ဖိုးကျော် - လမ်းပေါ်မှာ
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၂၂
အဝေးပြေးကနေ တက္ကစီနဲ့သူလာခဲ့တော့ ကျနော်က သုဓမ္မာလမ်းမကြီးပေါ်က စောင့်နေလိုက်တယ်။ ပြီးတော့ ရန်ကုန်ထဲကို အတူတူလာခဲ့ကြတယ်။
သူ့မျက်နှာထားလည်း ခပ်တည်တည်။ ကျနော့်မျက်နှာထားလည်း ခပ်တည်တည်။
သူနဲ့ကျနော်နဲ့ မတွေ့ကြတာ တကယ်ဆိုကြာခဲ့ပြီ။ ရန်ကုန်ကို မိုင် ၁၀၀ ကျော်လောက်ဝေးတဲ့အရပ်ကနေ လာခဲ့ရလို့ သူ့စိတ်တွေ မအီမသာဖြစ်နေတာလား။
အဲသလိုလည်း မဖြစ်နိုင်ပါဘူး။ မိုင်ထောင်ချီဝေးတဲ့နေရာကနေ ပြန်လာခဲ့တုန်းကတောင် သူ့မျက်နှာ ရွှင်လန်းနေခဲ့တာ။ မိုင်ထောင်ချီဝေးတဲ့နေရာဆီ ထွက်သွားကာနီးတုန်းကလည်း သူ့မျက်နှာဟာ မပြုံးပေမဲ့ တင်းမာမနေခဲ့ဘူး။
ကျနော်ကရော သူရောက်လာခဲ့လို့ စိတ်အနှောက်အယှက်ဖြစ်ပြီး မျက်နှာက အကြောသေနေတာလား။ မဟုတ်ဘူး။ အဲသလိုမျိုး လုံးဝမဟုတ်ပါဘူး။ ကျနော်သူ့ကို မျှော်နေတာ အတော်ကြာပြီ။ သူနဲ့တွေ့ရင် ပြောမဲ့စကားတွေ၊ တိုင်ပင်ချင်တဲ့လမ်းစတွေ စုထားခဲ့တာ အတော်များပြီ။ သူနဲ့တွေ့လို့ စိတ်အနှောက်အယှက်ဖြစ်စရာ ကျနော့်မှာ ဘာမှမရှိပါဘူး။
လွန်ခဲ့တဲ့ ၇နှစ်လောက်က သူနဲ့ကျနော် ဆိပ်ကမ်းသာလမ်းထဲက တည်းခိုခန်းသေးသေးလေးမှာ ဆုံကြတယ်။
ကျနော်နဲ့ ကဗျာဆရာတိုးနှောင်မိုးက ဝတ္ထုတိုတစ်ပုဒ်အကြောင်းကို အသံကျယ်ကြီးတွေနဲ့ ပြောနေကြတယ်။ အဲတာပြီးတော့ ကိုတိုးက ကဗျာတပုဒ်ကို ဌာန်တွေ၊ မာန်တွေအပြည့်နဲ့ရွတ်တယ်။ အဲဒီအချိန်လေးမှာ အခန်းတံခါးခေါက်သံ ထွက်လာခဲ့တာ။
ဘယ်တော့မှ သော့မခတ်ထားတဲ့ တံခါးကို "ဆွဲဖွင့်လိုက်" ဆိုပြီး ကျနော်နဲ့ကိုတိုး ပြိုင်တူအော်လိုက်ကြတယ်။
"စာရေးဆရာတွေလားလို့ဗျာ" ဆိုပြီး သူ့မျက်နှာက တံခါးဝမှာ ပေါ်လာခဲ့တယ်။ အဲသည်မှာ စတွေ့ကြတာပါပဲ။
ညနေခင်းရောက်တော့ ကျနော်နဲ့ကိုတိုးနဲ့ စာပေဆုပေးပွဲတစ်ခုကို သွားကြဖို့ Y2K မှာ ဆီဖြည့်ပြီးထွက်လာကြတယ်။ တည်းခိုခန်းလေးရှေ့က ပလက်ဖောင်းပေါ်မှာ သူနဲ့ဆုံကြပြန်တယ်။ ပလက်ဖောင်းကို ခဏတဖြုတ်သိမ်းပိုက်ပြီး သုံးယောက်သား စကားတွေပြောဖြစ်ကြပြန်တယ်။
အဲသည်တုန်းက ကျနော်တို့ ၃ယောက်စလုံး ရယ်ရယ်မောမောနဲ့ပါပဲ။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာသတဲ့။ ကျနော်တို့ ၃ ယောက်စလုံး ရုပ်မချောကြပေမဲ့ ကျန်းမာရေးကောင်းနေခဲ့ကြပုံပါပဲ။
++++
တယောက်နဲ့တယောက် စကားပြောနေကြပေမဲ့ ကျနော်တို့မျက်လုံးတွေက လမ်းမကြီးပေါ်က ကားတွေဆီကို ရောက်နေတယ်။
"နှစ်ကုန်ပြီးတာနဲ့ လမ်းပေါ်မှာ ကားတွေများလာတယ်ဗျ၊ အဲတာ ကျနော်သတိထားမိတယ်"
တက္ကစီဆရာက ကားမောင်းရင်းနဲ့ ပြောနေတယ်။
ကျနော်နဲ့သူနဲ့ တယောက်မျက်နှာ တယောက် ကြည့်မိကြတယ်။
"ဒီလိုပါပဲဗျာ၊ လက်လုပ်မှ ပါးစပ်လုပ်ရတာမျိုးက ရှိသေးတာကိုး"
တက္ကစီဆရာက မေးခွန်းမဟုတ်တဲ့ သူ့စကားသူ အဖြေထုတ်ပြီး ကားကို တလိမ့်ချင်းလိမ့်နေရတယ်။
မီးပွိုင့်တွေက မီးမလင်းဘူး။ ကားတွေ လူတွေဟာ ရန်ကုန်လမ်းမကြီးတွေ
ပေါ်မှာ ဟာမိုနီပျက်နေတယ်။
"လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျနော်ပြန်ရောက်လာတော့ ဘယ်နေရာကိုကြည့်လိုက် ကြည့်လိုက် မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ 'ဒီနေရာလေးဟာ အခုသာ ဒီလိုဖြစ်နေတာ ၊ သိပ်မကြာခင် ကောင်းသွားမှာ'ဆိုတာမျိုးပေါ့ဗျာ"
ပင်လယ်ရပ်ခြားကနေ ပြန်ရောက်လာတဲ့ နေ့တနေ့က သူ့ရင်ထဲဖြစ်ခဲ့ဖူးတဲ့ ခံစားချက်ကို ပြောပြတယ်။
"အခုတော့ဗျာ....၊ ကြည့်ပါဦးဗျာ"
ယောင်ယမ်းပြီး လမ်းပေါ်ကို ကြည့်မိတယ်။ လမ်းမကြီးပေါ်မှာ လူတွေဟာ သတိကြီးကြီးနဲ့ ကူးသန်းနေကြတယ်။ မျက်လုံးတွေတိုင်းဟာ ကျီးကန်းတောင်းမှောက်။ မှုန်ဝါးနေတဲ့ကျနော့်အမြင်အာရုံထဲမှာ သူတို့မျက်နှာတွေဟာ ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီကားထဲကလိုပဲ။
"ကျနော်တို့ဆီမှာလည်း ဒီလိုပါပဲဗျာ"
သူနဲ့ကျနော့်ကြားမှာ ဖွင့်ဆို၊ ရှင်းပြချက်တွေနဲ့ စကားပြောဖို့ မလိုအပ်ဘူးဆိုတာ သူနေသေးတာပဲ။ "ဒီလိုပါပဲ" ဆိုတဲ့ စကားအဆုံးမှာ လမ်းမပေါ်ကို ကျနော်ကြည့်မိပြန်တယ်။
ရန်ကုန်မြို့ထဲက နေရာတခုကိုရောက်တော့ သူနဲ့ကျနော် စာအုပ်တချို့ကို သွက်သွက်ဝယ်ကြတယ်။ လက်ဖက်ရည်တခွက်စီ သွက်သွက်သောက်ကြတယ်။ ခြေလှမ်းကို သွက်သွက်လှမ်းကြတယ်။ မျက်စိကို လျင်လျင်ထားကြရတယ်။
ညနေမစောင်းခင်ကလေးမှာ ပဲခူးရိုးမဖက်သွားမဲ့ ကားတစင်းပေါ်ကို သူတက်သွားခဲ့တယ်။ သူနဲ့ကျနော် တယောက်ကိုတယောက် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ဖြစ်ကြတယ်။ ခက်နေတာက သူနဲ့ကျနော် နှစ်ယောက်စလုံး မပြုံးနိုင်ကြပါဘူး။
"အရင်လိုဆိုရင် မိုးချုပ်သွားလည်း ဘာမှမဖြစ်ဘူးဗျာ၊ အခုတော့..."
စကားဆုံးအောင်မပြောလည်း ကျနော်နားလည်လိုက်ပါတယ်။ အားလုံးလည်း နားလည်နိုင်ကြမှာပါ။
++++
သူနဲ့ကျနော် အဲသည်နေ့က ဘယ်သူမှ မရယ်နိုင်ခဲ့ကြပါဘူး။ ရယ်ဖို့မပြောနဲ့ ပြုံးတောင် မပြုံးနိုင်ခဲ့ကြဘူး။
ပဲခူးရိုးမဖက်ကို သူပြန်သွားတဲ့အခါ ကျနော်က ရန်ကုန်မှာ ကျန်ခဲ့တယ်လေ။
သေချာတာတခုတော့ ရှိပါတယ်။ ဆိပ်ကမ်းသာလမ်းထဲက တည်းခိုခန်းတံခါးကို အရင်လို စေ့ထားနိုင်တဲ့နေ့၊ ပလက်ဖောင်းကို ခဏတဖြုတ်သိမ်းပိုက်နိုင်တဲ့နေ့၊ ပြီးတော့...တည်းခိုခန်း ခပ်နွမ်းနွမ်းလေးထဲကနေ ကဗျာ ဆရာတိုးနှောင်မိုးရဲ့ ဌာန်၊ မာန်အပြည့်နဲ့ ကဗျာရွတ်ဖတ်သံကိုပြန်ကြားရတဲ့နေ့ကို သူရော ကျနော်ရော မျှော်လင့်တယ်။
အငြင်းမပွားကြပါနဲ့။ အခုတော့ ဘယ်သူမှ ရယ်လို့မရပါဘူး။ ရယ်စရာလည်း မကောင်းဘူးမဟုတ်လား။
လမ်းပေါ်မှာ လွင့်နေတာ ကဗျာတွေမဟုတ်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar