လေးကေ့ကော် (သို့မဟုတ်) စစ်မီးလောင်ခဲ့ရတဲ့ ငြိမ်းချမ်းရေးမြို့
(လေးကေ့ကော်မှ လွတ်မြောက်လာသူတစ်ဦး ရေးသားသည်)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁
လေးကေကော်မြို့မှာ တိုက်ပွဲမဖြစ်ခင် တစ်ပတ်အလို ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေဟာ လေးကေကော်မြို့ထဲက ရပ်ကွက်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးဖို့ကိုလည်း KNU ကခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်းတဦးတယောက်မှ ဖမ်းဆီးခံရတာမရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီနေ့က လာရောက်စစ်ဆေးတဲ့ တပ်မှူးက နောက်တခါလာရင် Operation (စစ်ဆင်ရေးပုံစံ) နဲ့လာမယ်လို့လဲပြောဆိုခဲ့ပါတယ်။
လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်က တပ်ရင်းမှူးရဲ့ပြောစကားကြောင့် ဒေသခံတွေဟာ ငြိမ်းချမ်းရေးမြို့တော် လေးကေကော်မှာ တိုက်ပွဲဖြစ်မှာ စိုးရိမ်ခဲ့ကြတာပါ။ စိုးရိမ်တဲ့အတိုင်းပါပဲ စစ်ကောင်စီ တပ်ရင်းမှူးကြိမ်းမောင်းပြီး တပတ်အကြာ လေးကေကော်မြို့မှာ တိုက်ပွဲစတင်ဖြစ်လာတာပါ။
အခုဆို လေးကေကော်မြို့က ဒေသခံတွေရော တခြားနေရာက လာရောက်ခိုလှုံသူတွေဟာ လေးကေကော်မြို့ကို စွန့်ခွာသွားပါပြီ။ တိုက်ပွဲဖြစ်ပွားတဲ့အတွက်လည်း လေးကေကော်မြို့က ရပ်ကွက်တချို့ကလူနေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။
◾️ လေးကေကော်မြို့နောက်ခံသမိုင်း
တကယ်တော့ လေးကေကော်မြိုဟာ ငြိမ်းချမ်းရေးသင်္ကေတ ငြိမ်းချမ်းရေးစံပြမြို့အဖြစ် တည်ထောင်ခဲ့တဲ့မြို့လးပါ။ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာတည်ရှိပါတယ်။ လေးကေကော်မြို့တည်ထားတဲ့တောင်ကုန်းတွေဟာတချိန်က မြန်မာစစ်တပ်နဲ့KNU တပ်တွေအကြား အပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့ တောင်ကုန်းနေရာတွေပါ။
လေးကေကော်မြို့ဟာ မြဝတီမြို့ရဲ့တောင်ဖက် ၁၀ မိုင်အကွာမှာသာရှိပြီး ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလက စတင်ဆောက်ခဲ့တာပါ။ မြဝတီမြို့ကနေ ကားနဲ့ (၁) နာရီခန့်မောင်းနှင်ရတဲ့ လေးကေကော်မြို့ကိုရပ်ကွက် ၆ ခုဖြင့်တည်ဆောက်ထားပြီး အိမ်ခြေ ၈၀၀ ခန့်ရှိပါတယ်။ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ လေးကေ့ကော်မြို့ကို ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း (Nippon Foundation) က စစ်ဘေးရှောင်ဒုက္ခသည်တွေ ပြန် လည်နေထိုင်ဖို့ လုံးခြင်းအိမ်လေးတွေဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ခဲ့ပါတယ်။
လေးကေကော်မြို့မှာ အစိုးရသင်ရိုးကို လေးတန်းထိသင်ပြီး KNU ကပြဌာန်းတဲ့ ပညာရေးသင်ရိုးကိုသင်ကြားတဲ့ အထက်ကျောင်းတခုရှိလည်းပါတယ်။ ဒါ့အပြင် ကုတင် ၂၀ ခန့်ရှိတဲ့ ဆေးရုံလေးတရုံလဲ ရှိပါတယ်။ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး မြန်မာဖုန်းနဲ့ ထိုင်းဖုန်း နှစ်မျိုးစလုံးသုံးလို့ရသလို ထိုင်းနိုင်ငံရဲ့အင်တာနက်ကိုလဲ အသုံးပြုလို့ရပါတယ်။
လေးကေကော်မြို့ရဲ့အဝင်မှာရှိတဲ့ တောင်ကုန်းလေးတခုကို ပန်းအလှဆင်စိုက်ပျိုးထားပြီး မြို့ပြကိုငြီးငွေ့သူတွေ လာရောက်လည်ပတ်ချင်စရာဖြစ်အောင်ဖန်တီးထားတဲ့ View Point ဆိုတဲ့ တောင်ကုန်းတခုရှိပါတယ်။ အနီးအနားကဒေသခံတွေဟာ စနေနေ့၊ တနင်္ဂနွေနေ့တွေမှာ View Point တောက်ကုန်းပေါ် လာရောက်လည်ပတ်ကြပါတယ်။
တောင်ကုန်းကို ပန်းပင်တွေနဲ့အလှဆင်ရင် လည်ပတ်စရာတခုဖြစ်တယ်ဆိုတာကိုပြသထားတဲ့ သဘောလဲပါတယ်။ အဲဒီတောင်ကုန်းကနေကြည့်ရင် လှပတဲ့တောင်တွေကိုတွေ့ရသလို တောင်ကုန်းရဲ့နောက်ဖက်မှာတော့ အပျော်တန်းလှေစီးလို့ရတဲ့ ရေကန်တခုရှိပါတယ်။ တောင် ကုန်းရဲ့အောက်ဖက်မှာတော့ လေးကေကော်မြို့ကိုလာရောက်လည်ပတ်သူတွေ ရေကူးဖို့ ၅ ပေခန့်နက်ပြီး ပေ ၄၀ x ၆၀ ခန့်ကျယ်တဲ့ရေကူး ကန်လေးရှိပါတယ်။
တိုက်ပွဲမဖြစ်ခင်အချိန်ထိ မြဝတီမြို့အနီးက ဒေသခံတွေဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာရေလာကူးကြပါတယ်။ ရေကူးကန်ရဲ့အထက်နားမှာတော့ ဒေသတွင်းနဲ့ ထိုင်းအစားအစာတွေရောင်းချတဲ့ စားသောက်ဆိုင်လေးတွေ ရှိပါတယ်။
လေးကေကော်မြို့ရဲ့အရှေ့တောင်ဖက်မှာရှိတဲ့ အမြောက်တပ်က အရာရှိစစ်သည်တွေဟာလည်း လေးကေ့ကော်မြို့မှာဖွင့်ထားတဲ့စား သောက်ဆိုင်မှာ လာရောက်စားသောက်လေ့ရှိပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က လေးကေ့ကောမြို့ကိုဦးဆောင်တိုက်တဲ့ ခမရ-၅၆၀ တပ်ရင်းမှူးကိုယ်တိုင်လည်း လေးကေကော်မြိုထဲမှာရှိတဲ့စားသောက်ဆိုင်တွေမှာ လာရောက်စားသောက်လေ့ရှိပါတယ်။
လေးကေကော်မြို့ဟာ KNU ရဲ့အုပ်ချုပ်မှုအောက်မှာရှိပေမဲ့ စပ်တပ်ကအာဏာသိမ်းအပြီးမှာခန့်အပ်တဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လေးကေ့ကော်မြို့ကို လာရောက်လည်ပတ်ပါသေးတယ်။ အဲဒီလိုလာရောက်တဲ့အခါမှာလည်း KNU ကခန့်ထားတဲ့ လေးကေ့ကော်မြိုရဲ့ဥက္ကဋ္ဌ မန်းလူအေးကိုယ်တိုင် ဧည့်ခံတွေ့ဆုံခဲ့တာပါ။ အဲဒီလို စစ်ကောင်စီလူတွေလေးကော်မြို့ကိုလာသလို တိုင်းဒေသကြီးက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူတွေလည်းလာကြပါတယ်။ တချို့က တစ်ညအိပ်သို့မဟုတ် တစ်ပတ်၊ နှစ်ပတ်ခန့်သာနေထိုင်ပြီးခရီးထွက်သွားလာကြတာလည်းရှိပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူတွေကို အကြမ်းဖက်ဖြိုခွဲတာ ပစ်ခတ်သတ်ဖြတ်တာ ဖမ်းဆီးတာတွေရှိလာတဲ့အတွက် မြို့ပေါ်က လူငယ်တွေဟာ လေးကေကော်ဖက်ကို မတ်လကစလို့ တိမ်းရှောင်လာခဲ့ကြတာလည်း ရှိပါတယ်။ အထူးသဖြင့် CDM ဝန်ထမ်းတွေဟာ လေးကေ့ကော်မြို့မှာ လာရောက်ရှောင်နေတာလည်းရှိပါတယ်။
နောက်ပိုင်းမှာတော့ CDM ကိုပံ့ပိုးကူညီတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်ကြသလို အနုပညာရှင်အချို့လည်း လာရောက်နေထိုင်ခဲ့ကြပါတယ်။ လျှပ်စစ်မီးရရှိတာရယ် ဖုန်းနဲ့အင်တာနက်ကောင်းတာကြောင့် မြို့ပြက CDM ဝန်ထမ်းတွေရဲ့တိမ်းရှောင်ရာနေရာဖြစ်လာတဲ့ လေးကေ့ကော်မြို့လေးဟာ တဖြည်းဖြည်းနဲ့ စည်းကားလာခဲ့ပါတယ်။ အချို့လူငယ်တွေဟာလည်း သူတို့အစုအဖွဲ့နဲ့ သူတို့လေ့ကျင့်တာ သင်တန်းပေးတာတွေလဲ ရှိခဲ့ပါတယ်။ KNU ခေါင်းဆောင်တွေအနေနဲ့လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုခွင့်ပြုထားခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲတာ ခိုက်ရန်ဖြစ်တာတွေရှိရင်တော့ ဖမ်းဆီးအရေးယူတာတွေလုပ်ပါတယ်။
◾️ ပြသာနာအစ
ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာတွေ ဖမ်းဆီးတာတွေလုပ်လာပြီးနောက်ပိုင်း လေးကေ့ကော်မြို့လေးကိုလာရောက်တိမ်းရှောင်သူများလာခဲ့ပါတယ်။ အဲဒီလိုတိမ်းရှောင်လာသူတွေထဲက လူငယ်တစ်ဦးဟာ ပျောက်ကြားယူနီဖေါင်းဝတ်ဆင်ပြီးသေနတ်ကိုင်ထားတဲ့ သူရဲ့ဓာတ်ပုံကို သူရဲ့လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံရဲ့နောက်ခံထဲမှာ လေးကေကော်မြို့ရဲ့ဆိုင်းဘုတ်ပါသွားရာကနေ စစ်ကောင်စီဘက်က လေးကေ့ကော်မှာ PDF ရှိတယ်လို့ စွပ်စွဲလာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ခမရ-၅၆၀ တပ်ရင်းမှူးဟာ လေးကေ့ကော်မြို့က PDF ရှိတယ်လို့သတင်းရထားတဲ့နေရာတွေကို စစ်ဆေးဖို့ခွင့်တောင်းခဲ့လို့KNU တာဝန်ရှိသူတွေက စစ်ဆေးခွင့်ပြုခဲ့ပါတယ်။ တိုက်ပွဲမဖြစ်ခင်ထိ လေးကေ့ကော်မြို့ကို နယ်မြေခံတပ်ဖွဲ့က ၈ ကြိမ်လောက်ဝင်ရောက်စစ်ဆေးခဲ့ပေမဲ့ ဖမ်းဆီးမိသူမရှိခဲ့ပါဘူး။ ဖရဲသီးလို့ခေါ်တဲ့တပ်တွင်းက သတင်းပေးတွေအားကောင်းလာတဲ့အချိန်မှာ တချို့သတင်းတွေဟာ ကြိုတင်ရရှိတဲ့အတွက် တချို့တွေက တိမ်းရှောင်နိုင်ခဲ့တာတွေရှိပါတယ်။ တိုက်ပွဲမဖြစ်ခင်ထိ နယ်မြေခံတပ်က သူတို့စစ်ဆေးချင်တဲ့ရပ်ကွက်နဲ့ အိမ်တွေကို KNU က စစ်ဆေးခွင့်ပေးထားခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလဆန်းက လေးကေ့ကော်ကိုရောက်ရှိနေတဲ့ CDM ရဲတပ်သားတစ်ဦးဟာ မြဝတီမြို့ကိုပြန်ပြီး Non-CDM လုပ်လိုက်ပါတယ်။ ရန်ကုန်မြို့စည်ပင်သာယာရေးတပ်ဖွဲ့က ရဲဝန်ထမ်းတစ်ဦးဟာ ၈ လပိုင်းလောက်ကစလို့ CDM လုပ်ပြီး လေးကေကော်မှာ သူ့သူငယ်ချင်းတွေနဲ့ လာရောက်နေထိုင်ခဲ့ပါတယ်။ အဲဒီလိုနေထိုင်ရာကနေ နိုဝင်ဘာလဆန်းမှာတော့ မြဝတီမြို့ရဲစခန်းကိုသွားပြီး လေးကေ့ကော်မြို့မှာ ဘယ်သူတွေနေထိုင်ကြောင်း သွားရောက်တိုင်ကြားခဲ့တယ်လို့ တိကျခိုင်လုံတဲ့သတင်းရပ်ကွက်ထံမှ သိရပါတယ်။
အဲဒီလိုတိုင်ကြားတဲ့အတွက် နယ်မြေခံတပ်အရာရှိဟာ KNU အုပ်ချုပ်ရေးအဖွဲ့ထဲခွင့်တောင်းပြီး လေးကေ့ကော်မြို့ကိုလာရောက်စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ဦးမှဖမ်းဆီးခံရတာတော့မရှိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ လေးကေ့ကော်နဲ့ မြဝတီမြို့ကြားမှာရှိတဲ့ မယ်ထော့သလေးအရပ်မှာ စစ်ကောင်စီ ကစစ်ဆေးရေးဂိတ်ဖွင့်ပြီး လေးကော်ကိုလာမဲ့သူနဲ့ လေးကေကော်ကနေ မြဝတီတက်မဲ့သူတွေကိုစစ်ဆေးတာတွေလုပ်လာတယ်။
အဲဒီစစ်ဆေးလာလို့ ဒီဇင်ဘာလဆန်းပိုင်ကစလို့ လေးကေ့ကော်ကနေမြဝတီမြို့ကိုလာတဲ့သူတချို့အဖမ်းခံခဲ့ရပါတယ်။ အဲဒီလိုအဖမ်းခံရပြီးနောက်ပိုင်း ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဆင်ရေးနှင့်ကွပ်ကဲရေးဌာနာချုပ် (စကခ-၁၃) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင် ဦးဆောင်ကာ စစ်ကြောင်းလေးကြောင့်နဲ့ လေးကေ့ကော်ဒေသကို ညဘက်ဝင်ရောက်လာခဲ့ပါတယ်။ အင်းအား ၂၀၀ ခန့်နဲ့ဝင်လာတဲ့အတွက် ဒေသခံတွေကြားအထိတ်တလန့်ဖြစ်လာခဲ့ပါတယ်။
◾️ ဒီဇင်ဘာလက စစ်ဆေးမှု
ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ လေးကေ့ကော်မြို့ထဲကိုဝင် ရောက်စစ်ဆေးခဲ့ပါတယ်။ ဒီတကြိမ်စစ်ဆေးတဲ့အခါမှာတော့ အရင်လိုပုံစံမဟုတ်ပဲ လမ်းမှာတွေ့တဲ့လူကိုဖမ်းဆီးပြီး ဖုန်းကိုစစ်တာ ဖုန်းမှာသံသယရှိတာတွေ့ရင် ဖမ်းဆီးတာတွေလုပ်ခဲ့သလို လေးကေ့ကော်မြို့မှာဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက်စီးနှင်းပြီး ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။
အရင်ကလိုသတင်းရထားတဲ့ လိပ်စာအတိုင်း ဝင်စစ်ဆေးတာမဟုတ်ပဲ တွေ့တဲ့လူကိုစစ်ဆေးပြီးသံသယ ရှိတဲ့လူကိုဖမ်းဆီးတာ ဖြစ်ပါတယ်။ အဲ့ဒီလိုဖမ်းဆီးတာကို KNU ဖက်ကလက်မခံတဲ့အတွက် ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ပြောဆိုခဲ့ပါတယ်။ KNU ဖက်က တောင်းဆိုတာကို လက်မခံတဲ့အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်ထဲဝင်ရောက်စစ်ဆေးကာ KNU တားမြစ်ထားတဲ့နေရာတွေကိုပါ သွားရောက်ရှာဖွေတဲ့အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် လေးကေ့ကော်မြို့ရဲ့မြောက်ဖက်မှာရှိတဲ့ တောင်ကုန်းတွေကိုတက်ရောက်ဖို့လုပ်လာတဲ့အတွက် ပစ်ခတ်မှုတွေစတင်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့တောင်ကုန်းပေါ်က အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ လေးကေ့ကော်မြို့က ရပ်ကွက်တချို့ပျက်စီးခဲ့ပါတယ်။
တကယ်တော့လေးကေ့ကော်မြို့ဟာ KNU အတွက် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က တည်ပေးခဲ့တဲ့ စံပြငြိမ်းချမ်းရေးမြို့ပါ။ စစ်မဲ့ဇုန်လို့လည်းခေါ်ကြပါတယ်။ ငြိမ်းချမ်းရေးသင်္ကေတမြို့ဖြစ်လို့ KNU ဗဟိုက နယ်မြေကျော်လာရင်ပစ်ဖို့ KNLA တပ်ကိုညွှန်ကြားထားပေမဲ့ လေးကေ့ကော်မြို့ကိုအုပ်ချုပ်တဲ့သူတွေဟာ စစ်ကောင်စီအဖွဲ့တွေရဲ့ စစ်ဆေးရှာဖွေတာကို ၈ ကြိမ် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ တွေ့တဲ့လူကိုဖမ်း၊ သွားချင်တဲ့နေရာကိုသွားမယ်ဆိုတဲ့လုပ်ရပ်တွေဖြစ်လာတဲ့အတွက်ကြောင့် အခုလိုတိုက်ပွဲဖြစ်လာခဲ့တာပါ။ စစ်ကောင်စီအနေနဲ့ ဦးသိန်းစိန်လက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ NCA ကို အတိအလင်းချိုးဖေါက်တာလို့လည်းပြောနိုင်ပါတယ်။ စစ်ကောင်စီအဖွဲ့တွေအနေနဲ့ လေးကေ့ကော်မှာရှိတဲ့ CDM တွေ၊ တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်ချင်ရင်လွယ်နိုင်ပါတယ်။
လေးကေ့ကော်ကနေ မြဝတီမြို့ကိုသွားတဲ့လမ်းကိုပဲ စစ်ဆေးတာတွေတင်းကျပ်လိုက်ရင်ကိုပဲ လေးကေ့ကော်ကလူတွေ ထွက်ပေါက်ပိတ်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း လက်နက်အားကိုးပြီး KNU ထိန်းချုပ်နယ်ထဲကို ရန်ကုန်နဲ့တခြားမြို့တွေမှာလို လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်ကာ ဖမ်းဆီးစစ်ဆေးတာ၊ ပစ်ခတ်တာတွေကြောင့် ကရင်ပြည်နယ်က ငြိမ်းချမ်းရေးမြို့ဖြစ်တဲ့ လေးကေ့ကော်မှာလည်း စစ်မီး တောက်လောင်ခဲ့ရပါပြီ။
စစ်ဘေးဒဏ်ကို ဆယ်စုနှစ်များစွာခံခဲ့ရလို့ စစ်မက်မဖြစ်လိုတဲ့ KNU ခေါင်းဆောင်တွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့ရပြန်ပါပြီ။ လေးကေ့ကော်ကစခဲ့တဲ့စစ်မီးဟာ အလွယ်တကူပြန်ငြိမ်းဖို့တော့ မဖြစ်နိုင်တော့ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar