မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၃၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂၁
◾️ အသုံးချခံ တရားစီရင်ရေး
၂၀၂၁ ခုနှစ်မကုန်ခင် နောက်ဆုံးရုံးဖွင့်ရက်ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံရေးသမား အများအပြား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာသည် အများအပြားနဲ့ သတင်းထောက်အချို့တို့ကို အမိန့်ချမှတ်ခဲ့ပါတယ်။
ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ကိုဗစ်ကိုအကြောင်းပြပြီး အမှုတွေတရားရုံးမထုတ်ပဲ ၂ လကျော်ကြာ ရီမန်သာယူခဲ့ရာက အခုနှစ်မကုန်မီမှာ တက်သုတ်ရိုက် အမှုတွေကို စစ်ဆေးပြီး စီရင်ချက်တွေချတာ ဘာရည်ရွယ်ချက်လည်းတော့ မမှန်းဆတတ်သော်လည်း ဒီနေ့မှာ ပြစ်ဒဏ်ကျသူတွေအထဲ မကွေးတိုင်းက အရင်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ဥက္ကဌတွေ၊ ပဲခူးတိုင်းမှာ ပြည်မြို့မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားသူ ၄၀ ကို ဒီနေ့ တနေ့ထဲ ပြစ်ဒဏ်ချခဲ့ပါတယ်။ ပြစ်ဒဏ်ချခံရသူတွေထဲက တယောက်မှတော့ အပြစ်မရှိတဲ့ စီရင်ခံရတာ မရှိပါဘူး။ အားလုံး ထောင်ဒဏ်ချမှတ်ခံရတာချည်းဖြစ်ပါတယ်။
အလားတူ ရန်ကုန်မြို့ အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရတဲ့ အနုပညာသည်တွေထဲက ဗိုလ်ချုပ်ရုပ်ရှင်ကားကို နောက်ဆုံးတာဝန်ယူခဲ့သူ ဒါရိုက်တာ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ရဲတိုက်၊ အဆိုတော် စောဖိုးခွား၊ ပိုပိုနဲ့ ဝင်းမင်းသန်းတို့ကိုလည်း ၅၀၅-က ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ ၃နှစ်ဆိုတဲ့ ပြစ်ဒဏ်ဟာ ပုဒ်မ ၅၀၅-က အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။ ဒီပုဒ်မကို စစ်အာဏာသိမ်းပြီးနောက်မှာ ရာဇသတ်ကြီး ဥပဒေထဲကို ထပ်တိုးပြဌါန်းခဲ့တာဖြစ်ပြီး စစ်အာဏသိမ်းမှုကို ဝေဖန်တာ၊ ဆန့်ကျင်တာ၊ ဆန့်ကျင်ဖို့ လှုံ့ဆော်တာ၊ ဆန့်ကျင်ဆန္ဒပြတာစတဲ့ လုပ် ဆောင်မှုတွေအတွက် ရေလဲသုံးဖို့ရည်ရွယ်ပြီး ပြဌါန်းခဲ့တာ ဖြစ်ပါတယ်။ ဝရန်းမလိုပဲ ဖမ်းပိုင်ခွင့်ရှိ တရားလိုက တရားရုံးဦးတိုက်လျှောက်ထားစရာ မလိုအောင်လည်း လိုအပ်တဲ့ဥပဒေဆိုင်ရာ အချက်အလက်တွေကို ပြဌါန်းခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁၁၀၀၀ ကျော်သော အရေအတွက်တွေမှာ အများဆုံးအသုံးပြုတဲ့ ပုဒ်မလည်းဖြစ်ပါတယ်။
ဒီနေ့မှာပဲ ရန်ကုန်မှာပြစ်ဒဏ်ချခံရတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားခေါင်းဆောင်တွေကတော့ အန်အယ်လ်ဒီပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ ပါတီဗဟိုကော်မတီဝင် ဦးဟံသာမြင့်တို့ကို ရာဇသတ်ကြီး ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်စီချမှတ်ခံရပြီး ကိုမင်းသွေးသစ်ကို မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေနဲ့ ထောင်တနှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရားစီရင်ရေးဟာ အုပ်ချုပ်သူ အစိုးရအဆက်ဆက်ရဲ့ အသုံးချခံဖြစ်ခဲ့ရတာ ကြာရှည်ခဲ့ပါပြီ။ မဆလ အစိုးရလက်ထက်၊ နဝတ၊ နအဖအစိုးရလက်ထက်မှာလည်း တရားစီရင်ရေးဆိုတာဟာ အာဏာရှိသူတွေရဲ့အလိုအတိုင်း စီရင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၂၀ ကာလအကြားမှာ တရားစီရင်ရေးကို ပြင်ဆင်ဖို့ကြိုးစားမှု အနည်းအကျဥ်းရှိခဲ့ပေမယ့်လည်း အာဏာရှိတဲ့ အစိုးရနဲ့ စစ်တပ်တို့က တရားစီရင်ရေးဆိုတာ အုပ်ချုပ်ရေးအာဏာရဲ့ အသုံးချခံသဖွယ် ဖြစ်တာကို လိုလားခဲ့ကြတဲ့ သဘောထားမျိုး ရှိခဲ့ကြတာကြောင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်မှာတော့ ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။ ဥပဒေပြင်ဆင်ချက်တွေ ထပ်တိုးတဲ့ပုဒ်မတွေ ဥပဒေဖွင့်ဆိုချက်ပြင်ဆင်တာတွေ ဆက်တိုက်ဆိုသလို လုပ်ခဲ့တာကြောင့် အခုလို အရင်ခေတ်က နာမည်ကြီး ပုဒ်မ ၅ လိုပဲ ပုဒ်မ ၅၀၅-က က အသုံးတော်ခံနေတဲ့သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရားရုံးတွေအနေနဲ့ နိုင်ငံရေး အမှုအခင်းတွေကို စီရင်ချက်ချမှတ်ရာမှာ စာအိတ်နဲ့ပို့လာတဲ့ ပြစ်ဒဏ်ကို ဖောက်ပြီး ဖတ်ရတယ်ဆိုတာမျိုး စစ်ထောက်လှမ်းရေး တန်ခိုးထွားစဥ်က ပြောဆိုကြတာ ရှိပါတယ်။ စစ်ထောက်လှမ်းရေးကပို့လာတဲ့ ပြစ်ဒဏ်ကို တရားသူကြီးက ချမှတ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ မဆလခေတ်မှာလည်း ဒီလိုအခြေအနေတွေ ရှိခဲ့ပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ရာက နဝတ၊ နအဖ ခေတ်မှာ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။
တရားစီရင်ရေးဆိုတာ မြန်မာနိုင်ငံမှာ ဘယ်ခေတ်ကမှ မလွတ်လပ်ခဲ့သလို အာဏာရှိသူတွေက နည်းနည်း အသုံးချတာနဲ့ ဆိုးဆိုးရွားရွား အသုံးချခံရတာတွေသာ ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar