။ သွေးစက်လက်ဖြင့် မိန်းမပျိုတစ်ဦးအား လူသားနှစ်ဦးက ပလူပျံနေသည့် ကျည်ဆံတွေကြားမှ ပွေ့ခေါ်လာကြသည့် ဓာတ်ပုံလေး ဖြစ်ပါသည်။

ကျွန်တော် သေသေချာချာတွေးကြည့်မိသည်။ ထိုပုံလေးကို ရိုက်ယူခဲ့သော ဓာတ်ပုံဆရာသည် ရာသီဥတု၊ အလင်းအမှောင်နှင့် အထားအသိုကို မည်သည့်နည်းနှင့်မျှ တွက်ဆချိန် ရခဲ့မည်မဟုတ်ပါ။

သို့သော်  အမြဲလို အသက်ဝင်နေသည်။ လှုပ်ရှားနေသည်။ စကားပြောနေပါသည်။

ဓာတ်ပုံများအပေါ် ခံစားမိသည်များမှာ စိပ်သည်ထက် စိပ်လာခဲ့ရပါသည်။

လွန်ခဲ့သော ညကပင် ဓာတ်ပုံလေးတစ်ပုံအပေါ် ခံစားခဲ့ရသောကြောင့် အတော်နှင့် အိပ်မပျော်။

နို့တိုက်မိခင်၏ ဦးခေါင်းမှ နီးထွေးသွေးစက်အချို့  သားမြတ်ပေါ်အထိ ယိုစီးကျနေသည်။ ကလေးငယ်လေးက နို့ချိုကို အငမ်းမရဖြစ်နေသည်။

ကလေးငယ်၏ မျက်လုံးလေးများမှာ ကြည်စင်ဝင်းပနေကြသည်။

ကျော်ကျော်(မြရည်စမ်း)

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar