Breaking News

ဖိုးကျော် - နာနာဘာဝစစ်တမ်း

နာနာဘာဝစစ်တမ်း
ဖိုးကျော်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၁

ဗင်းဆင့်ဗန်ဂိုးကို အားကျပြီး သေချင်တာမျိုးလည်းမဟုတ်ပါ။သူက ပန်းချီကားတချပ်၊ကဗျာတပုဒ်ပင် ဖြစ်မြောက်အောင် မရေးဖူးခဲ့။ သို့သော် သူသေချင်စိတ်ပေါ်လာမိသည်။ သူတို့ရွာကလေး၏ ပတ်ဝန်းကျင်တွင်လည်း နေကြာပန်းခင်းကြီးတွေရှိနေသည်။ စိမ်းလန်းနေသော သစ်ပင်အုပ်အုပ်ကြီးများကို ထွေးပွေ့ထားသော တောင်စွယ်တောင်ရိုးများရှိနေသည်။ သူ့ရွာကလေးအနီးက နေကြာပန်းခင်းထဲမှာများ သူ့ကိုယ်သူ သတ်သေလိုက်ရလျှင် ကောင်းမည်လား။ သူသေဆုံးသွားသည်ကို ရက်ပေါင်းမည်မျှကြာမှ ရွာကလူတွေသိမည်နည်း။ နေ့မကူးမီတွေ့နိုင်သလို ရက်ပေါင်းအတော်ကြာမှလည်း တွေ့နိုင်ကြပေမည်။ နေကြာပင်များက ထူထပ်လှပါဘိ။

လူသူအရောက်အပေါက်ကလည်း ယခင်တုန်းကနှင့်စာလျှင် အတော်ကြီးနည်းပါးသွားခဲ့ပြီ။ သေတွင်းထဲက ထွက်လာခဲ့သူဟု သူ့သူငယ်ချင်းတွေက သူ့ကိုပြောကြသည်။ တချို့ကလည်း သေရွာပြန်ဟု ပြောကြသည်။ သူတို့ပြောစကားများက အလွန်အကျွံတွေသာ ဖြစ်တော့သည်။ ထိုစဥ်က သူလိုလူတွေ အများကြီးသာ။ သူ့လိုပင် မသေဆုံးခဲ့ကြပါ။ စစ်စည်းပင်ကြီးအောက်တွင်ထိုင်ချရင်း အိပ်ကပ်ထဲမှ ဆေးပေါ့လိပ်လေးကိုထုတ်ယူမီးညှိလိုက်သည်။အဝေးမှာ မြင်နေရသည့်ကားလမ်းမကြီးကိုငေးမောကြည့်ရင်း ဆေးပေါ့လိပ်ကို တမျှင်းမျှင်းဖွာလိုက်သည်။ သူ့ထံတွင် လတ်တလော၌ အလုပ်ဟူ၍ မည်မည် ရရမရှိတော့ပါ။ နေအိမ်ခြံဝင်းအတွင်းရှိ အမှိုက် သရိုက်များရှင်းလင်းဖို့ကိစ္စသည် အလုပ်ဟုမမည်ပါ။ သူ့အလုပ်အကိုင်များသည် အဝေးသို့ လွင့်ပါးသွားခဲ့ကြပြီ။ တင်ပျင်ချိတ်ထိုင်ဖို့ လက်အထောက်တွင် ယာဖက်တံတောင်ဆစ်မှ ခပ်စူးစူးနာကျင်သွားသည်။ ရုံးမှအပြန်တွင် မြို့ပါတ်ရထားပေါ်မှလိမ့်ကျခဲ့သည့်ဒဏ်ရာကြောင့် ဖြစ်သည်။ အရွတ်ဟသွားသည်ဟု ထင်မိသည်။ အခန့်မသင့်တိုင်း နာကျင်စွာခံစားရသည်။ အတော်နှင့် ပျောက်တော့မည်မထင်။ မနှစ်က ဒဏ်ရာရခဲ့သည်။ နာမကျန်းဖြစ်ခဲ့ရသည်။ အနံ့ပျောက်ကာ ဆေးရုံမှာ ဆေးစစ်ခဲ့ရသည်။ ကိုဗစ်-၁၉ ကို ရင်ဆိုင်အလဲထိုးခဲ့ရသည်။ ကောင်းမွန်သည့် ပြုစုစောင့်ရှောက်မှုအောက်တွင် သူ့စိတ်ဓာတ်အင်အားများ ပြန်လည်ရုန်းကြွခဲ့ရသည်။အားပေးသီချင်းသံများ၊ လိုအပ်သည်ထက်ပင် ပိုလျှံနေသည့် အစားအသောက်နှင့်မုန့်ပဲသွားရည်စာများကို သူပြန်လည်ပြီး အမှတ် ရမိသည်။ ထိုကာလလွန်ခဲ့သော် လုပ်ငန်းခွင်ထဲ၌ သူပြန်လည်တာဝန်ထမ်းဆောင်ခဲ့ရသည်။ မိုးရက်များ၊ နောက်တော့ ဆောင်းရက်များ၊ သူ့ဝေဒနာသည် သေလောက်သည့်ဝေဒနာဟုပင်ယုံကြည်ဖို့ ခက်ခဲလာပါသည်။

တံတောင်ဆစ်မှ အနာလောက်ပင် သူသတိမရမိတော့။ ကုမ္ပဏီ၏အလုပ်အကိုင်များထဲကူးခတ်နေရင်း သက်လုံပင် ပို၍ကောင်းမွန်လာခဲ့သည်။ လူများ၊ လမ်းများ အားလုံးလိုပင် တက်ကြွနေသည်ဟုထင်မိခဲ့သည်။ ပထမလှိုင်းလုံးကြီးကိုကျော်ဖြတ်အပြီးတွင် မည်သို့နေထိုင်ကြရမည်ဟူသော အသိ၊ သတိဖြင့် ဒုတိယလှိုင်းလုံးကို ရင်ဆိုင်နေခဲ့ကြသည်။

ပထမလှိုင်းကြောင့် ပျက်စီးနိမ့်ကျသွားခဲ့ရသည့်ဘဝတချို့ကို ကူညီရိုင်းပင်းစိတ်ဖြင့် တတ်နိုင်သလောက်ဖဲ့ပေးနေခဲ့ကြသည်။ အလုပ်အကိုင်များပြန်လည်ပတ်လာခဲ့သည်။ ရုံးများ စျေးများ ပြန်လည်စည်ကားလာခဲ့ပြီ။

သာယာသော နေ့များသည် ဆောင်းနှောင်းရာသီ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အဆုံးသတ်သွားခဲ့ရသည်။

---------------------------

မန္တလေးမြို့ကြီး(ရတနာပုံ)မှာ ၁၉၀၀ ခုနှစ်မှ စပြီး ၁၀ နှစ်ကြာမျှ ပလိပ်ရောဂါအကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း စာအုပ်တွေထဲမှာသူဖတ်ခဲ့ရဖူးသည်။ပလိပ်ရောဂါသည် ရှိသည့်အိမ်ဆိုလျှင် မြူနီစပါယ်မှ အလံနီလာစိုက်ထားကြသည်။ ရောဂါသည် သေဆုံးသွားပြီဆိုလျှင် အလံနက်လာရောက်စိုက်ထူထားကြသည်ဟု မှတ်သားထားမိ သည်။ ထိုနေ့တွင်တော့ သူသုံးသည့် လူမှုကွန်ရက်တွင် ပရိုဖိုင်းမည်းမည်းများ ပြောင်းလဲထားကြသည်။

ရောဂါသည် သေဆုံးသွားခြင်းမဟုတ်ပါ။ စိတ်မကောင်းခြင်းအမှတ်အသားတခု။ လက္ခဏာ sign တခုသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားလိုက်ပြီး စစ်အာဏာရှင်သည် ပြောင်ပြောင်တင်းတင်း နေရာဝင်လုချေပြီ။ နောက်ပိုင်းရက်များတွင် ပရိုဖိုင်းအမည်းများ၏အောက်ခြေ၌ နီထွေးစွေးမြသောသွေးစက်များကိုပါ မြင်လာခဲ့ရသည်။ ထို့နောက် ယမ်းနံများ၊ နာကျည်းတက်ခေါက်သံများကိုပါ သူသုံးနေသည့် လူမှုကွန်ရက်စာမျက်နှာလေးထဲမှ ခံစားရ၊ သိမြင်လာရသည်။ သူတို့ ကုမ္ပဏီရပ်တန့်သွားပြီ။ နိုင်ငံရပ်ခြားမှလာရောက်၍ရင်းနှီးမြှုပ်နှံကြသူများသည် စစ်အာဏာရှင်ကိုလုံးဝအယုံအကြည်မရှိကြ။ သူအနေဖြင့်လုပ်တတ်သောအလုပ်အကိုင်ဟူ၍ တမျိုးတည်းသာရှိသည်မဟုတ်ပါ။ သို့သော် ရန်ကုန်မြို့ကြီးတွင် တနေ့ထက်တနေ့ လုပ်ငန်းများရပ်တန့်သွားကြပြီ။သူနေထိုင်ရာတိုက်ခန်းဘေးတွင် ဧရာဝတီတိုင်းမှ အလုပ်လာလုပ်နေကြသည့်မိန်းမပျိုလေးတစုရှိသည်။ သူတို့အားလုံး မျက်ရည်ဝဲပြီးပြန်လာသည့် ညနေကို သူမှတ်မိနေသည်။''သမီးတို့အလုပ်တွေရပ်သွားပြီ။ ပိုင်ရှင်က ထွက်သွားပြီတဲ့''

"ဟာ..ဟိုကလေးမလေးရော...မူမူလား ဖြူဖြူလား''

"သူက တနေ့က အဖမ်းခံထားရတယ်...ဆန္ဒပြလို့''

အားလုံးတိတ်ဆိတ်သွားကြသည်။

ကိုယ်ချင်းစာတရားသာ သူ့ထံမှာ ရှိနေခဲ့ပါသည်။ မည်သို့အားပေးနှစ်သိမ့်ရမည်မှန်း သူကိုယ်တိုင်လည်း မသိတော့ပါ။ ''အခြေအနေတွေ အရင်လို ပြန်ဖြစ်ဖို့ ကြာမယ်လား''

ခေါင်းကိုလေးပင်စွာ ရမ်းပြခဲ့မိသည်။ ခေါင်းရမ်းပြခြင်း၏အဓိပ္ပာယ်ကိုတော့ သူကိုယ်တိုင်သာသိပါသည်။

စိတ်ကိုတင်းပြီး တလပြီးတလကျော်ဖြတ်ကြည့်သည်။ ကုမ္ပဏီများက တခုပြီးတခု ပိတ်သိမ်းကုန်ကြသည်။ မျှော်လင့်ချက်သည် အရောင်အဆင်း ကင်းမဲ့သွားခဲ့ပြီ။ ကုမ္ဂဏီမှထုတ်ပေးထားသည့် A. T.M ကဒ်လေးထဲမှလက်ကျန်ငွေကိုပင် မနည်းကြီးထုတ်ယူခဲ့ရသည်။

---------------------------

ရွာတွင် သူလုပ်တတ်သည့် အလုပ်အကိုင်မည်မည်ရရမရှိ။ တောသားဖြစ်သော်လည်း ဝါးတရုံမျှ သူမခုတ်ခဲ့ဖူးပါ။ နွားလည်းမကိုင်တတ်ခဲ့။ ယမ်းငွေ့အူစပြုနေသည့် ရွာကလေးတွင် အခုတော့ ပို၍ပင်လူပိုတယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသည်။ ရထားပေါ်မှလိမ့်ကျခဲ့သည့်ဒဏ်ရာကြောင့် မြက်ရမ်းဓါးကိုပင် သူကိုင်မည်မဟုတ်တော့။ သူသင်ကြားလာခဲ့ရသည့်ပညာများ၊ ဖတ်ကြားခဲ့ရသည့်စာပေဗဟုသုတများသည် အကန့်အသတ်တခုအတွင်း၌ သာ တွင်ကျယ်နိုင်သည်ဟုထင်မြင်လာခဲ့ရသည်။ နေကြာပန်းခင်းကြီးထဲ သူမျက်လုံးများ ငေးနေမိတော့သည်။ ဆေးပေါ့လိပ်ကိုသာ တွင်တွင်ဖွာနေမိတော့သည်။တချက်တချက်တွင် လူသူလေးပါး အသွားအလာကင်းနေသည့် လမ်းမကြီးအထိ သူငေးမောနေမိသည်။

အင်ဂျင်စက်သံတဒီးဒီးပေးကာ ကားတန်းကြီးတခု ဖြတ်သန်းသွားကြသည်။ ထိုကားတန်းကြီးသည် အသိဉာဏ်ကင်းမဲ့နေသော နာနာဘာဝအုပ်စုကြီးနှင့်ပင် တူနေသေးသည်။''အခုအချိန်...လူတွေအသွားအလာ မရှိကြဘူးဗျ''

ရွာမှနေကြာခင်းထဲသို့သွားချိန်တွင် လူငယ်တဦးက သူ့ကိုပြောခဲ့သေးသည်။ ကျစ်လစ်ညိုမောင်းသောလူငယ်လေး၏မျက်ဝန်းများသည် ယုံကြည်ချက်တခု ၏လှုံဆော်မှုကြောင့် ဝင်းပြောင်စူးလက်နေသည်။ ။ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည့် ကာမိကာဇေ လေသူရဲများကိုပင် သူသတိရမိသေးသည်။ အမေရိကန်စစ်သင်းဘောကြီးများ၏မီးခိုးခေါင်းတိုင်ထဲသို့ ဦးစိုက်ထိုးဝင်သွားသည့်တိုက်လေယာဥ်ကလေး။ လေယာဥ်ကလေးကသေးငယ်သော်လည်း မောင်းနှင်သည့်လေသူရဲမျက်ဝန်းများမှာ ယုံကြည်မှုအပြည့်။ 

သူ့ရွာလေးတွင် လေယာဥ်နှင့်တူတာဆို၍ အုန်းလက်ခြောက်သာ ရှိသည်။

သူသည်လည်း အုန်းလက်ခြောက်ကိုတော့ ပျံတက်စေခြင်းငှာ မစွမ်းသာ။

တနေ့ကလည်း ဆိုးရွာပြင်းထန်လာသည့် ဗိုင်းရပ်စ်ပိုမွှားကြောင့် လူတွေစိုးရိမ်ပူပန်နေကြသည့်အကြောင်းကို တွေးမိသေးသည်။ သူတို့ရွာကလေးသည် လူနေကျဲပါးပြီး လူစိမ်းသူစိမ်း အဝင်အထွက်နည်းလှသဖြင့် စိတ်အေးနေရသေးသည်။ တချိန်ချိန်တော့ ပူပန်ရတော့မည်။ လူစိမ်းများ။ လူစိမ်းများကို သူတို့သတိထားကြရတော့မည်။ လမ်းမကြီးပေါ်မှ ကုန်းကမူအတက်ကို စက်ကုန်ဖွင့်မောင်းနှင်နေသောကားများထဲတွင် လူစိမ်းများသာ ပါလာကြပေမည်။သို့ မဟုတ်လျှင်လည်း ယခုနေအချိန်အခါမျိုးတွင် နာနာဘာဝများသာ ဖြစ်နေလေရော့မည်။ ဆေးပေါ့လိပ်အသစ်ကိုမီးညှိရင်း ငယ်စဥ်ကလေးဘဝ အင်းဂလိပ်စာသင်ခန်းစာထဲမှ ''နောက်ဆုံးသစ်ရွက်''ကိုသတိရမိပြန်သည်။ ဆူးနှင့်ဂျွန်စီအတွက် သစ်ရွက်စိမ်းလေးတရွက်ကို အသက်နှင့်လဲပြီးရေးဆွဲပေးခဲ့သည့် မစ္စတာဘားမင်း။ မစ္စတာဘားမင်းက ပင်လယ်အော်ကို မာစတာပိစ်အဖြစ် မသေခင်မှာရေးဆွဲချင်ခဲ့သည်။

ပင်လယ်အော်ကို သူမမြင်ဖူးခဲ့ပါ။ သူသည် မစ္စတာဘားမင်းမဟုတ်ပါ။ သူက သစ်ရွက်စိမ်းများကို ခြွေချချင်နေမိခဲ့ပြီ။ သစ်ရွက်စိမ်းများသည် လူစိမ်းများသာ ဖြစ်နေလေတော့သည်။ သူ့အနားတွင် ပင်လယ်အော်မရှိပါ။ နေကြာပန်းခင်းကြီးသာရှိနေသည်။ ထို့နောက် ကုန်းကမူအတက်တွင် တဒီးဒီးမြည်ဟီးနေကြသည့်လူစိမ်းသူစိမ်းတို့ကားတန်းကြီး။ ဗိုင်းရပ်စ်ပိုးနှင့်လူစိမ်းသူစိမ်းများ။ လူစိမ်းသူစိမ်းများနှင့်ဗိုင်းရပ်စ်ပိုး။ နှစ်ခုစလုံးသည် ယှဥ်တွဲနေကြသည်ဟုသူထင်မိသည်။

---------------------------

နေကြာပန်းခင်းကြီး၏ဘေးတွင် မီးလောင်ပျက်စီးနေသောကားများ တုံးလုံးပက်လက်ဖြစ်နေကြသည်။ တာယာမီးလောင်နံ့နှင့်အသားညှော်နံ့များ ပြင်း ပြင်းထန်ထန်ထွက်နေသည်။ ဆရာတော်တပါးသည် လူငါးဦးအား တရားရေအေးတိုက်ကျွေးနေသည်။ သူ့အမေက ထိုလူငါးဦးထဲတွင် ထိပ်ဆုံးမှာ ထိုင်နေသည်။ သူ့အမေ မျက်နှာကငိုထားမှန်းသိသာသော်လည်း ညှိုးညှိုးငယ်ငယ်တော့မဟုတ်။ သူ့နာမည် ခေါ်နေသံကိုကြားသော် လည်း ဆေးပေါ့လိပ်ဖွာရင်းသာ စစ်စည်းပင်ကြီးအောက် သွားထိုင်နေလိုက်သည်။

"မောင်အောင်သာအတွက် အမှတ်တရဖြစ်ချင်ရင် အဲ့သည်ကုန်းတက်ကို 'အောင်သာကုန်း' လို့ နာမည်ပေးလိုက်ကြပါလေ''

ဆရာတော်၏ ကြည်လင်စူးရှသော အသံကို ကြားနေရသည်။

နောက်တနေ့တွင် ယခုထိုင်နေသည့်စစ်စည်းပင်ကြီးနေရာမှနေ၍ ကားလမ်းမပေါ်ရှိ ကုန်းကမူအတက်လေးကို သူလှမ်းငေးရဦးမည်။ လူစိမ်း သူစိမ်းများ မကျူးကျော်လာစေဖို့ တားဆီးရပေလိမ့်မည်။ ထိုကုန်းကမူလေးသည် သူ့အပိုင်စားနေရာလေး ဖြစ်ခဲ့လေပြီ။''အောင်သာကုန်း''

ဆရာတော့်အသံကို ပြန်ကြားနေမိသည်။ ဗင်းဆင့်ဗန်ဂိုးနှင့် ယခုအချိန်တွင် တွေ့ချင်မိသည်။ သူ့တွင် ကြွားစရာ ပူပူလောလော ရှိခဲ့ပြီ။ မစ္စတာဘားမင်းကတော့ သူလိုဖျက်ဆီးတတ်သူကို စိတ်ဆိုးလေမည်လား။ ဆိုး...ဆိုးပါစေ။
---------------------------

သူမသေသေးကြောင်း ကုန်းကမူလေးက ပြောပြခဲ့ပါသည်။ မီးလောင်ညှော်နံ့များ သူ့ကိုယ်ခန္ဓာကိုယ်မှ ထွက်ပေါ်မလာခဲ့ပါ။ နာနာဘာဝများထံမှဟု သိရပါသည်။

ဖိုးကျော်
၁၈.၇.၂၀၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar