ရခိုင်ပြည်နယ်ကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၃
ရခိုင်ပြည်နယ်ကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ
၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်တပ်တော်လို့ ခေါ်တဲ့ AA နဲ့ စစ်တပ်အကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ၂၀၁၈-၂၀၁၉ မှာတကြိမ်၊ ၂၀၂၂ ခုနှစ် မှာတကြိမ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ယခင်တုန်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဥ်က ရခိုင်ပြည်နယ်က မြို့တွေကို အတိုင်းအတာတခုထိ ပိတ်ဆို့တာ ရိက္ခာ၊ ဆေးဝါးတွေကို တားမြစ်တာတွေ ရှိခဲ့ဖူးပေမယ့်လည်း အခု တကြိမ် ပြည်နယ်တခုလုံးကို ပိတ်ဆို့တာမျိုးထိ မရှိခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲတွေ အတွင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ကရင်နီပြည် စတဲ့ ဒေသတွေမှာ အခုလို ဖြတ် ၄ ဖြတ်လို့ခေါ်ဆိုတဲ့ ပိတ်ဆို့ ဖြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် လက်နက်ကိုင်အဖွဲ့တွေရာ လူထုကိုပါ ရောပြီး လုံးဝဥဿုံ ပိတ်ဆို့တာမျိုးတော့ မကြုံခဲ့ဖူးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ချင်းပြည်နယ်တို့မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ ရှမ်းပြည်မြောက်ပိုင်းမှာတော့ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့က ကားလမ်းတွေ ပိတ်ဆို့ကာ တံတားအချို့ ဖောက်ခွဲဖျက်ဆီးလိုက်ပြီး စစ်ကောင်စီဘက်က လူနဲ့ လက်နက် အကူမပို့နိုင်အောင် လုပ်ဆောင်ထားပြီး ကုန်သွယ်ရေး လမ်းကြောင်းလည်း ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကရင်နီပြည်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာတော့ တိုက်ပွဲဖြစ်ပွားနေပေမယ့် ရှမ်းမြောက်ဒေသလို ရခိုင်ဒေသလို ပိတ်ဆို့မှုတွေ မတွေ့ရပါဘူး။ ပထဝီဝင် အနေအထား မြေပြင်ထိစပ်မှု အနေအထားကြောင့်လည်း အချို့သော ဒေသတွေက ဖြတ်တောက်ပိတ်ဆို့ဖို့ ခက်ခဲတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အဓိက အာရုံစိုက်သုံးသပ်ကြည့်ရမယ့် အဖြစ်အပျက်က ရခိုင်ပြည်နယ်တခုလုံးကို စစ်ကောင်စီဘက်က လက်နက်၊ ရိက္ခာ၊ လူဝင်လူထွက်ပိတ်ဆို့မှုဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖြစ်ပွားလာနိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပိတ်ဆို့ရုံတင်မကပဲ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ စတဲ့ မြို့နယ်တွေ အထိ ရခိုင်ပြည်နယ် မြေပုံတခုလုံး အတိုင်းအတာနဲ့ ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ လက်ရှိ ကမ္ဘာ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစ္စရေးလ်- ပါလစ္စတိုင်း ပဋိပက္ခ မှာ အစ္စရေးလ်က ဟားမားစ်တွေ အခြေစိုက်တဲ့ ဂါဇာကမ်းမြောင်ဒေသကို ရိက္ခာ၊ လူဝင်လူထွက်၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေအပါအဝင် ဖြတ်တောက်ထားတာနဲ့ အလားသဏ္ဍာန်လည်း တူနေတာဖြစ်ပါတယ်။ ယခင်အခြေအနေတွေတုန်းက လုပ်ဆောင်ဖူးတဲ့ ဖြတ် ၄ ဖြတ်ထက်ကို ပိုမိုတင်းကြပ်တဲ့ နိုင်ငံတကာ ဥပဒေ၊ လူသားချင်းစာနာမှု ရှုထောင့်စတဲ့ ဘယ်ရှုထောင့်က ကြည့်ကြည့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ စစ်ရာဇဝတ်မှုမျိုး၊ လူမျိုးတမျိုးအပေါ် ပစ်မှတ်ထား ရှင်းလင်းမှု၊ စတဲ့ ပြစ်မှုမျိုး ကျူးလွန်နေတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ခရီးသွားလာမှုတွေကိုတောင် ထောက်ခံစာတွေ ၊ အကျိုးအကြောင်းတွေ အမျိုးမျိုးနဲ့ မှ သွားလာခွင့်ရတဲ့ အနေအထားမျိုး၊ ကုန်သွယ် ရောင်းဝယ်မှု အားလုံးရပ်ဆိုင်းကုန်အောင်၊ အသက်မွေးဝမ်းကျောင်းမှုတွေ အားလုံးရပ်ဆိုင်းကုန်အောင် ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်လို့ အတိုင်းအတာက အလွန်ကျယ်ပြန့်တဲ့ ပမာဏနဲ့ ထိခိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက ဂါဇာကမ်းမြောင် ပိတ်ဆို့မှုနဲ့ အတုယူပြီး လုပ်ဆောင်သလားလို့တောင် ယူဆရတဲ့ ရခိုင်ပြည်နယ် ပိတ်ဆို့မှုဟာ သီတင်းပတ်နဲ့ ချီကြာလာတာနဲ့ အမျှ လူထုတွေရဲ့ ဒုက္ခအခက်အခဲတွေ တဆင့်ပြီးတဆင့် မြင့်တက်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ စစ်ဆင်ရေး လုပ်ဖို့ အင်အားမလုံလောက်တဲ့ အခြေအနေပေါ်မူတည်ပြီး အခုလို စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံပိတ်ဆို့မှု လုပ်တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ AA က လက်နက်ကိုင် တိုက်ခိုက်မှု တကျော့ပြန်စတင်ပြီးနောက်မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်ပို့တာ၊ လက်ဦးမှုယူပြီး တိုက်ခိုက်တာထက် ခံစစ် အနေအထားနဲ့ မြို့တွေရဲ့ အုပ်ချုပ်မှု၊ နေရာယူမှုကို ထိန်းထားဖို့သာ ဦးစားပေးစဥ်းစားပြီး လုပ်ဆောင်နေတဲ့ သဘောလို့ ယူဆရပါတယ်။ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့နောက် ပထမဆုံး ကြီးကြီးမားမား ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ AA တပ်တွေ ပေါက်တောမြို့ ရဲစခန်းကို သိမ်းယူခဲ့ပြီး မြို့ကို ထိန်းချုပ်ဖို့ တိုက်ခိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပေါက်တောမြို့က အရပ်သားတွေ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ နေအိမ်တွေမှာ ပစ်သတ်ခံရတာ၊ လက်နက်ကြီး ကျည်ကျပြီး အရပ်သား ၂၀ ဦးထက် မနည်း အသက်ဆုံးရှုံးခဲ့ကြရတာ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
တိုက်ပွဲကြားမှာ ကျည်၊ လက်နက်ကြီးကျည် ထိမှန်သေဆုံးရတာတွေ ရှိသလို ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာမှာ ဆေးဝါးကုသမှု မရရှိနိုင်တဲ့ အနေအထားတွေကြောင့် အသက်ဆုံးရှုံးရမယ့် အရေအတွက်တွေက တိုင်းတာလို့ မလွယ်ကူပါဘူး။ စစ်ကောင်စီရဲ့ အခုလို ပြည်နယ် တခုလုံးကို ပိတ်ဆို့တဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်နယ်က လူထုတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တခုသာ ဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ အသီးသီးအတွက် နံပါတ် တစ် - အဓိကဦးစားပေးရမယ့် အချက်ကတော့ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ အနိုင်ယူရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးပဲ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အမျိုးမျိုးအဖုံဖုံ ကိုယ့်အကျိုးစီးပွားအခြေပြုလို့ ကွဲပြားနေတာတွေ၊ ကိုယ့်ဦးစားပေးချင်တာကိုပဲ ရှေ့တန်းတင်ချင်တာတွေနဲ့ တော်လှန်ရေးအင်အားစုတွေ မစုစည်းနိုင်သေးရင် စစ်အာဏာရှင်တွေ နှစ်ပေါင်း ၇၀ ကျော် ကျင့်သုံးလာခဲ့တဲ့ Divide & Rule - သွေးခွဲအုပ်ချုပ်ပြီး စစ်အာဏာရှင်ခေတ် အဓွန့်ရှည်ရေးကို ဆက်ဆောင်ရွက်နိုင်သွားပါလိမ့်မယ်လို့သာ သတိပေးလိုက်ချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar