Breaking News

နေသုခ (မြစ်ကြီးနား) - ငါ့မြို့

နေသုခ (မြစ်ကြီးနား) - ငါ့မြို့ 
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၂

ဒီနေ့ ပြတင်းတံခါးကိုဆွဲဖွင့်ပြီး အိမ်အပြင်ကိုကြည့်လိုက်မိတော့ ရာသီဥတုက သာသာယာယာရှိနေတယ်။ အပြာရင့်ရောင်မိုးသားရင်ခွင်မှာ တိမ်စိုင်တွေ ခရီးလွန်နေကြတယ်ထင်ရဲ့။ ပျံလွှားငှက်ကလေး ဝေ့ကာ၊ ဝဲကာ၊ဝိုက်ကာ၊ ပင့်ကာ ပျံသန်းနေကြတာကို မြင်နေရတယ်။ မြင်ကွင်းဟာ သဘာဝပန်းချီကားချပ်မို့ ထင်မိရဲ့။ ချုပ်ကွက်မိသွားတဲ့ မျက်လုံးဟာ ညီညာဖုထစ်ကွေ့ကောက်နေတဲ့မြစ်ပြင်ပေါ်ကို တဖန်ရောက်သွားပြန်တယ်။

မြစ်ကိုမြင်တဲ့အချိန်မှာမြင်ကွင်းတွေက ကျွန်တော်မြို့လေးနဲ့ကျွန်တော် ဆယ့်ရှစ်နှစ်နီးပါး ကွဲကွာခဲ့ခြင်းကို လှုပ်နှိုးလိုက်သလိုပါပဲ။ မြို့လေးကို ပန်းချီကားနှစ်ချက်ပေါ် တူညီပြီး မတူညီတဲ့ဆေးနဲ့ ရေးဆွဲထားကြသလိုမျိုး။ ရင်ဟာတသိမ့်သိမ့်လှိုက်လို့။

(တစ်)
အမတ်ကြီးဦးပေါ်ဦးရဲ့ လျှောက်ထုံးကို သတိရမိတယ်။ ပြုံးမိတယ်။ ရေဟာ ပုံမှန်အတိုင်းဆို အရိုက်ခံရလို့ ယောင်ရမ်းပြီးတိုးလာစရာမှမရှိ။ ဒါပေမဲ့ သူ့ အချိန်ရောက်လို့ တိုးလာတဲ့အခါ ဖောင်းပွပြီး မြင့်တက်လာတယ်မဟုတ်လား။ မိုးဦးကျချိန် မြစ်ထဲမှာ ရေတွေများလာတော့ လူတွေကရေတိုးလာတယ်လို့ ပြောကြဆိုကြတယ်။ သေချာတာက အရာနှစ်ခုထိပ်တိုက်တိုးတဲ့အခါ တခုခုက နောက်ဆုတ်ပေးတတ်ကြရတာမျိုးပါပဲ။ အင်အားဟာ ဒီနေရာမှာစကားပြောကြတယ်ထင်ရဲ့။

မြစ်ကို ဝန်းရံထားတဲ့ကမ်းနဲ့ အင်နဲ့အားနဲ့တိုးလာတဲ့ မြစ်ရေနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါပျော်ဝင်ခြင်းနဲ့ ပျိုပျက်ခြင်းဟာ ကမ်းဆီမှာပဲ တာဝန်ရှိနေပေါ့။ အဲဒီလိုမျိုး မြစ်‌ရေနဲ့ကမ်းနဲ့ ထိပ်တိုက်စီးချင်းထိုးတဲ့ပွဲဟာ နှစ်ပရိစ္ဆေဒကြာခဲ့သည်နှင့်အမျှ အနိုင်အရှုံးရလဒ်က တဖြည်းဖြည်းနီးကပ်လျက်ကွာခြားလာတယ်။ ဖြစ်ပုံက မြစ်ရေကတိုက်စားလာတော့ ကမ်းကပြိုကျပေးရတယ်။ ကမ်းကပြိုကျတဲ့အခါ ကမ်းပေါ်မေးတင်ပြီးရပ်တည်နေတဲ့မြို့က နောက်ဆုတ်ပေးလိုက်ရတာပါပဲ။

တခုနဲ့တခု ထိပ်တိုက်တိုးတဲ့အခါ တခုကနောက်ဆုတ်ပေးမှ ငြိမ်းချမ်းရေးရမယ် မဟုတ်လား။ ကျွန်တော့်ရဲ့မြို့လေးက မေတ္တာတရာကြီးမားလွန်းတယ်။ခန္တီပါရမီလည်း ပြည့်စုံလွန်းတယ်ထင်ပါရဲ့လေ။ မြစ်ရေတိုးတိုင်း ရင်ဆိုင်စစ်မဖြစ်ဘဲ နောက်ကိုသာ ဆုတ်ခွာပေးလာခဲ့တယ်။

(နှစ်)
ဟိုးယခင်ကျွန်တော်ငယ်ငယ်က ကျွန်တော့်အိမ်လေးဟာ မြစ်နဲ့နီးတယ်ဆိုပေမဲ့လို့ မြစ်ကမ်းကိုရောက်ဖို့ မရမ်းတောရပ်လေးကိုဖြတ်ရတယ်။ မရမ်းတောရပ်လေးကျော်လွန်တဲ့အခါ ရေကာတာကြီးရှိတယ်။ ရေကာတာရဲ့ အရှေ့ဘက် မြစ်ဘက်အခြမ်းမှာ လူနေအိမ်လေးတွေစီရရီ ရှိနေတယ်။ ရေကာတာလမ်းမပေါ်မှာ ကျွန်တော်ပြေးလွှားဆော့ကစားခဲ့ဖူးတာပေါ့ ။

ဒါတင်မကသေးဘူး။ မြို့လေးရဲ့ နယ်နိမိတ် ရေကာတာ တလျှောက်ကိုကြည့်လိုက်ရင် မြောက်ဖျားစွန်းမှာ ရွှေမြင်တင်ဘုရားနဲ့ ဆင်ကျုံး၊ မြင်းကျုံးရှိတယ်။ ရေကာတာအလယ်မှာ ဆုတောင်းပြည့်ဘုရားကြီးနှစ်ဆူနဲ့ ဘုရားအဆူပေါင်းများစွာခြံရံထားတဲ့ မာန်အောင်မြင်စေတီတော်ကြီးနဲ့အတူ စေတီပေါင်းများစွာရှိတယ်။ နောက် မြို့မအရပ်ကမ်းနံဘေးမှာ ဧရာဝတီကုန်တင်ကုန်ချသင်္ဘောဆိပ်နဲ့အတူ မြို့မရပ်ရှေးဟောင်းဘုရားတွေရှိတယ်။ မြို့နယ်နိမိတ်ရဲ့ တောင်ဘက်အစွန်းမှာတော့ ပြည်လုံးချမ်းသာစေတီတော်နဲ့အတူ ဘုရားကြီးတွေများစွာဟာ မြစ်ကိုမျက်နှာမူပြီး သီတင်းသုံးနေတာပေါ့။

ဆယ့်ရှစ်နှစ်ဟာ ကျွန်တော့်အတွက် ကျွန်တော့်မြို့ကို အံဩမှင်သက်စေခဲ့တယ်။ မြို့ရဲ့အစဉ်အလာ အသံမစဲမဟာပဋ္ဌာန်းရွတ်သံတွေကတော့ ခုထိမစဲ တသဲသဲညံနေကြသေးတယ်။ ဒါဟာ ဂုဏ်ယူစရာတခုလို့ဆိုမလား။ ကျွန်တော့်မှာတော့ ရေချိုးဆင်းသွားပြီး ပြန်တက်မလာကြတော့တဲ့ ဘုရားရုပ်တုတွေကို မြင်ယောင်ပြီးဝမ်းနည်းမျက်ရည် စို့လာမိတယ်။ ငယ်စဉ်က ရာသီကျဘုရားပွဲတွေမှာ ပြေးလွှားဆော့ကစားခဲ့တာတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လှည့်သွားခဲ့တာတွေပြန်လွမ်းတယ်။ စာ‌မေးပွဲအောင်မယ်ဆိုရင်ရင် ပေါ့ပေးပါ။ လေးပေးပါဘုရားဆိုပြီး မ ကြည့်ခဲ့ဖူးတဲ့ ကျောက်တုံးတွေ ခုတော့ ပျောက်ဆုံးကုန်ကြပေါ့။

အဲဒီလို ကျွန်တော့်မြို့လေးဟာ မြစ်ရေတိုးတော့ ကမ်းပြိုတယ်။ ကမ်းပြိုတော့ တာပြိုတယ်။ တာပြိုတော့ ဘုရား‌ကျောင်းကန်ပြိုတယ်။ ဘုရားကျောင်းကန်ပြိုတော့ ဈေးပါပြိုတယ်။ ဈေးပြိုတဲ့အခါ သစ်လွင်တဲ့မြို့ဆိုတဲ့တံဆိပ်ကို ရင်ထုမနာကပ်ပြီး အိုစရာရှိတာတွေနဲ့အတူ အိုစာသွားတယ်လေ။ ရင်ထုမနာပါ။

(သုံး)
တကယ်တော့ ကျွန်တော့်ရဲ့မြို့လေးအမည်က "ကနောင်" ဆိုတဲ့မြို့လေးပါ။ ဧရာဝတီမြစ်ပေါ် မေးတင်ပြီး သမိုင်းကိုရဲရဲဝံ့ဝံ့ထမ်းပိုးခဲ့သလို လောကဓံကိုလည်း ကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့တဲ့မြို့ပေါ့။

မြို့လေးအမည်က မွန်ဘာသာ "ခနောင်း" ကနေဆင်းသက်လာခဲ့တယ်လို့ ဆိုကြတယ်။ "ခနောင်း" ဆိုတဲ့ မွန်ဘာသာကို မြန်မာလိုပြန်တော့ "ဝဲ" လို့ အမည်ရတယ်။ ရှေးခေတ်က ကြီးမားလွန်းတဲ့ သည်ဝဲရှိရာကိုအမှီပြုပြီး "ခနောင်းမြို့"လို့ သမုတ်ခဲ့ကြတယ်။ ကျွန်တော့်မြို့လေးမှာ ယနေ့ထိ ဘုရားတွေလက်ညှိုးထိုးမလွဲ ရှိနေကျန်နေသေးတယ်။ ပြိုပျက်သွားတဲ့ မြို့ဟောင်းနဲ့အတူ ဘုရားကျောင်းကန်များစွာ ပါသွားကြသေးပေမဲ့ ခုထိ များစွာ၊ များစွာကျန်နေသေးတယ်။ ဒါ့ကြောင့်လည်း မွန်ဘာသာ နောက်တမျို း"ကျိုက်ထော့" လို့ တွင်ခဲ့သေးကြောင်း သိထားရတယ်။"ကျိုက်ထော့" ကိုမြန်မာလိုပြန်တော့ "ဘုရားမြို့" တဲ့။ အရပ်ထဲစကားထဲမှာတော့ ကနောင်သူ၊ ကနောင်သား ကျွန်တော်အပါအဝင် လူတိုင်းဟာ ငါတို့မြို့လေးက အရင်က "ဒုတိယပုဂံ' လို့ တင်စားခံခဲ့ရတာဆိုပြီး ခုထိ ဂုဏ်ယူကာပြောတတ်ကြတုန်းပါပဲ။

ကနောင်ဆိုတဲ့ကျွန်တော့်မြို့လေးဟာ ဧရာဝတီတိုင်းက ပုသိမ်(၃၂)မြို့ရာဇဝင်ထဲမှာ ပါခဲ့ဖူးရဲ့။ ခရိုင်မြို့ကြီး ဖြစ်ခဲ့ဖူးရဲ့။ ကနောင်မင်သားကြီး အပိုင်စားခဲ့တဲ့မြို့ဖြစ်ခဲ့ဖူးရဲ့။ ကနောင်မင်းသားရဲ့ မြို့တော်ဝန် ဦးပျောင်းတည်ထားတဲ့ ကိုးဆူဘုရားဟာ ခုထိ မြောက်သုသာန်ဘေးမှာ ခမ်းနားတုန်းရဲ့။ လွမ်းတယ်။ဝမ်းနည်းတယ်။ ကျွန်တော့်မြို့လေးရဲ့လှုပ်နှိူးသံမှာ ဖြစ်နိုင်မယ်ဆိုရင် ကုန်းဘောင်ခေတ်က "ကနောင်မြို့" ကို မိတ္တူဆွဲထားတာကို ကျွန်တော်ကြည့်နေခွင့် ရချင်မိတော့တယ်။

(လေး)
အခုတော့ မြစ်ကြီးရဲ့အနားမှာရှိတဲ့ကျွန်တော့်ရဲ့မြို့လေးကို ဆယ့်ရှစ်နှစ်တာခွဲခွာပြီးမှ မြစ်ကြီးနားမြို့ဆီကနေ အတည်တကျပြန်ရောက်လာခဲ့တဲ့ကျွန်တော်။ အရာရာဟာ လွမ်းစရာပန်းချီကားတချပ်လိုပါပဲ။ အသစ်တွေဟောင်းနေတဲ့မြင်ကွင်းတွေကိုလိုက်ကြည့်ရင်း ရင်ဟာ ဟာတာတာဖြစ်သွားတယ်။ ကျွ န်တော်ဟာ မြို့လေးရဲ့ ဧည့်သည်တယောက်လိုမျိုး ခံစားလိုက်ရတယ်။ ကျွန်တော့်ရဲ့ဖြစ်တည်လာတဲ့ကလောင်မှာ မြစ်ကြီးနားမြို့က ကွင်းစကွင်းပိတ်နဲ့ပေါ့။လှိုက်လှိုက်လှဲလှဲခံစားမှုဟာ အမည်မဖော်နိုင်တဲ့အရသာတခုပါပဲ။

အဲ့ဒီလို ခံစားမှုမျိုးတွေနဲ့ ကျွန်တော့်မြို့လေးရဲ့ပစ္စုပ္ပန်အခြေအနေကိုကြည့်ပြီး ရင်ထဲမှာ စကားလုံးတွေ ပေါက်ဖွားလာပါတယ်။ ပေါက်ဖွားလာတဲ့ စကားလုံးတွေ ဖမ်းဆုပ်ကြည့်လိုက်မိတဲ့အခါ အသွေးအသားနှလုံး သားထဲက ကဗျာတပုဒ်က အလိုလိုထွက်ကျသွားပါတယ်။

ငါ့မြို့
======
မြစ်ကတိုးလာတော့
မြို့က နောက်ဆုတ်ပေးလိုက်ရတယ်။

ကမ်းပြိုတယ်
ဘုရားပြိုတယ်
ကျောင်းပြိုတယ်
တာပြိုတယ်
ဈေးပြိုတယ်
ပြိုစရာရှိတာတွေ ပြိုကုန်ကြတော့
မြို့က အိုစရာရှိရာ အိုသွားတယ်။

မြစ်ကြီးရဲ့အနားမှာရှိတဲ့ငါ့မြို့
မြစ်ကြီးရဲ့အနားမှာရှိတဲ့ ငါ့အိမ်ကို
မြစ်ကြီးနားမြို့က ငါပြန်ရောက်လာခဲ့တော့
ငါကဧည့်သည်ဖြစ်သွားပြီ
ကနောင်မှာ 
ကလောင်တချောင်းနဲ့ 
ကဗျာတပုဒ်နဲ့။ 

နေသုခ (မြစ်ကြီးနား)

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar