Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၁၉၊ ၂၀၂၁

• များများဖမ်း များများလွှတ် 
စစ်ကောင်စီရဲ့ ဥက္ကဌဖြစ်သူက ဒီနေ့မနက် ရုပ်သံကနေ ဖိနှိပ်မှုတွေ တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေဂယက်ထဲ ကျရောက်နေတဲ့ နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူများစုနဲ့ စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ၊ အမျိုးဘာသာ သာသနာလို့ ကြွေးကြော်ကြတဲ့ အမျိုးသားရေးအစွန်းရောက်သူတွေ လူနည်းစုတွေ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ 

မိန့်ခွန်းရဲ့ ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် လပြည့်မတိုင်မီ ၂ ရက်အလိုမှာ ဖမ်းဆီးထားတဲ့ အကျဥ်းသား၊ အချုပ်သား စုစုပေါင်း ၅ ထောင်ကျော်ကို လွှတ်ပေးမယ်ဆိုတာကို ကြေညာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ တချိန်ထည်းမှာပဲ အာဆီယံနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတဲ့အကြောင်းနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တောင်းဆိုမှုကို မလိုက်လျောနိုင်တာကို ဆင်ခြေပေးတဲ့ ပြောဆိုချက်တွေနဲ့ နောက်ဆုံးမှာတော့ ပြည်ပကတင်သွင်းနေရတဲ့ စားအုန်းဆီအတွက် နိုင်ငံခြားငွေ ကုန်ကျရတဲ့ပမာဏများနေတယ်ဆိုပြီး ဆီလျော့စားကြဖို့ ပြောဆိုသွားပါတယ်။ 

အခုလို တိုင်းပြည်က နိုင်ငံရေးအရ သေရေး ရှင်ရေး အရေးကြီးနေချိန်မှာ ဆီလျော့စားဖို့ မိန့်ခွန်းခြွေတဲ့ စစ်ခေါင်းဆောင်လည်း ရှိသေးတာကလည်း သဘာဝကျပါတယ်။ တိုင်းပြည်ရဲ့ တဝက်လောက်က လက်နက်ကိုင် တိုက်ပွဲ၊ ကြားဖြတ်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖမ်းဆီးမှု အသက်သေဆုံးတဲ့အထိ နှိပ်စက်ညှင်းပန်းမှု အယူအဆမတူကြတာနဲ့ လူတယောက်ရဲ့အသက်က တိရိစ္ဆာန်တကောင်လောက်တောင် တန်ဖိုးထား ဆက်ဆံမခံကြတဲ့ကာလလိုမျိုး၊ ဆင်းရဲကြပ်တည်းသူတွေလည်း ထမင်းနပ်မှန်အောင် မစားနိုင်တဲ့အခြေအနေမျိုးတွေ ကျရောက်နေကြချိန်၊ မိမိတို့ နေအိမ်မှာ မနေနိုင်ကြတော့တဲ့ စစ်ဘေးရှောင်တွေ သောင်းဂဏန်းကနေ သိန်းဂဏန်းထိ လပိုင်းအတွင်း တိုးမြင့်လာနေတဲ့ကာလမှာ စားသုံးဆီ လျော့စားဖို့ ပြောဆိုခြင်းဟာ တော်တော်လေး ရယ်စရာကောင်းသလို ဒေါသထွက်စရာလည်း ကောင်းတာဖြစ်ပါတယ်။ 

တိုင်းပြည်ရဲ့ အရေးကြီးနေတဲ့အနေအထား ဖြစ်တဲ့ နိုင်ငံရေး ပြဿနာ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းတွေ လပိုင်းအတွင်း ရာခိုင်နှုန်းဆယ်နဲ့ချီ စျေးတွေမြင့်တက်နေတာတွေ၊ အလုပ်အကိုင် ဆုံးရှုံးနေကြတာတွေကို အရေးမကြီးတဲ့သဖွယ် ကျော်လွန်ပြီး စားသုံးဆီလျော့စားဖို့ပြောဆိုတဲ့ ပြောဆိုမှုဟာလည်း သမိုင်းမှာ နာမည်ဆိုးနဲ့ မှတ်တမ်းတင်ကျန်ရစ်ခဲ့မယ် ထင်ပါတယ်။ 

ဒီနေ့ပြောဆိုတဲ့အထဲ အစိတ်အပိုင်းတခုကတော့ သီတင်းကျွတ်လပြည့် အခါသမယမှာ ဖမ်းဆီးထားတဲ့သူတွေထဲက လူသတ်မှု၊ မီးရှို့မှု၊ ဖောက်ခွဲမှု၊ အကြမ်းဖက်မှုနဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုကလွဲရင် ဆန္ဒပြသူတွေ အခြား နိုင်ငံရေးနဲ့ပတ်သက်လို့ဖမ်းထားသူတွေကို ပြန်လွှတ်မယ်ဆိုတဲ့ ကြေညာချက်ဖြစ်ပါတယ်။ ပြစ်ဒဏ်ချပြီးသူ တွေကို ပုဒ်မ ၄၀၁ / ၁ အရ နောက်တကြိမ် အလားတူ ပြစ်မှုမျိုးကျူးလွန်ခဲ့ရင် အရင်ပြစ်မှုရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပြန်လည် ကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ လွှတ်ပေးမယ်ဆိုတာ၊ စစ်ဆေးဆဲအမှုတွေကို ရုပ်သိမ်းပြီး လွှတ်ပေးမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ပြီး ဧပြီလက အာဆီယံမှာ သဘောတူခဲ့တဲ့ ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်ဆိုတဲ့ သဘောတူညီမှု ၁ ချက်ကို လုပ်ဆောင်ပြတဲ့ သဖွယ် ထုတ်ပြန်ခဲ့ပါတယ်။ 

အခုလွှတ်ပေးမယ့် အထဲ NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင် စတဲ့သူတွေလို ထိပ်ပိုင်းခေါင်းဆောင်တွေ မပါရှိသလို ဖမ်းဆီးထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေလည်း ပါရှိတယ်လို့မကြားသိရပါဘူး။ အာဆီယံနဲ့ နိုင်ငံတကာက တောင်းဆိုကြတဲ့ ရည်ရွယ်ချက်က အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းကိုပါ လွှတ်ပေးဖို့ ရည်ညွှန်းတောင်းဆိုထားတာ ဖြစ်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့တိုက်တွန်းကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်က အခုလို အာဏာသိမ်းပြီး ၈ လအကြာမှာ ဖမ်းဆီးထားတဲ့သူ ခန့်မှန်းခြေ ၇/၈ ထောင်အနက်က ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးတယ်ဆိုတာဟာ ဘာအဓိပ္ပါယ်ဆောင်သလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ 

စစ်ကောင်စီက အင်အားချိနဲ့လာလို့ နိုင်ငံတကာဖိအားကို အတိုင်းအတာတခုထိ လိုက်လျောတာလား၊ သို့မဟုတ် နိုင်ငံရေးအရ ထိန်းချုပ်နိုင်လာတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းကို ချန်လှပ်ပြီး အခြားသော နိုင်ငံရေးမှာပါဝင်သူတွေကို လွှတ်ပေးတာလား ဆိုတဲ့ စဥ်းစားစရာတွေ ရှိပါတယ်။ 

အာဏာသိမ်း စစ်တပ်က ၈ လတာအတွင်း အခုလို ဆန့်ကျင်သူတွေ ထောင်ဂဏန်းနဲ့ ချီဖမ်းဆီးတာ၊ ဆန္ဒပြမှုတွေ အတွင်း ပစ်ခတ် ဖြိုခွဲစဥ်၊  ဖမ်းဆီးမှုတွေအတွင်းပစ်ခတ်လို့ ရိုက်နှက်လို့ သေဆုံးသူ အရေအတွက်က တထောင်သုံးရာကျော် ရှိနေတဲ့အခြေအနေဟာ နိုင်ငံရေးအရ အရှိန်မြင့်တက်နေတဲ့အခြေအနေမျိုးလို့ ကောက်ချက်ချနိုင်ပြီး တဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းတာမျိုး၊ မြို့တွေ ရွာတွေမှာ စစ်တပ်၊ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်စပ်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ အဖြစ်အပျက်တွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတဲ့အနေအထားမှာ နိုင်ငံကို ချုပ်ကိုင်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က ယူဆခဲ့ရင် အဆိုပါယူဆချက်က တော်တော်လွဲမှားတဲ့ ယူဆချက်ပဲ ဖြစ်ပါလိမ့်မယ်။ 

ကမ္ဘာမှာ ကိုဗစ်ကြောင့် နိုင်ငံတိုင်း စီးပွားရေးကပ်ဆိုက်တဲ့ အခြေအနေ မရောက်အောင် အပြင်းအထန် ကြိုးစားနေကြရချိန်၊ မြန်မာနိုင်ငံအဖို့တော့ ကိုဗစ်ကြောင့် နိုင်ငံစီးပွားရေးဟာ ထိခိုက်နေဆဲ ထပ်လည်းထိခိုက်နိုင်တဲ့အနေအထားမျိုးမှာ နိုင်ငံရေး ပြဿနာကို ဖန်တီးလိုက်တဲ့ စစ်အာဏာသိမ်းမှုဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ နောက်ထပ်လာကောင်းလာနိုင်တဲ့ ကိုဗစ်လှိုင်းတွေနဲ့ ဘယ်လောက်ထိ ချောက်ထဲဆွဲခေါ်သွားဦးမလဲဆိုတာ မှန်းဆလို့မရနိုင်သေးတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar