ဖလော်ဒါဟန် - ပန်းတိုင်း ပွင့်ကြပါစေ
ဖလော်ဒါဟန် - ပန်းတိုင်းပွင့်ကြပါစေ
(မိုးမခ) ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅
၂၀၂၁ ကာလများဆီက ကျွန်မ မထင်မှတ်ဘဲ အလွန်အေးချမ်းတဲ့ တောင်ပေါ်မြို့လေးကို ရောက်ခဲ့ပါတယ်။
ကျွန်မအတွက် အရင်အချိန်များဆီကတော့ ဘယ်ဒေသသွားသွား ခန္ဓာကိုယ်မှာ ချိတ်ဆွဲထားတဲ့ရာထူးဂုဏ် စွဲမက်ဖွယ် စည်းစိမ်ဂုဏ်က လူကို ဂုဏ်တင့်စေခဲ့တာတော့ အမှန်ပါ။
တကယ်လက်တွေ့ဘဝမှာတော့ ကျွန်မ ဆိုသည်မှာ ရေပေါ်ရေးတဲ့ အရုပ်တွေလိုပါပဲ၊ နိုင်ငံအရေးမှာ မိမိရွေးချယ်မှုက စိတ်ဓာတ်ကြံ့ခိုင်မှုကလွဲလို့ အရာအားလုံး မိမိခန္ဓာကိုယ်မှာ ဘာမှ မကျန်ရစ်ခဲ့သူလို့ ပြောလို့ရပါတယ်။
တောင်ပေါ်မြို့လေးအကြောင်း ပြောရမယ်ဆိုရင် ကျွန်မအတွက် အတွေ့အကြုံအသစ် မိမိရဲ့အလုပ်ချင်ဆုံး အလုပ်တွေကို လုပ်ခွင့်ရတဲ့နေရာလေးလို့ ပြောရင်ရပါလိမ့်မယ်။
တောင်ပေါ်မြို့လေးက အေးချမ်းပေမဲ့လည်း အနီးအနား မြို့ရွာတွေက မအေးချမ်းတော့ အိမ်ငှားနေ စစ်ရှောင်မိသားစုလေးတွေ အတော်များပါတယ်။
ဒီထဲမှာ ကျွန်မတို့လို စီများလည်း အများကြီးတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။
ပြေးခဲ့ရတဲ့ ခရီးတိုင်းက လူတဦးချင်းစီမှာ ပန်းတိုင်ရှိတာတော့ အမှန်ပါ။ ဒီပန်းတိုင်က ခံယူချက်တူသူ၊ ရည်ရွယ်ချက်တူတွေ သွားနေရတဲ့လမ်းက တလရ ပန်းတိုင် ဖြစ်တာကြောင့် အခက်အခဲများစွာ ရှိနေကြတာပါပဲ။
ဒီလိုအခက်အခဲတွေကြောင့်လည်း ကျွန်မတို့ လျှောက်ရတဲ့လမ်းက မချောမွေ့တာ အဆန်းတော့မဟုတ်ပါဘူး။
စစ်ရှောင်လို့ ပြောရရင် ဖိနပ်မပါ လယ်ကွင်းပြင်ကို ဖြတ်ပြေးရသူတွေ ရှိသလို မိသားစုလိုက် အိုးအိမ်ပစ်လို့ တမြို့ တနယ်မှာ အလုပ်အကိုင်မရှိ ရှိတာလေးကို ချွေတာစားရင်း ဘဝကို ရှင်သန်ရတာလည်း ရှိပါတယ်။
ကျွန်မ တွေ့ဖူးတဲ့ မြေပြင်အနေအထားတခုမှာ တောတောင်တွေထဲ ပုန်းရှောင်နေရသူများကိုတော့ မတွေ့ဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ဒုက္ခ မသိပေမဲ့ ခိုးကိုးရာမဲ့တဲ့ အခြေအနေက ပိုဆိုးမယ်ဆိုတာ ကိုယ်ချင်းစာလို့ ရပါတယ်။
အခုတော့ တောင်ပေါ်မြို့လေးရဲ့ အစွန်အဖျားနေရာလေးတွေမှာ နှစ်ချီကြာသည်အထိ မိမိဒေသကိုစွန့် အလုပ်အကိုင်နဲ့ လူနေမှုဘဝပုံစံတွေပါ ပြောင်းလဲနေထိုင်ကြရင်း အမှန်တရားအတွက် မိသားစုတွေ ဝေးကွာနေကြလေရဲ့။
ကျွန်မအတွက်တော့ သူတို့တွေ ရှိတဲ့နေရာမှာ လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့ရတာ အဆင်ပြေချောမွေ့တဲ့ ထောက်ပံ့မှုလေး လုပ်ဆောင်ပေးနိုင်ခဲ့လို့ မိမိကိုယ်မိမိ ကျေနပ်ခဲ့ဖူးတာလေးတော့ ရှိတာပေါ့လေ။
နှစ်တွေကြာလာတော့ ကျွန်မလည်း ကိုယ်ဘဝကိုယ် ရပ်တည်နိုင်ဖို့ ရုန်းကန်ရသူဖြစ်တဲ့ စစ်ရှောင်တွေနဲ့ထပ်တူ ဘဝတူဖြစ်တဲ့အတွက် သူတို့လေးတွေနဲ့ ဝေးကွာခဲ့ရတယ်။
ဒီမှာ တခု ပြောစရာရှိတာက စစ်ရှောင်မိသားစုများရဲ့ ပညာရေးနဲ့ပတ်သက်လို့ပါ။ တကယ်ဆို စားဝတ်နေရေးအတွက် ပြေလည်အောင် တမြို့ တရွာမှာ နေနေရသူတွေအတွက် ကလေးတွေရဲ့ပညာရေးကို အဆင်ပြေသလို ဖြေရှင်းတာ မဟုတ်ကြဘဲ မိဘတွေ စုပေါင်းပြီး မိမိတို့ တိုင်းရင်သားညီအစ်ကို မောင်နှမများရဲ့ စုစည်းမှုနဲ့ ပညာရေးကို အစဉ်မပျက် သင်ယူပေးနိုင်ခဲ့ကြတာကလည်းတကယ်ကို အားကျစရာပါ။
ကျွန်မဘက်ကလည်း သူတို့လေးတွေကို အားမလျှော့ဖို့ ကျွန်မ တတ်နိုင်တဲ့၊ ကူညီနိုင်တဲ့အနေအထားမှာ မှန်ကန်တဲ့ ပညာရေးစနစ်အောက်မှာကလေးတွေ ပညာသင်ကြားနိုင်ဖို့ ကွန်မြူနီကေးရှင်းလုပ်ပေးနိုင်ခဲ့တယ်။
ဒီအတွက် မိဘများရဲ့ ကျေးဇူးသင်ကြားပေးသူ ဆရာ၊ ဆရာမများရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တွေကြောင့်လို့ ဆိုရင်ရပါလိမ့်မယ်။
အခုတော့ ကျွန်မတို့ ရှိသမျှအားလေးနဲ့ မွေးဖွားပေးလိုက်တဲ့ ကျောင်းလေးက လူဦးရေမများပေမဲ့ မိသားစုအစုအဖွဲ့လေးအောက်မှာ ပန်းလေးတွေပွင့်နေကြပါပြီ။
ကျွန်မကတော့ နေရာစုံ ဒေသစုံမှာ အဆင်ပြေလိုက် မပြေလိုက် နေထိုင်ရင်း ကျွန်မနဲ့အတူ ရှိခဲ့ဖူးတဲ့ စစ်ရှောင် မိသားစုများရဲ့ အခြေအနေ လုပ်နိုင်တဲ့ စွမ်းရည်များကို သတင်းစကားအဖြစ် ပြန်ကြားရချိန်တိုင်း အားပေးစကားတွေ မပါမဖြစ် နှုတ်ရဲ့စောင်မမှုကို ပြောခွင့်ရနေတာပါပဲ။
တနေ့ကတော့ ကလေးတွေ စာဖတ်ကြတယ်၊ စာအုပ်လှူသူများရှိမလားဆိုတဲ့ သတင်းစကားက ကျွန်မအတွက် အောင်မြင်မှုတခုဖြစ်လို့ သူတို့လေးတွေ ကမ်းလှမ်းလာတဲ့ အကူအညီကို လက်ခံဖြစ်ခဲ့တယ်။
ကျွန်မရဲ့ လုပ်ချင်စိတ်က ကလေးများအတွက် အဆင်ပြေစေချင်တယ်။
ဒီအတွက် အမျိုးမျိုးသော အခက်အခဲတွေကြုံရသည့် အချိန်တိုင်း မိတ်ဆွေရင်းတွေ မဟုတ်ကြပေမဲ့ ရင်ဘတ်ချင်း တူသူများရဲ့ အကူအညီများကြောင့် ကလေးများအတွက် စာအုပ်စင်လေး ဖြစ်ခဲ့ရပါပြီ။
တကယ်ဆို ကျွန်မဝန်းကျင်မှာ ပိုက်ဆံရှာနိုင်တဲ့ အသိုင်းအဝန်းတွေ အများကြီးပါ။
အခုလို မိဘတိုင်းက မိမိတို့ သားသမီးများအတွက် ပညာရေးနဲ့ပတ်သက်လို့ အတွေးအမြင် အသိတွေ ဝေးကွာနေကြဆဲပါ။
ပညာပန်းတိုင် ဆိုတာ ငွေနဲ့ပေးဝယ်ရတာထက် တကယ့် အသိပညာနဲ့ ပေးဝယ်ရတာ ပိုတန်ဖိုးရှိတယ် ဆိုတာ မိဘတိုင်း လက်ခံ နားလည်ကြမှသာ တကယ့်ပညာအစစ်ကို ရရှိကြမယ် ဆိုတာလေးကို မျှဝေပေးရင်း ပညာအလင်း စိတ်အလင်းမှာ ပန်းတိုင်းပွင့်နိုင်ကြပါစေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar