Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း

Photo - https://www.facebook.com/moejoenews 


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၃၊ ၂၀၂၂

မတ်လ ၁၂ ရက် - ထိုင်းမြန်မာ အာရှလမ်းမ နဲ့ ဖာပွန်ခရိုင်ထဲက တိုက်ပွဲ ကရင်ပြည်နယ်က ကျယ်ပြန့်လာတဲ့စစ်မီး၊ စစ်ကိုင်းတိုင်းမှာ တိုးလာတဲ့ စစ်ဘေးရှောင် အရေအတွက်

ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ ကရင်ပြည်နယ် ဖာပွန်( မူတြော်) ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က တပ်ခွဲမှူးအပါအဝင် ၂၀ ဦးကျော် ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေကို ကေအန်ယူဘက်က ထုတ်ပြန်ပြီးနောက် သတင်းဌာနအတော်များများ က သတင်းဓါတ်ပုံတွေနဲ့ တကွဖေါ်ပြနေကြပါတယ်။

ဖာပွန်ခရိုင်ထဲက ဝန်ထမ်းတွေ တပ်တွေထွက်သွားဖို့ ကေအန်ယူက ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ရာဇသံပေး ထုတ်ပြန်ခဲ့ပြီးနောက် အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ တပ်ခွဲမှူး အပါအဝင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂၀ ကျော် လက်နက်ချ အဖမ်းခံလိုက်ရတဲ့ အဖြစ်ဟာ ဖြစ်ခဲတဲ့အဖြစ်အပျက်တခုလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။

တနေ့ထဲမှာပဲ ကရင်ပြည်နယ် တပ်မဟာ (၆) နယ်မြေ ကော့ကရိတ် မြဝတီအာရှလမ်းမရဲ့ ကော့နွဲ တံတားအနီး မှာ စစ်ကောင်စီတပ်တွေ ခြေလျင် ချီတက်သွားတာတွေ့မြင်ရပြီး မကြာခင် ကုန်ကား ၂ စီးနဲ့ ခရီးသည်တင်ကားတစီး ပစ်ခတ် မီးရှို့ခံရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပြီးယာဥ်မောင်းသူတဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ကေအန်ယူဘက်ကတော့ ဒီအာရှလမ်းမကို စစ်ဖြစ်နေတဲ့ လမ်းအဖြစ် ရည်ညွှန်းပြောကြားထားပြီး ဒီလမ်းကို မသွားဖို့ နှိုးဆော်ထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကရင်ပြည်နယ်ရဲ့ ဒေသအတော်များများ ထိတွေ့မှုတွေ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနေတာ တွေ့ရပြီး ထပ်မံလည်း အရှိန်မြင့်တက်နိုင်သေးတာ ဖြစ်ပါတယ်။

မြဝတီ ကော့ကရိတ်လမ်းဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မဲဆောက်တို့ကို ဘားအံ၊ သထုံ၊ ရန်ကုန် အထိအနီးဆုံး အမြန်ဆုံးလမ်းကြောင်း ဖြစ်ပါတယ်။ အခြားသော ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေအဖြစ် ဘုရားသုံးဆူ၊ တနင်္သာရီ ထီခီး ရနောင်း စတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရှိသော်လည်း မဲဆောက်-မြဝတီက အတိုဆုံးနဲ့ အမြန်ဆုံးလမ်းကြောင်း တခုဖြစ်လို့ နယ်စပ်ကုန်သွယ်ရေး ကတဆင့်ဝင်ရောက်လာတဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်နိုင်ခြေလည်း ရှိနေပါတယ်။

ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်ရဲ့ အချို့သော ဒေသတွေနဲ့ တနင်္သာရီတိုင်းရဲ့ ဒေသတွေမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်တွေ ပိုမိုထိတွေ့မှု တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်ချေရှိနေတဲ့ အနေအထားဖြစ်လာနေတာပါ။

ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ နေ့စဥ်လိုလို ဖြစ်ပွားနေတာ ကျေးရွာတွေ မီးရှို့ခံရတဲ့ အဖြစ်တွေက နေ့စဥ်ကြားနေကျ သတင်းတွေ ဖြစ်လို့နေပြီး ဖတ်ရှုရသူတွေ အဖို့ မထူးခြားတော့သယောင် ထင်မြင်လာနေတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။

ဒီနေ့သတင်းတွေထဲက တပုဒ်မှာတေ့ စစ်ကိုင်းတိုင်း ယင်းမာပင် နယ်ထဲမှာတင် စစ်ဘေးရှောင်နေရသူ ဒေသခံ ၁ သိန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။ ယခုလဆန်း ပထမပတ် အကုန်ဝန်းကျင်က စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မြေလှန်တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ရှိလာလို့ အဲဒီက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေအားဖြင့် စုစုပေါင်း တသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ကျေးရွာတွေ အဖို့ တိုက်ပွဲ၊ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ဖျက်ဆီးတာ မီးရှို့တာ သတ်ဖြတ်တာတွေကို လနဲ့ချီခံစားနေကြရပြီး အခုလပိုင်းမှာတော့ ပိုမိုဆိုးလာတဲ့ အနေအထားဖြစ်ပြီး ခဏတဖြုတ်တိမ်းရှောင်ရတာမျိုး အပြင် ရက်နဲ့ချီ သီတင်းပတ်ချီ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ အသက်ဆုံးရှုံးရတာတွေလည်း ရာဂဏန်းမက ရှိလာနေပြီး ဆုံးရှုံးမှုတွေရဲ့ ပမာဏ ဘယ်လောက်ရှိမလဲဆိုတာ ဘယ်သူမှ စာရင်းပြုစု ကောက်ယူထားတာမရှိလို့ မသိနိုင်သေးပါဘူး။ အသက်ဆုံးရှုံးမှုတွေ ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ဖျက်ဆီးခံရတာတွေ ဘယ်လောက်များပြားသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မှတ်တမ်း ပြုစုထားနိုင်တဲ့ အနေအထားတော့ မတွေ့ရပါဘူး။

လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆုံးရှုံးသွားတဲ့ လူ့အသက်တွေ ပိုင်ဆိုင်မှုတွေ ရိက္ခာတွေ ရဲ့ ကိန်းဂဏန်းတွေ မှတ်တမ်းတင်ထားဖို့က အရေးကြီးတာ မှန်သော်လည်း နေ့စဥ်အဖြစ်အပျက်တွေကို လေ့လာကြည့်ခြင်းအားဖြင့် ဖြစ်ရပ်တွေက ဘယ်လောက် ဆိုးရွားတယ်ဆိုတာ ဘယ်သူမဆို အငြင်းမပွားပဲ သဘောတူကြမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အရေးကြီးဆုံးက ဒီအဖြစ်အပျက်တွေကနေ ဘယ်လို ထွက်ပေါက်ရှိမလဲ၊ အနိုင်ရမလား ဘယ်လို အနိုင်ရမလဲ ရေရှည်လား ရေတိုလား စတဲ့ မေးခွန်းတွေက လတ်တလော အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်နေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar