ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၈
residential-care, eldernet.co.nz |
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၈
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၀
သတ္တရသ်၊ အဌာရသ (၁ရ၊၁၈
ရက်မြောက်)နေ့
မနေ့က ကြားရမြင်ရတဲ့သတင်းတွေတစ်ခုမှ
မကောင်းပါဘူး။ စိတ်မကောင်းစရာတွေ အတော်များ ပါတယ်။ နယူးဇီလန်မှာ အဘိုး ၂ ယောက် ထပ်ဆုံးတယ်။
တစ်ယောက်က ၇၀၊ နောက်တစ်ယောက် က ၈၀ တဲ့။
လူကြီးတွေစုနေတဲ့နေရာမှာ အုပ်စုလိုက်ကူးကြတဲ့သူတွေထဲကလို့ ပြောပါတယ်။ ဒီမှာက ၆၅
နှစ်ဆို အစိုးရက ပင်စင်ထုတ်ပေးပါတယ်။ ဒါပေမဲ့ လူက သန်သန်မာမာနေကောင်းပြီး လုပ်နိုင်သေးတယ်ဆိုရင်
၇၀ ကျော်တဲ့အထိ အလုပ်ဆက်လုပ်ကြတာ များပါတယ်။
၇၅၊ ၈၀ လောက်ရောက်ကြပြီဆိုရင်
လက်ရှိနေတဲ့အိမ်ကလေးတွေကိုရောင်းပြီး ဝန်ဆောင်မှုပေးတဲ့ အိမ်ရာလေးတွေကို
ပြောင်းလေ့ရှိကြပါတယ်။ Rest home, Retirement village လို့ခေါ်ကြပါ တယ်။ အဲဒီမှာ လုံခြုံရေးအတွက်က ၂၄ နာရီ
အစောင့်ရှိတယ်၊ ကျန်းမာရေးအတွက် သူနာပြုဆေး ခန်းသွားချင်တဲ့အချိန် ဖုန်းတစ်ချက်ခေါ်လိုက်ရုံနဲ့
စီစဥ်ပေးမယ့်သူတွေရှိတယ်၊ စာကြည့်တိုက်၊ ရေကူးကန်၊ တင်းနစ်ကွင်း၊
လေ့ကျင့်ခန်းလုပ်စရာ နေရာ၊ စုပေါင်း စကားပြော၊ သီချင်းဆို၊ ဝါသနာ ပါရာ လုပ်စရာ၊
ကစားစရာ နေရာ၊ အိမ်က ခြံကို လာကြည့်ပေးမယ့်သူ အိမ်မှုကိစ္စကူလုပ်ပေးမယ့် သူ၊
သေးသေးမွှားမွှားအကုန်လိုသမျှ ကူပေးမယ့်သူ အားလုံးရှိပါတယ်။ နေမကောင်းဖြစ်ရင် အနီး
ကပ်ပြုစုမယ့်သူ ခေါ်လို့ရပါတယ်။
ဟိုတလောက သတင်းထဲမှာ အဲဒီနေရာတွေမှာလုပ်တဲ့ဝန်ထမ်းတွေကို
လိုအပ်တဲ့အကာအကွယ် ပစ္စည်းတွေ လုံလုံလောက်လောက်ထုတ်ပေးမထားဘူးလို့ပြောနေကြကထဲက
စိတ်ပူနေတာ။ အဲဒီ အိမ်လေးတွေအတွက် ဝန်ဆောင်မှုပေးသူများကတော့ စီးပွားရေးသမားများထုံးစံအတိုင်း
ကုန်ကျ စရိတ် နည်းနိုင်သမျှနည်းအောင် လုပ်ကြမှာပါပဲ။ ကိုယ်တို့နားမှာ အဲဒီလို Retirement
village တစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က အလုပ်ချိန်များပြီး လစာနည်းလို့ ခြံဝင်းရှေ့ထွက်ပြီး
ဆန္ဒပြနေကြတာ တွေ့လိုက်ပါတယ်။ ကိုယ့်ကားဟွန်းကို အကျယ်ကြီး တီးပေးလိုက်တယ်။
သူတို့ကို အများကြီး ထောက်ခံပါတယ်လို့ ပြောတာပေါ့။
ပြီးတော့
ကျန်းမာရေးတာဝန်ခံပြောပုံကို ကြည့်ဦး။ ကိုးဗစ်အတွက် ဆေးစစ်ရတာ သက်တောင့် သက်သာမရှိတဲ့အတွက်
လူကြီးတွေကို မလိုအပ်ပဲမစစ်ပါဘူးတဲ့။ ခုတော့ဖြစ်ပြီ။ သနားပါတယ်။ ဒီနေ့
သတင်းစာရှင်းလင်းပွဲမှာလည်း နောက်ထပ် အသေအပျောက် ရှိနိုင်ပါသေးတယ်တဲ့။
အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။ ဒီနေ့ ရောဂါရှိတယ်လို့ ထပ်တွေ့ရတာတော့ ၁၄
ယောက်ပဲရှိလို့ တော်ပါသေးတယ်။
မနေ့က သတင်းထဲမှာ
ကိုယ်စိတ်မကောင်းအဖြစ်ရဆုံးသတင်းကတော့ နယူးယောက်နားက Hart Island မှာ ပိုင်ရှင်မဲ့ကွယ်လွန်သူတွေကို မြှုပ်နှံပေးနေတဲ့ သတင်းပါပဲ။
ကျွန်းကလေးနာမည်က ချစ် စရာကောင်းသလောက် ကျွန်းပေါ်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက
ဝမ်းနည်းစရာ ကောင်းလှပါ တယ်။ မြေကတုတ်ကျင်းကြီးတွေထဲ သစ်သားခေါင်းဖြူဖြူတွေ ဆင့်ဆင့်
ချနေကြတာ။ ဒါနဲ့ အသည်းနှလုံး ကျွန်းလေးအကြောင်းကို ကိုယ်ရှာဖတ်ကြည့်ပါတော့တယ်။
HART-ISLAND,Credit- Reuters Photo |
ကျွန်းလေးဟာ အသည်းနှလုံးပုံလေးနဲ့ တူလို့ Heart Island လို့ နာမည်ပေးခဲ့ကြောင်း၊ ကာလရွေ့ လျောလာပြီး Hart Island ဖြစ်လာကြောင်းက စပါတယ်။ တခြားနာမည်တွေ တခြားမူကွဲဇာတ် လမ်းတွေလဲ
ရှိပါတယ်။ ဒီကျွန်းလေးဟာ ၁၃၁ ဧကပဲ ကျယ်ပြီး ကျွန်းပေါ်မှာ အကျဥ်းထောင် ရှိပါ တယ်။
အကျဥ်းသားတွေက တစ်နာရီ ဆင့် ၅၀ နှုန်းနဲ့ ပိုင်ရှင်မဲ့ကွယ်လွန်သူတွေကို
မြှုပ်နှံပေးနေ ပါတယ်။ ဝိကီပီးဒီးယားမှာ အသေးစိတ်အချက်အလက်တွေ အကုန်ရေးထားပါတယ်။
ဥရောပသားတွေ အမေရိကန်ကိုမသိမ်းပိုက်သေးခင်အချိန်မှာ အမေရီးကားမှာ ပထမဆုံး အခြေ
စိုက်နေထိုင်ကြတဲ့ အင်ဒီးယန်းမျိုးနွယ်စုတွေ ဒီကျွန်းလေးမှာ စတင်နေထိုင်ခဲ့ကြပြီး ၁၆၅၄
မှာ ဗြိတိန်ဆရာဝန်တစ်ဦးက ဝယ်လိုက်ပါတယ်။ အဲဒီကစလို့ ပိုင်ရှင်အဆင့်ဆင့်လက်ကိုပြောင်းခဲ့ပြီး
၁၈၆၄ မှာ ကာလက ကျည်းတပ်စုတစ်ခု စတင်အခြေချရာကစလို့ အများပြည်သူအတွက် အသုံး ပြုခဲ့ပါတယ်။
လူမဲလို့ပြောမယ့်အစား ကာလာ၊ အရောင်ရှိတဲ့သူလို့ ပြောတာ ပိုယဥ်ကျေးတယ်လို့
ယူဆကြတဲ့အတွက် ဘလက်အစား ကာလာဆိုတဲ့စကားလုံးကို ပြောင်းသုံးလာနေကြပါပြီ။
အဲဒီနောက်တော့ စစ်တန်းလျားတွေ တပ်မှူးနေအိမ်တွေ ဆောက်ခဲ့ပါတယ်။
စာကြည့်တိုက်နဲ့ ဖျော်ဖြေရေးခန်းမတွေလဲ ပါတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အမေရိကန်
ပြည်တွင်းစစ်အတွက် စစ် အကျဥ်းစခန်းတွေဆောက်လို့
အကျဥ်းသား ၅၀၀၀ စထားခဲ့ပါတယ်။ အကျဥ်းစခန်းမှာ ကွယ်လွန် ခဲ့သူ
နှစ်ရာကျော်ကို မြှုပ်နှံရာကစလို့ သချႅိုင်းတစ်ခု စခဲ့ပါတယ်။
ပိုင်ရှင်မဲ့ ကွယ်လွန်သူတွေကို မြှုပ် နှံပေးတဲ့နေရာကို potter's field လို့ ခေါပြီး တပ်သားတွေအတွက် စစ်သချႅိုင်း တစ်ခု သပ်သပ်ထားပေးတယ်လို့
ဆိုပါတယ်။
၁၈၆၈ ခုနှစ်မှာ နယူးယောက်မြို့ဟာ ဒီကျွန်းလေးကို သူ့ရဲ့
ပိုင်ရှင်တွေဆီက ဒေါ်လာ ၇၅,၀၀၀ နဲ့ ဝယ်ပြီး အများပြည်သူအတွက် စတင်အသုံးပြုခဲ့ပါတယ်။
အဲဒီကစလို့ မြှုပ်နှံမှုတွေကို စတင်လာခဲ့ ပြီး ၁၈၇၀ မှာ yellow fever ဖြစ်တဲ့သူတွေကို သီးခြားခွဲထားဖို့ သုံးခဲ့ပါတယ်။ ၁၈၉၂ ခုနှစ်မှာ ကျွန်း ကလေးဟာ
နိုင်ငံရေးခိုလှုံခွင့်ယူရအောင် ဝင်လာကြသူတွေနဲ့ ပြည့်နေခဲ့ပြီး ၁၈၉၅ မှာ ယောကျ်ား
လေးများအတွက် အလုပ်ရုံ ဖြစ်ခဲ့ပါသေးတယ်။
၂၀ ရာစု အစောပိုင်းမှာ ကက်သလစ် ဘုရားကျောင်းတစ်ကျောင်း ဆောက်ခဲ့ပါတယ်။ စီးပွားရေးသမားတွေက
ကျွန်းရဲ့ အနောက်ပိုင်းကို amusement
park တွေ ဆောက်ဖို့တောင် စီစဥ် ခဲ့ကြပေမယ့်
အစိုးရကတားခဲ့ပြီး သူတို့ပိုင်တဲ့ကျွန်းရဲ့ အပိုင်းကို ပြန်ဝယ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်
အတွင်းမှာတော့ အိုးမဲ့ အိမ်မဲ့တွေကို ထားတဲ့နေရာ၊ အရက်စွဲတဲ့သူတွေကို ကုပေးတဲ့နေရာ၊
အကျဥ်း ထောင်၊ စစ်စခန်းတို့အဖြစ် ပြောင်းသွားခဲ့ရရှာပြီး ၁၉၆၇မှာ Phoenix House ဆိုတဲ့ မူးယစ်ဆေးစွဲ သူများအတွက် ပြန်လည်ထူထောင်ရေးစခန်း
ဖြစ်ခဲ့ပါတယ်။ ၁၉၇၇ မှာ Hart Island ကို ဖယ်ရီ မဆွဲတော့တဲ့အတွက် Phoenix House ဟာ မန်ဟက်တန်ကို ပြောင်းသွားခဲ့ပါတယ်။
အဲဒီအချိန်အထိ ကျွန်းရဲ့ သုံးပုံတစ်ပုံပဲ
သချႅိုင်းမြေ ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ မှာ AIDS နဲ့ ဆုံးတဲ့သူ ၁၆ ယောက်ကို ကျွန်းရဲ့ တောင်ဖျားမှာ လာသဂြုႋဟ် ခဲ့ပါတယ်။
အခြားနေရာတွေမှာဆို သဂြုႋဟ် ထား ပြီးသားသူတွေကို
ညစ်ညမ်းကုန်မှာစိုးလို့ပါတဲ့။ ကိုယ်စိတ်မကောင်းလိုက်တာ။
အဲဒီအချိန်ကစလို့ AIDS နဲ့ ဆုံးတဲ့သူတွေ၊ အိမ်ရာမရှိ၊ တာဝန်ယူမယ့်သူ မရှိတဲ့
သူတွေကို မြှုပ်နှံရာ နေရာဖြစ်ခဲ့ပါတယ်။ ၁၉၉၄ မှာ အနုပညာရှင်တစ်ယောက်က
သေဆုံးသူတွေရဲ့ နာမည်တွေကို စနစ် တကျ စာရင်းပြုစုဖို့ စီမံကိန်းချ ဆောင်ရွက်ပေးခဲ့ပါတယ်။
တကယ့်ကို စိတ်ဝင်စားစရာပါ။
ဒီရောဂါဆိုးကြီးကို ကုသနိုင်တဲ့ဆေးမြန်မြန်ပေါ်ပြီး စိတ်မကောင်းစရာဖြစ်ရပ်တွေ ဆက်မဖြစ်ပါစေ နဲ့တော့လို့
ကိုယ်အကြိမ်ကြိမ် ဆုတောင်းနေပါတယ်။
Stay home, save
lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
11:54 p.m. 12.04.2020
Sunday