Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၃၁ ရက်မြောက်နေ့မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၃၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၂၂

◾️ ၂၀၂၁ ကို တိတ်ဆိတ်စွာနှုတ်ဆက်ခြင်း 
၂၀၂၁ ခုနှစ်က ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ ည ၁၂နာရီထိုးခါနီးအထိ ခါတိုင်းနှစ်တွေလို မီးရှူးမီးပန်းဖောက်တဲ့အသံတွေ ဘာသံမျှမကြားပဲ တိတ်ဆိတ်နေခဲ့ပါတယ်။ ၁၂ နာရီထိုးချိန်မှာတော့ ဟက်ပီးနယူးရီးယားဆိုတဲ့ အော်သံတချို့ ကြားလိုက်ရပြီးနောက် အရေးတော်ပုံ အောင်ရမည်ဆိုတဲ့ ကြွေးကြော်သံလည်း ထွက်ပေါ်လာပါတယ်။ အဲဒီနောက် လမ်းမကြီးဘက်က စစ်အာဏာသိမ်းဆန့်ကျင်ရေး ကြွေးကြော်သံတချို့ တိုင်ပေးသံနဲ့ အော်သံတွေ ၁ မိနစ်လောက် ထွက်ပေါ်လာပြီးနောက်တော့ တိတ်ဆိတ်သွားခဲ့ပါတယ်။ ညမထွက်ရအမိန့်က ထုတ်ထားဆဲဖြစ်တာမို့ လမ်းတွေပေါ် လူတွေကားတွေ ဘယ်သူမှ မရှိကြပါဘူး။ 

၂၀၂၁ လို့ခေါ်ဆိုအမှတ်သညာပြုတဲ့ အနောက်တိုင်းပြက္ခဒိန်နှစ်  ၁၂ လတာကာလမှာ မြန်မာနိုင်ငံအဖို့ ဒဏ်ရာဒဏ်ချက်ပေါင်း မရေတွက်နိုင်လောက်အောင် များပြားခဲ့သလို ၊ မျက်ရည်တွေခမ်းခြောက်ကုန်လောက်အောင် ကျခဲ့ကြရတာလည်း ဖြစ်ပါတယ်။ မိမိရဲ့အဖြစ်အတွက် ဝမ်းနည်းဖို့အစား ကိုယ့်ထက်ပိုဆိုးတဲ့ ဘဝတွေအတွက် ဝမ်းနည်းကြေကွဲနေရတဲ့ကာလတွေလည်း ဖြစ်ပါတယ်။ 

ငါးရာ့ငါးဆယ် ဇတ်နိပါတ်ထဲက ကံအဆိုးဆုံး မယ်ပဋာထက် ကံဆိုးတဲ့ ဘဝတွေအများကြီး ပြီးခဲ့တဲ့ နှစ်မှာတွေ့ကြုံခဲ့ရပါပြီ။ မိသားစုအလိုက် သတ်ဖြတ်ခံရတာက အစ၊ မိသားစုလိုက် ဖမ်းဆီးခံရ၊ မိသားစုဝင် တယောက်အသက်ဆုံးရှုံးသွားသည့်တိုင် အလောင်းမမြင်လိုက်ရတဲ့အဖြစ် ၊ ငိုကြွေးခွင့်မရလိုက်တဲ့ ဘဝတွေအများအပြား ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်းကြုံခဲ့ကြရလို့ မယ်ပဋာရဲ့ ဘဝနဲ့နှိုင်းယှဥ်ရင် သူမသာကိုယ်မသာ အခြေအနေတွေအများကြီး ကြုံခဲ့ကြရတဲ့ ကာလတွေဖြစ်ပါတယ်။ 

ယခင်နှစ် ၂၀၂၀ ကုန်ဆုံးစဥ်ကလည်း ကိုဗစ်ကန့်သတ်မှုတွေ ညမထွက်ရ အမိန့်၊ လူမစုဝေးရ အမိန့်တွေနဲ့ တိတ်ဆိတ်စွာနှုတ်ဆက်ခဲ့ရဖူးပါတယ်။ ထိုစဥ်က ၂၀၂၀ ကုန်ဆုံးသွားတဲ့ နှစ်ကိုတိတ်ဆိတ်စွာ နှုတ်ဆက်သော်လည်း ကြေကွဲမှုတွေ၊ နာကျင်မှုတွေ၊ နာကျည်းမှုတွေနဲ့ မဟုတ်သလို  တိုက်ပွဲတွေကြောင့်၊ စစ်တပ်တွေရဲ့ ရန်ကြောင့် တောထဲတောင်ထဲ တိမ်းရှောင်နေရင်း ဖြတ်သန်းရတာလည်း မဟုတ်ပါဘူး။ 

၂၀၂၁ခုနှစ်ကုန်ဆုံးတဲ့ နောက်ဆုံးနေ့ရက်ကို ဒုက္ခသည်စခန်းမှာ၊ တောင်တောင်ထဲမှာ ဖြတ်သန်းရလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားကြမှာ မဟုတ်သော်လည်း လူသိန်းနဲ့ချီပြီး ဒုက္ခသည်စခန်းမှာ စစ်ဘေးကြောင့် ယာယီတဲတွေမှာနေရင်း နေ့နေ့ညည အသက်အန္တရာယ်ကျရောက်မှာကို စိုးရိမ်စွာနဲ့  ဖြတ်သန်းကြရသူ သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တွေ အဖို့ ခရစ်စမတ်ကို ဒုက္ခသည်စခန်းမှာ စစ်ဘေးတိမ်းရှောင်ရင်း ဖြတ်သန်းကြရသလို ဗုဒ္ဓဘာသာဝင်တွေ အဖို့လည်း အခါကြီး ရက်ကြီးတွေမှာ ဘာသာရေး ကုသိုလ်ပြုမှုတွေ လုပ်ဖို့ အခွင့်မသာခဲ့ကြတဲ့ ဘဝတွေအများအပြားရှိခဲ့တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ စစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ အငတ်ဘေးတွေ အပြင် ရောဂါတန္တရကပ်ဘေးလည်း ကြုံခဲ့ရပါသေးတယ်။ ၂၀၂၀ အစပိုင်းကတည်းက ဝင်ရောက်လာတဲ့ ကိုဗစ်ကူးစက်မှု ရဲ့ အဆိုးရွားဆုံးကာလဟာ ၂၀၂၁ ခုနှစ် ဇွန်လကနေ စက်တင်ဘာလတွေဖြစ်ခဲ့ပါတယ်။ ဇူလိုင်နဲ့ သြဂုတ်လ ၂ လထဲအဖို့တောင် ရန်ကုန်မြို့မှာ လူ ၂ သောင်းနဲ့ ၃ သောင်းကြားသေဆုံးခဲ့ရပါတယ်။ ဒယ်လ်တာမျိုးကွဲရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပျက်စီးနေချိန် စီမံခန့်ခွဲမှုတွေ လွဲမှားစွာဆောင်ရွက်ချိန်တို့ ပေါင်းစပ်လိုက်တဲ့အခါ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ စတဲ့ လူဦးရေများတဲ့မြို့တွေမှာ အဆိုပါ ၄ လလောက်ကာလအတွင်း ကိုဗစ်ကူးစက်မှုနဲ့ အသက်ဆုံးရှုံးသူပေါင်း သောင်းနဲ့ချီရှိခဲ့ပါတယ်။ 

ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရတယ်ဆိုတာ ဆေးမစစ် မှတ်တမ်းမတင်နိုင်သူပေါင်း သောင်းနဲ့ချီရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူ မိသားစုတစုထဲ ၁ ယောက်ထက်မက အသက်ဆုံးရှုံးကြရ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပါတယ်။ သားအဖ နှစ်ဦးစလုံး တအိမ်ထဲ ကိုဗစ်နဲ့ သေဆုံးနေကြတာ နောက်မှသိကြရလို့ အလောင်းပဲသယ်ထုတ်ကြရတဲ့အဖြစ်တွေ အဲဒီကာလတွေမှ ဖြစ်ပျက်ခဲ့ရတာပါ။ 

အဆိုပါကပ်ရောဂါနဲ့ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ဆေးပညာရှင်တွေ၊ လက်မှုပညာရှင် စသဖြင့် လူမှုအသိုက်အဝိုင်းအတွက် တန်ဖိုးရှိတဲ့ သက်ရှိသမိုင်းလို ပုဂ္ဂိုလ်တွေရာနဲ့ချီပြီး ကွယ်လွန်အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ 

စစ်အာဏာသိမ်းမှုက ၂၀၂၁ ခုနှစ်ကို ဒုက္ခနဲ့ လူလုပ်ကပ်ဘေးကြီး သယ်ဆောင်လာတဲ့ သဖွယ်ဖြစ်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ ဖမ်းဆီးသွားပြီးနောက် နောက်တရက်မှာ အလောင်းလာထုတ်ဖို့ အကြောင်းကြားခံရသူတွေ၊ အလောင်းလာထုတ်စရာမလိုပဲ သဂြိုဟ်တာကို မိသားစုထဲက လူအကန့်အသတ်နဲ့ သာသွားခွင့်ရှိတဲ့ နောက်ဆုံးခရီးတွေ၊ ဘယ်မှာ အသက်ဆုံးရှုံး၊ ဘယ်လိုဆုံးရှုံးမှန်းမသိလိုက်ပဲ သဂြိုဟ်ခွင့်မရလိုက်သူတွေလည်း အများအပြားနဲ့ နှစ်တနှစ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အလားတူပဲ နိုင်ငံရေးအယူအဆကွဲလွဲခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို သတင်းပေးတယ်လို့ ယူဆခံရသူ သံသယရှိခံရသူ ဒလန်လို့ အများခေါ်ဆိုသူတွေလည်း ရာနဲ့ သို့မဟုတ် ထောင်ဂဏန်းနဲ့ လုပ်ကြံသတ်ဖြတ်ခံကြရတဲ့ အဖြစ်တွေက ၂၀၂၁ နှစ်ထဲမှာပဲလို့ ဆိုရမှာပါ။ 

မြန်မာနိုင်ငံအဖို့ ၂၀၂၁ အကုန် ၂၀၂၂ အကူး နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပြီးနှစ်သစ်ကို ကြိုမယ့်အစား ၂၀၂၁ ခုနှစ်က လူလုပ်ကပ်ဘေးရဲ့ အကျိုးဆက်တွေကို အဖြေရှာနိုင်ပါစေ၊ သိန်းနဲ့ချီရှိတဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေ သူတို့ရဲ့ နေအိမ်မှာ အသက်အန္တရာယ်ကို မစိုးရိမ်ရဘဲ အေးချမ်းစွာနေနိုင်တဲ့အခြေအနေ အမြန်ဆုံးပြန်ရောက်ပါစေလို့ သာဆုတောင်းသင့်တယ်လို့ထင်မြင်မိပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar