အောင်သူငြိမ်း - သက္ကရာဇ် ၂၀၂၂ အတွက် ဆန်းသစ်နည်းပညာများ (၂)
(မိုးမခ) နို၀င်ဘာ ၂၅၊ ၂၀၂၁
The Economist မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ The World Ahead 2022 စီမံချက်အကြောင်း တရက်က ကျနော်ရေးခဲ့တယ်။ လာမယ့်နှစ် ၂၀၂၂ မှာ ဖြစ်နိုင်ခြေရှိတဲ့ လားရာတွေကို ခန့်မှန်း ဖော်ပြထားတယ်။ အခုလည်း အဲဒီအဆက်ဆောင်းပါးပါပဲ။ လာမယ့် သက္ကရာဇ် ၂၀၂၂ အတွင်း စောင့်ကြည့်ရမယ့် ဆန်းသစ်စ နည်းပညာ ၂၂ ခု အကြောင်း ဖော်ပြထားတယ်။ အရင်ကရေးခဲ့တဲ့ဆောင်းပါးမှာ နည်းပညာ ၆ ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။
၇။ VR workouts (VR မျက်မှန်နဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း)
လူတွေက ပုံရိပ်ယောင်ကို အမှန်လောကသဖွယ် မြင်ရတဲ့ Virtual reality (vr) headsets ခေါင်းဆောင်းတွေနဲ့ ဂိမ်းကစားတာတွေရှိနေခဲ့ကြပါပြီ။ အဲသလိုပဲ ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ ကိုဗစ် 19 ကပ်ဘေးကြောင့် လော့ဒေါင်းချခံရတာတွေ ဖြစ်တဲ့ကာလမှာ အားကစားလုပ်ဖို့ ဂျင်မ်ခန်းမတွေလည်း ပိတ်ထားကြပါတယ်။ လူတွေက VR workouts လုပ်တာ လူကြိုက်များလာတယ် ဆိုပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာတော့ ပိုတိုးတက်အောင်ပြုပြင်ထားတဲ့ နည်းလမ်းများ လာပါလိမ့်မယ်။ ဈေးသက်သာတဲ့ ခေါင်းဆောင်မျက်မှန်တခုနဲ့ အားကစားလုပ်နိုင်ကြပါမယ်။
၈။ ကိုယ်ခံအားကျ ရောဂါ (HIV) နဲ့ ငှက်ဖျားအတွက် ကာကွယ်ဆေး
ကိုရိုနာဗိုင်းရပ်စ်အတွက် rna (mrna) ကာကွယ်ဆေးက အချိန်တိုအတွင်း ပေါ်ထွက်လာတာ အထင်ကြီးစရာပါ။ အခုအခါ မိုဒါးနား (Moderna) ကုမ္ပဏီက ကိုယ်ခံအားကျ ရောဂါ (HIV) ကာကွယ်ဆေးကို အလားတူ mrna နည်းပညာနဲ့ စမ်းသပ်တီထွင်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ လူသားနဲ့ စမ်းသပ်မှုတွေစတင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ အစောပိုင်း တွေ့ရှိမှုရလဒ်တွေ ထွက်လာပါမယ်။ ဖိုင်ဇာကာကွယ်ဆေး (Pfizer-BioNTech coronavirus) ကို ထုတ်လုပ်ခဲ့တဲ့ BioNTech ကုမ္ပဏီ ကလည်း mrna နည်းပညာကိုအခြေခံပြီး ငှက်ဖျားကာကွယ်ဆေးကို တီထွင်နေပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ လူသားနဲ့ စတင်စမ်းသပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ အလားတူ အောက်စ်ဖို့ဒ်တက္ကသိုလ်ကလည်း mrna vaccines နည်းပညာ ကို အခြေမခံတဲ့ HIV နဲ့ ငှက်ဖျားကာကွယ်ဆေးကိုတီထွင်နေပါတယ်။
၉။ 3D-printed သရီး-ဒီ နည်းပညာနဲ့ ပုံထုတ်မယ့် အရိုးအစားထိုး ပစ္စည်းများ
3D ပုံထုတ် နည်းပညာကိုသုံးပြီး လူ့ကိုယ်အင်္ဂါတွေ ထုတ်လုပ်အစားထိုးဖို့ ကြိုးစားနေတာ နှစ်အတော်ကြာခဲ့ပါပြီ။ နောက်ဆုံးမျှော်မှန်းချက်ကတော့ လူနာဆီက ဆဲလ်အနည်းငယ်ကိုယူပြီး အစားထိုးနိုင်မယ့် ကိုယ်အင်္ဂါကို ဖန်တီးနိုင်ဖို့ပါပဲ။ ကိုယ်အင်္ဂါ ကလီဇာတွေက ခက်နိုင်ပါတယ်။ ဒါပေမယ့် အရိုးကတော့ ပိုလွယ်ကူနိုင်ပါတယ်။ အစပျိုးကုမ္ပဏီ ၂ ခုဖြစ်တဲ့ Particle3d နဲ့ adam တို့က ၂၀၂၂ ခုနှစ်အတွင်းမှာ လူ့ကိုယ်ခန္ဓာမှာ အစားထိုးနိုင်မယ့်အရိုးတွေကို ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ကယ်လ်ဆီယံ အခြေခံဓာတုပစ္စည်းနဲ့ အရိုးတွေကို ထုတ်လုပ်ဖို့ပါ။ Particle3d ကတော့ ဝက်တွေ ကြွက်တွေနဲ့ စမ်းသပ်ပြီးပါပြီ။ ရိုးတွင်းချဉ်ဆီတွေနဲ့ အရိုးထဲက သွေးကြောငယ်တွေ ရက်သတ္တ ၈ ပတ်အတွင်း ဖွံ့ဖြိုးလာတာတွေ့ရ ပါတယ်။ adam ကုမ္ပဏီကတော့ 3d ပုံထုတ် အရိုးတွေက သဘာဝအရိုး ဖွံ့ဖြိုးမှုတွေလို လှုံ့ဆော်နိုင်ပြီး၊ တဖြည်းဖြည်းချင်း ပြင်ပပစ္စည်းကနေ အသားကျသွားပုံ၊ အရိုးတစ်သျှူးများအဖြစ် အသွင်ပြောင်းသွားပုံကို ဖော်ပြပါတယ်။ အလားတူ 3D နည်း ပညာထုတ် သွေးကြောများ၊ နှလုံးအဆို့ရှင်များလည်း ဖြစ်လာနိုင်ပါတယ်။
၁၀။ ပျံသန်းနေသော လျှပ်စစ်တက္ကစီများ
စိတ်ကူး အိပ်မက်တွေထဲကလိုပါပဲ။ ပျံသန်းနေတဲ့ လျှပ်စစ်သုံး၊ ပြေးလမ်း ကွင်းမလိုပဲ ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ တက္ကစီများဖြစ်လာနိုင်ပါတယ်။ သူတို့ကို (evtol) လေယာဉ်လို့ ခေါ်နေကြပါတယ်။ ကမ္ဘာတလွှား စမ်းသပ်သူ ကုမ္ပဏီအတော်များများက ၂၀၂၂ ခုနှစ်အတွင်း လက်တွေ့ပျံ စမ်းသပ်ကြပါမယ်။ ကယ်လီဖိုးနီးယား အခြေစိုက် JobyAviation က လူ ၅ ဦးစီးနင်းနိုင်မယ့် ကားလေယာဉ် ဒါဇင်အချို့ကို ထုတ်ဖို့ လျာထားပါတယ်။ မိုင် ၁၅၀ ဝန်းကျင် ပျံသန်းနိုင်ပါလိမ့်မယ်။ ဂျာမဏီနိုင်ငံက Volocopter က ၂၀၂၄ ပဲရစ် အိုလံပစ်ပွဲတော်မှာ လေကြောင်းတက္ကစီ ပျံသန်းဝန်ဆောင်ပေးနိုင်ဖို့ လျာထားပါတယ်။
၁၁။ အာကာသခရီးသွားလုပ်ငန်း (Space tourism)
၂၀၂၂ မှာ စတင်နိုင်မယ်လို့ မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။ ဆာ ရစ်ချတ် ဘရန်ဆင်ရဲ့ Virgin Galactic ကုမ္ပဏီက ဂျက်ဖ် ဘီဇို့စ်ရဲ့ Blue Origin ကို ကျော်တက်ပြီး ဇူလိုင်လထဲမှာ အာကာသကို ခရီးထွက်နိုင်ခဲ့ပါတယ်။ အဲဒီ သန်းကြွယ်သူဌေး ၂ ဦးလုံးက သူတို့အာကာသယာဉ်ကို စီးနင်းပြီး အာကာသပတ်လမ်းအောက်ခြေအထိ သွားခဲ့ကြပါတယ်။ စက်တင်ဘာလမှာ အီလွန် မာ့က်စ်ရဲ့ကုမ္ပဏီ SpaceX က ကမ္ဘာပတ်လမ်းကြောင်းထဲ ရက်အချို့ကြာ ခရီးသွား ၄ ဦးကို လွှတ်တင်ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာတော့ အာကာသ ခရီးသွားတွေ ပိုများလာဖွယ် ရှိပါတယ်။ ယာဉ်တွေလည်း ပိုလုံခြုံ ဘေးကင်းတဲ့ ခရီးစဉ်တွေ ဖြစ်လာမှာပါ။ ဒါပြီးရင် ဘာလာမလဲ လကမ္ဘာကိုလည်း သွားဖို့ဖြစ်လာနိုင်ပါတယ်။ စိတ်ကူးမှာတော့ ကျနော်တို့ မြန်မာနိုင်ငံက တချို့တွေလည်း မညံ့ခဲ့ပါဘူး။
၁၂။ ကုန်ပစ္စည်း ပို့ဆောင်ရေး ဒရုန်းများ (Delivery drones)
ဒရုန်းတွေက ပျံသန်းချိန် တိုတာပါ။ အခုတော့ ပိုကြာပြီး လေထဲနေနိုင်အောင် ဖန်တီးလာနိုင်ပါပြီ။ အစပျိုး ကုမ္ပဏီတခုဖြစ်တဲ့ အိုင်ယာလန်နိုင်ငံက Manna က ဂဲလ်ဝေးကောင်တီတွင်းမှာ စာအုပ်၊ အစားအသောက်၊ ဆေးဝါးပို့ဆောင်တာတွေ စတင်နေပါ ပြီ။ သူ့လုပ်ငန်းကို အိုင်ယာလန်နဲ့ ဗြိတိန်အတွင်း ချဲ့ထွင်ဖို့လည်း ပြင်ဆင်နေပါပြီ။ ဂူးဂဲလ်ရဲ့ နှမကုမ္ပဏီဖြစ်တဲ့ Wing ကတော့ အမေရိကန်ပြည်ထောင်စု၊ ဩစတြေလျနဲ့ ဖင်လန်မှာ စမ်းသပ်လုပ်ငန်းတွေ ၂၀၂၁ နှောင်းပိုင်းကစလို့ လုပ်နေပါတယ်။ ဘူလ် ဂေးရီးယားနိုင်ငံက အစပျိုးကုမ္ပဏီတခုဖြစ်တဲ့ Dronamics က ဥရောပနိုင်ငံ ၃၉ ခုက လေဆိပ်တွေကို တောင်ပံပါတဲ့ ဒရုန်းကြီးတွေနဲ့ ကုန်ပစ္စည်းကာဂို ပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ်။
ဆက်ရေးပါဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar