Breaking News

အင်ဒြာငပုတော - သည်နွေဦး



အင်ဒြာငပုတော - သည်နွေဦး

(မိုးမခ) မတ် ၁၉၊ ၂၀၂၂


ရွာမင်္ဂလာဆောင်

တစ်ခုသော လပြည့်နေ့တစ်နေ့။ နေဝင်ရီတရေ ာမရောက်ခင်အချိန်လေးပေါ့။

ရွာလယ်လောက်က မဏ္ဍပ်မှာ ရွာသူရွာသားတွေနဲ့ ဧည့်သည်တွေ ပြည့်နေလေရဲ့။ တောရွာမင်္ဂလာဆောင်တစ်ခုပေါ့ဗျာ။

အမှန်တော့ အရင်နေ့ကတည်းက ဒီမဏ္ဍပ်မှာ လူတွေ စည်ကားနေတာပါပဲ။ ချက်ကြပြုတ်ကြသူတွေ၊ မဏ္ဍပ်အလှဆင်တဲ့သူတွေ။ သူတို့တွေဟာ ချွေးတလုံးလုံး ပြုံးလို့ တပျော်ပျော်နဲ့။

မင်္ဂလာအခမ်းအနားကို ညနေ ၄ နာရီမှာ စတင်ပါတယ်။ တကယ်တော့ ဓာတ်စက်ကို မနေ့ကတည်းက ဖွင့်နေကြတာပါ။ မင်္ဂလာသီချင်းတွေချည်းပေါ့လေကွယ်။

ရွာသူရွာသားတွေနဲ့ ဧည့်သည်တွေဟာ မင်္ဂလာမဏ္ဍပ်ကို ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး ရောက်လာနေကြတယ်။ ညနေ ၄ နာရီကနေ ၅ နာရီကြားမှာ မင်္ဂလာဆောင်လာတဲ့သူတွေကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးတယ်။ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဌာန်နဲ့ပေါ့။

ရွာက ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် ကောင်မလေးတွေဟာ တောက်တောက်ပြောင်ပြောင် လှလှပပလေးတွေ ဝတ်လို့။ မင်္ဂလာဆောင်က ဝက်သားဟင်းကို စားမိလို့ နှုတ်ခမ်းလေးတွေ ဆီကွက်နေကြလေရဲ့။ ကိုင်း ဘယ်လောက် လှလိုက်တဲ့ မြင်ကွင်းလေးလဲဗျာ။

ညနေ ၅ နာရီမှာ မင်္ဂလာဘိသိက်အခမ်းအနား စပါမယ်။ ဘိသိက်ဆရာဟာ ကျက်သရေခေါင်းပေါင်းလေး တထောင်ထောင်နဲ့။

သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာမောင်မယ်ဝတ်စုံအပြည့်နဲ့။ မင်္ဂလာမဏ္ဍပ်အဝကနေ ဘိသိက်စင်ရှိတဲ့ နေရာကို စတင်လျှောက်လှမ်းလာပါတယ်။

                                    * * * * *


သူက စကားကို ခဏရပ်လိုက်တယ်။ ပြီးတော့ အခုလို ဆက်ပြောပါတယ်။

ခင်ဗျားတို့ မြင်ကြည့်လိုက်စမ်းဗျာ။ အဲဒီမြင်ကွင်းကို ခင်ဗျားတို့ မြင်ကြည့်လိုက်ကြစမ်းပါဗျာ။

ဘယ်လောက် လှလိုက်သလဲ။ ဘယ့်ကလောက်များ လှလိုက်ပါသလဲလို့။

သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာမဏ္ဍပ်ရဲ့ အဝကနေ မဏ္ဍပ်ရဲ့ အလယ်လမ်း‌ကလေးအတိုင်း တဖြည်းဖြည်း လျှောက်လှမ်းလို့အလာ။

သတို့သမီးက သတို့သားရဲ့ လက်မောင်းလေးကို ဖက်လို့။ ပခုံးကိုလည်း မှီလိုက်တော့မယောင် ကနွဲ့ကလျပြုလည်းပြုရဲ့။

အို ဘယ်လောက် လှလိုက်သလဲဗျာ။

သူ့အသံဟာ ဒီနေရာအရောက်မှာ ပိုကျယ်သွားတယ်လို့ ထင်ရတယ်။ သူ ပြောနေတဲ့ စကားကို မရပ်လိုက်ဘူး။ သူ ဆက်ပြောနေပါတယ်။

မင်္ဂလာပွဲကို ရောက်လာတဲ့ လူပျို အပျိုတွေဟာ သတို့သားနဲ့ သတို့သမီးကို ငေးလို့။ သူတို့ရဲ့ မျက်လုံးအရောင်တွေဟာ စိုလဲ့လင်းဝင်းပပ ရွှန်းတောက်ပလို့ပေါ့။

အဲဒီမြင်ကွင်းကို စကားလုံးတွေနဲ့ ဖော်ပြပြောဆိုနေရတာ ဘယ်လိုလုပ် ပြည့်စုံမှာတဲ့လဲဗျာ။ ဒါကြောင့်သာပဲ ဘာသာစကား ဒဿနဆရာတွေက ပြောကြတာနေမှာပေါ့။ A word has limit. တဲ့လေဗျာ။ စကားလုံးတွေဟာ ကန့်သတ်ချက် ရှိသတဲ့။

သူက တချိန်လုံး ငြိမ်နားထောင်နေတဲ့၊ CDM လုပ်လာတဲ့ ဒဿနဆရာကို တချက် စောင်းငဲ့ကြည့်လိုက်တယ်။

ပြီးတော့ သူ ပြောနေပုံက သူကိုယ်တိုင် သတို့သား သတို့သမီး၊ သူကိုယ်တိုင် အပျို လူပျို ဖြစ်သွားသလိုပဲ။ သူ့မျက်လုံးအရောင်တွေမှာ အဲဒါကို မြင်‌နေရပါတယ်။ သူ အခု လုပ်နေတာက ပြန်ပြောင်းပြောပြနေသူအဖြစ် ဆိုတာကို သူကိုယ်တိုင် မေ့လျော့သွားပုံရတယ်။

အဲဒီလို မြင်ကွင်းမျိုးမှာ ဓာတ်စက်က ဖွင့်လိုက်တဲ့ သီချင်းကိုလည်း ကြည့်လိုက်ဦးလေ။

သူက သီချင်းကို ဆိုပြမလို လုပ်လိုက်ပြီးမှ ခဏ တွေသွားတယ်။

ခင်ဗျားတို့ကို ဓာတ်စက်တင်ဖွင့်ထားတဲ့ ပုံစံကိုလည်း ပြောပြပါဦးမယ်။

ဓာတ်စက်ကို မဏ္ဍပ်ထိပ်မှာ တင်ဖွင့်ထားတာမျိုး မဟုတ်ဘူးဗျ။ မဏ္ဍပ်အပေါ်မှာ ခပ်ကိုင်းကိုင်းလေး အုပ်မိုးထားသလို ဖြစ်နေတဲ့ အုန်းပင်အပေါ်မှာ တက်ဆင်ထားတာ။

ရွာကလည်း တောင်နဲ့မြောက် တန်းနေတဲ့ ရွာတန်းရှည်ကလေးလေဗျာ။ ဓာတ်စက်ကလည်း ၂ လုံးပေါ့။ တောင်ဘက်ကို တလုံးလှည့်၊ မြောက်ဘက်ကို တလုံးလှည့်လို့။ အဲဒီဓာတ်စက်တွေက ထွက်လာမယ့် မင်္ဂလာတေးချင်းသံတွေကို ခင်ဗျားတို့ တဆိတ်လောက် ကြားယောင်ကြည့်စေချင်ပါတယ်။

ဘယ်လောက်များ ခမ်းနားလိုက်ပါသလဲ။ ဘယ်လောက်များ လှနေလိုက်သလဲ။

သတို့သားနဲ့ သတို့သမီးက မင်္ဂလာမဏ္ဍပ်ရဲ့ အလယ်မှာ ဖြတ်လျှောက်လာသခိုက် ဖွင့်လိုက်တဲ့ သီချင်းပေါ့ဗျာ။

"မောင် ရှေ့ကို တည့်တည့် လျှောက်ရင် မယ်လည်း နောက်ကတည့်တည့်လိုက်ကာလျှောက်မယ် မောင်ရေ"

အို လှလိုက်တဲ့ သီချင်းဗျာ။ ဘယ်လောက် လှလိုက်သလဲ။ ကြည့်ကြစမ်းပါဦး။

သတို့သားသတို့သမီးတွေကလည်း လှ။ မင်္ဂလာပွဲကို လာကြတဲ့ ရွာသူရွာသားတွေနဲ့ ဧည့်သည်တွေကလည်း လှ။ အုန်းပင်ခပ်မြင့်မြင့်မှာ တက်ဆင်ထားတဲ့ ဓာတ်စက်ကြီးတောင် လှ‌နေပါရောလား။ အဲဒီလို အချိန်မှာ ဖွင့်လိုက်တဲ့ သီချင်းကလည်း လှဆိုတော့ လှချင်တိုင်းလှနေတော့တာပေါ့ဗျာ။

တကယ်တော့ အလှဆိုတာဟာ ခံစားစရာအပြင် လေ့လာကြည့်လို့လည်း ရတယ်မဟုတ်လားဗျာ။ Aesthetics ကို philosophy of art အနုပညာဒဿနလို့ ဆိုကြတယ် မဟုတ်လား။ the studies of beauty in art လို့ ဖွင့်ဆိုထားပြန်လေတော့ အနုပညာလက်ရာတွေထဲက အလှကို လေ့လာခြင်းလို့ အနက်အဓိပ္ပာယ်ရမှာပေါ့နော်။ ဒါကိုတော့ ဒဿနဆရာကြီးက ပိုပြီး သိမှာပါ။

အဲဒီအခိုက်မှာ သူက ဒဿနဆရာဘက်ကို လှည့်ပြီး ပြောပါတယ်။ ပြီးတော့ သူက စကားကို ရပ်လိုက်တယ်။

ဝတ္ထုရေးဆရာတွေ ဝတ္ထုတစ်ပုဒ်ရဲ့ အထွတ်အထိပ်ကို ရောက်နေတုန်း ဇာတ်ထွတ်မှာ ရပ်လိုက်သလိုမျိုးပဲ သူက စကားကို တုံးတိကြီး ရပ်ပစ်လိုက်တယ်။

သူက သူ့စကားတွေကို အဲဒီနားမှာ ရပ်ပစ်လိုက်ချင်ပုံပါပဲ။

အဲဒါကြောင့် သူတယောက်တည်း တောက်လျှောက် မနားတမ်း ပြောလာတဲ့ စကားဝိုင်းဟာ လုံးဝ ရပ်တန့်သွားပါတယ်။

ဝိုင်းနားထောင်နေတဲ့သူတွေ အကုန်လုံးလည်း ငြိမ်ဆိတ်လို့။

ပုစဉ်းရင်ကွဲတွေ ထင်ပါရဲ့။ အဆက်မပြတ် အော်သံတချို့ကို ကြားရတယ်။

တော်သေးတာပေါ့။ အသံတချို့ ရှိနေလို့။ အသံမရှိတဲ့ လောက၊ အသံမရှိတဲ့ အခိုက်အတန့်မျိုးတွေဟာ သိပ်ကို ချောက်ချားစရာကောင်းလောက်အောင် ဆူညံနေတတ်သတဲ့။

"အဟမ်း"

ဒဿနဆရာက ချောင်းဟန့်သလို အသံပြုတယ်။ သူ တခုခုကို ပြောချင်နေတာလား။ ပြီတော့ သူက တစ်ခုခုကို မျိုချလိုက်သလို မျိုချလိုက်တယ်။

ခင်ဗျား ပြောခဲ့တဲ့အထဲမှာ အဲဒီသီချင်းကို စိတ်အဝင်စားဆုံးပဲဗျာ။

ပြီးတော့ ဒဿနဆရာက ဟိုးအဝေကြီးကို ငေးပြီး တွေးတွေးဆဆလုပ်ရင်း ငြိမ်နေပါသေးတယ်။ စကားဝိုင်းက အသံပြတ်သွားပြန်ပါတယ်။ စကားဝိုင်းဟာ ပြတ်တောင်းပြတ်တောင်းနဲ့။

တခါတလေ ဘဝဆိုတာမျိုးကိုက ပြတ်တောင်းပြတ်တောင်းနဲ့ ဆက်နေရတဲ့အရာမျိုးများလား။

ဟုတ်တယ်။ အဲဒီသီချင်းဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းတယ်။

ဒဿနဆရာက စကားဆက်ဆိုတယ်။

ဟုတ်တယ်။ ဟုတ်ပါတယ်။ အရာအားလုံးဟာ အလှတွေချည်းပါပဲ။

မြင်းကွင်းလေးကလည်း လှ။ သီချင်းကလည်း လှ။

မောင် ရှေ့ကို တည့်တည့် လျှောက်ရင် မယ်လည်း နောက်က တည့်တည့် လိုက်ကာလျှောက်မယ် မောင်ရေတဲ့။

အမယ် ကြည့်ကြစမ်းပါဦးဗျာ။  သတို့သားက ရှေ့က လျှောက်ရင် အဲဒီလျှောက်တဲ့အတိုင်း သတို့သမီးကလည်း နောက်က လိုက်လျှောက်နေမယ့် မြင်းကွင်းလေး။

အို လှလိုက်တာ။ သိပ်ကို လှနေ၊ သိပ်ကို ပြီးပြည့်စုံလွန်းလှတဲ့ အနုပညာလက်ရာ Artwork လေးပါပဲ။

ဒဿနဆရာက ပြောနေရင်း စကားကို ရပ်လိုက်ပြီး ထပ်မျိုချပြန်တယ်။ သူ မျိူမျိုချနေတာ တံတွေးတွေလား၊ စကားလုံးတွေလား။ မည်သူမျှ မသိနိုင်။

"ဒါပေမဲ့ ... ဒါပေမဲ့ဗျာ"

ဒဿနဆရာက စကားကို ရပ်လိုက်ပြန်တယ်။ သူ စကားကို ဆက်ပြောသင့်၊ မသင့် စဉ်းစားနေတာလား။ သူ့အတွေးတွေထဲမှာ သူကိုယ်တိုင်ပဲ ပိတ်မိနေခဲ့ပြီးလား။ မပြောတတ်တော့ဘူး၊ မပြောအပ်တော့ဘူး။

ဒဿနဆရာရဲ့ မျိုချနေမှုကြီးကို တွေ့ရပြန်ပါတယ်။

ပြဿနာက သတို့သမီးကို မေးရမယ့် ပြဿနာပါဗျာ။

ဒဿနဆရာက စကားဆက်ဆိုတယ်။ သူ့ပုံစံ ကြည့်ရတာ မောနေဟန်လည်း တူပါတယ်။

"ဟုတ်ပါပြီ။ ထားပါတော့။ အဲဒီသတို့သားဆိုတဲ့ဟာက၊ အဲဒီယောက်ျား

ဆိုတဲ့ဟာကြီးတွေက"

ဒဿနဆရာရဲ့အသံက ကျယ်သွားတယ်လို့ ထင်ပါတယ်။

"ရှေ့က တည့်တည့် လျှောက်ရင် သတို့သမီးဆိုတဲ့ဟာက၊ အဲဒီမိန်းမဆိုတဲ့ဟာတွေက နောက်က တည့်တည့် လိုက်လျှောက်မယ်ဆိုတော့"

ဒဿနဆရာ ဒေါသထွက်နေသလား။ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြတယ်။

ဟုတ်ပါပြီတဲ့ဗျာ။ အဲဒီ သတို့သား ဆိုတဲ့ဟာက၊ အဲဒီယောက်ျား ဆိုတဲ့ဟာကြီးတွေက ရှေ့ကို တည့်တည့်၊ တည့်တည့်နဲ့ လျှောက်ရင်း ချောက်ကမ်းပါးကြီးကို ရောက်လို့ ခုန်ချလိုက်ရင် အဲဒီသတို့သမီးဆိုတဲ့ဟာက၊ အဲဒီမိန်းမဆိုတဲ့ဟာတွေက လိုက်ခုန်ချမှာလား၊ ပြော။ ကဲ ပြောကြစမ်း။

သီချင်းထဲကအတိုင်းဆိုရင်တော့ လိုက်ခုန်ချရမယ်မဟုတ်လား။

ဒဿနဆရာက လရောင်မလင်းတလင်းကို အားကိုပြီး စကားဝိုင်းထဲက လူတွေရဲ့ မျက်နှာတွေကို တစ်ခုချင်းစီ လိုက်ကြည့်နေတယ်။ ညရဲ့ အသံက လွဲရင် လူတွေရဲ့ အသံဟာ တိတ်ဆိတ်လို့။

အဲဒီတော့ ဆက်ပြောရရင် သတို့သားဆိုတဲ့ဟာက၊ ယောက်ျားဆိုတဲ့ဟာကြီးတွေက ရှေ့က ငိုက်စိုက် ငိုက်စိုက်နဲ့ သွားလို့ ဓာတ်တိုင်ကြီးကို ဝင်တိုက်ရင် အဲဒီသတို့သမီးဆိုတဲ့ဟာက၊ အဲဒီမိန်းမဆိုတဲ့ဟာကြီးတွေက လိုက်တိုက်မှာလား။

စကားဝိုင်းထဲက ရယ်သံခပ်အုပ်အုပ် ထွက်လာတယ်။

ဒဿနဆရာက သူ့စကားအဆက်ပြတ်သွားမှာ စိုးတဲ့ ပုံစံနဲ့ ဆက်ပြောနေပြန်တယ်။

တကယ်ဆို ဖြစ်သင့်တာက သတို့သားနဲ့ သတို့သမီးက၊ ယောက်ျားနဲ့ မိန်းမက တစ်ယောက်နောက်က တစ်ယောက် သွားတာမျိုး မဟုတ်ဘဲ နှစ်ယောက် ရင်ပေါင်တန်း သွားသင့်တယ် မဟုတ်ဘူးလား။

အဲဒီလို ရင်ပေါင်တန်းသွားရင်းနဲ့ သားဆက်ခြားဖို့ ဘာတားဆေးကို သုံးကြမလဲ၊ ကွန်ဒုံးသုံးကြမလား စသဖြင့် ဆွေးနွေးလို့ ရတယ်မဟုတ်လားဗျာ။

ဒဿနဆရာက ပြောရင်း မောနေဟန်တူပါတယ်။ စကားဝိုင်းထဲက အခြားလူတွေလည်း မောသွားကြပါပြီ။

ဒီည လပြည့်ညပဲ။ သီတင်းကျွတ်လပြည့်ည။

ကောင်းကင်မှာ မိုးတိမ်တို့လည်း ပြည့်နေဆဲ။ ပြည့်နေတဲ့ လက တိမ်ထဲကို ဝင်သွားလိုက်၊ တိမ်တချို့ရဲ့ အပြင်ဘက်ကို ရောက်လာပြီး သာနေလိုက်။

တိမ်ထဲကို ရောက်သွားပေမယ့် လရဲ့ အလင်းရောင်ကတော့ ဆက်ပြီး ပေးနေဆဲ။ အလင်းရောင်ဟာ ဆက်ရှိနေဆဲ။ အလင်းရောင်က မသေသေး။

စကားဝိုင်းက လုံးဝ ငြိမ်သက်သွားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို နားစွင့်နေကြသလား၊ ကိုယ့်အသံကို ကိုယ်ပြန်ကြားရအောင် ငြိမ်ကြည့်နေကြတာလား။ မသိ။ ဘယ်သူမှ အတိအကျ မပြောနိုင်။

ခပ်လှမ်းလှမ်း တစ်နေရာဆီက သေနတ်သံအချို့ကို ကြားနေရ။

တိမ်ကြားက လရောင်အောက်မှာ စကားဝိုင်းသည် ရှေ့ဆက်ဖို့ အားယူနေဆဲ။

တောဝက်တိုးသံသဲ့သဲ့ကိုလည်း ကြားရရဲ့။ ဒီတောထဲမှာ လပြည့်ညဟာ ဘယ်လိုမှ အိပ်ပစ်စရာမကောင်းတဲ့ ခဏပေါင်းစုကြီး။

ခဏများ။ ထိုခဏများသည် ကြောက်စရာကောင်း၏။ ကျွန်တော်တို့သည် ခဏများကိုသာ ပိုင်ဆိုင်ကြပါသည်။

ရှုံးနိမ့်ခြင်းခဏ၊ အောင်နိုင်ခြင်းခဏ။ ပေးရခြင်းခဏ၊ ပိုင်ဆိုင်ခြင်းခဏ။ ခဏ ခဏ၊ ခဏများစွာ။

အခြားတစ်နေရာမှာတော့ ထိုခဏ၌ နန်းတော်ထဲတွင် ခွေးအများသည် ပလ္လင်တက်တမ်း ကစားကာ ပျော်မြူးနေကြပါသည်။


အင်ဒြာငပုတော

ကော်ဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့/ည။
နဂါးခေါင်း အရှေ့သို့ လှည့်၏။
၂၀ အောက်တိုဘာ၊ ၂၀၂၁။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar