Breaking News

ဇော်သစ်ကြည်- အဖေထည့်ခဲ့တဲ့ ဂျင်း


GOOGLE.COM

အဖေထည့်ခဲ့တဲ့ ဂျင်း
ဇော်သစ်ကြည်
(မိုးမခ) အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၉



ကျွန်တော့်အဖေအကြောင်းပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်လို့ ပြောလို့ရပါတယ်။ ဒါပေ မယ့် ဒီလိုဆက်ပြောဖို့ဆိုရင် အဖေ့ခွင့်ပြုချက် ယူရအုံးမယ် ထင်ပါတယ်။ စာရေးနေတာ တစ်နှစ် နီးပါးရှိပြီ ဆိုတော့ အမှုကြီးမယ့်ဟာတွေ ပတ်ရှောင်ပြီး ရေးတတ်နေပါပြီ။ စာရေးပါးဝပြီပေါ့လေ။ စာဖတ်ပရိတ်သတ် တွေကလည်း ချက်ဆို နားခွက်က မီးတောက်ပြီ မဟုတ်လား။ ဟိုး စာပေကင်ပေ တိုင်ကို မျက်လှည့်ပြနိုင်တဲ့ စာပေတွေကိုတောင် ခံစားနိုင်ခဲ့တယ် မဟုတ်လား။ ဒီတော့ ကျွန်တော်က အဖေ့အကြောင်းကို မော်ဒန်နိမိတ်ပုံ နဲ့ ရေးမယ်၊ ခင်ဗျားတို့ကတော့ ဗမာ့မျက်စိနဲ့ ဖတ်ကြည့်ကြပေါ့။


အဖေက ကျွန်တော့်ကို တသက်လုံးမှာ တစ်ခါပဲရိုက်ခဲ့ဖူးပါတယ်။ ဒီအကြောင်းလေးကို The Voice Daily မှာ “မတ်တပ်ရပ်လို့ လမ်းမှာငို” ဆိုတဲ့ဆောင်းပါးထဲ ထည့်ဖွဖူးခဲ့ပါတယ်။ ဖွတယ်ဆိုတာ စာနဲ့ပေနဲ့ ဖွရတယ် မဟုတ်လား။ ဒါမှစာမူခလေးလည်းရ၊ ကိုယ်လည်း ဆယ်လီဖြစ်မယ်ပေါ့။


မြန်မာပြည်မှာ ဆယ်လီ ဖြစ်ဖို့ လွယ်နေပြီမဟုတ်လား။ ငယ်ငယ်က အမေဖတ်ပြတဲ့ သုတစွယ် စုံစာအုပ် တစ်အုပ်ထဲမှာ လူတစ်ယောက်က နာမည်ကြီးချင်လို့ လေယာဉ်ဘီးဖက်လိုက်သတဲ့။ နာမည်ကြီးချင်လို့ စာသင်ခန်းထဲ သေနတ်နဲ့ ဝင်ပစ်သတဲ့။ တို့ဆီက တော်ပါသေးရဲ့၊ ဖေ့စ်ဘုတ်ပေါ်မှာပဲ တက်ဆဲတာလေ။


အဲသလို စာနဲ့ပေနဲ့ပဲဖွချင်လာအောင် ဆွဲဆောင်ခဲ့သူက အဖေပဲဖြစ်ပါတယ်။ ခုချိန်ထိ အဖေက ဘာစာအုပ်လေး ဖတ်ကြည့်ပါ့လားလို့ ညွှန်းလေ့ရှိပါတယ်။ ထွေထွေထူးထူးလည်း ဆုံးမလေ့မရှိပါဘူး။ အဖေက ဘာလို့ ဗာရာဏသီချဲ့ပြီး မဆုံးမခဲ့တာလည်းလို့ ကျွန်တော် စဉ်းစားကြည့်ဖူးပါတယ်။ ကျွန်တော် ကများ အင်မတန်လိမ္မာရေးခြား ရှိနေလို့လား။ အဖေကပဲ လစ်လျူရှုချက်ကြမ်းခဲ့တာလား လို့လေ။ အဖေမှာ အလွန်အားထားစရာကောင်းတဲ့ မိတ်ဆွေကောင်းတွေ ရှိနေလို့ပဲဆိုတာ ဒီနှစ်ပိုင်း ရောက်မှ ရိပ်စားမိလာတယ်။ ကျွန်တော့်အသက်(၃၉)နှစ်ပြည့်တော့မယ်လေ။


ကျွန်တော်မှတ်မိသလောက်တော့ (၈၈)လူထုအုံကြွမှုကြီး ငုံ့လျှိုးသွားပြီးနောက်ပိုင်းကတည်း က အဖေ စာအုပ်ဆိုင်လေးဖွင့်ခဲ့ပါတယ်။ ကျွန်တော့်ကစားကွင်းဟာ စာအုပ်ဆိုင်ပါပဲ။ စာမဖတ်တတ်ခင်တုန်းက အမေတို့၊ အဒေါ်တို့က ဖတ်ပြခဲ့တယ်။ မျက်လုံးလေး ဝိုင်းနေအောင် နား ထောင်နေတတ်တယ်တဲ့။ အရိုင်းရဲ့ အမေဘုံဆိုတဲ့ ကာတွန်းစာအုပ်အထူကြီးဟာ ကျွန် တော့်အသည်းစွဲ ပါပဲ။ ရာဝဏတဲ့ဟေ့ ဆိုတဲ့ ချစ်ဦးညိုရဲ့ အလင်္ကာဒီပချစ်သူရုပ်ပြဆိုလည်း ဘာထူးလဲ။ ဖတ်ပြရတဲ့အဒေါ်က ခုထိတွေ့တိုင်း နင့်ကို ပါးစပ်မြှုပ်ထွက်အောင် စာဖတ်ပြရတာလို့ ပြောလေ့ရှိ ပါတယ်။ အဖေ့ယုံကြည်ချက်က စာအုပ်တွေပါပဲ။ အဖေက ဘာသာမဲ့တစ်ယောက်ဖြစ်တယ်လို့ အဘ က ပြောဖူးပါတယ်။


အမေရဲ့အမေ၊ ကျွန်တော့်အမေကြီးတစ်ယောက်က သီလရှင်ဝတ်သွားပါတယ်။ သူနေတဲ့ တောရ ကျောင်းကလေးကို အမေနဲ့လိုက်သွားပြီး ဆွမ်းပို့၊ ဥပုသ်စောင့်တာမျိုးတွေ လုပ်ခဲ့ဖူးတယ်။ မှတ်မှတ်ရရ လေးတန်းကျောင်းသား ဘဝတုန်းကပေါ့၊ ဘုန်းကြီးက သီလပေးပြီးဟောတဲ့တရားထဲမှာ ဝတ္ထုဖတ်ဖို့ မှ ာလိုက်တယ်။ ကျွန်တော်က ရွာပြန်ဆိုင်စောင့်ရတဲ့အချိန်ရောက်တော့ ဘုန်းကြီးမှာတဲ့အတိုင်း ဝတ္ထုဖတ်ဖို့ စဉ်း စားလိုက်ပါတယ်။ အရင်က သော်ကတို့၊ ပိုးဇာတို့၊ မောင်သစ်ထွဏ်းတို့ပဲ ဖတ် တာကိုး။ ခုတော့ ကုသိုလ်ရအောင် ဝတ္ထုဖတ်ဆိုတော့ သိုင်းဝတ္ထုစာအုပ် လုံးချင်းရှာပြီး ဖတ်တော့တာ ပဲ။ သိုင်းဝတ္ထုဆိုတာမျိုးက အတွဲနဲ့လာတာများတာကိုး။ တက္ကသိုလ်ရှေ့ခံ ကလောင်တွေရေးကြတာပေါ့။ တက္ကသိုလ် ဘုန်းကြွယ်တို့၊ တက္ကသိုလ် နေလင်းအောင်တို့ပေါ့လေ။


အဲဒီခေတ်တုန်းက တက္ကသိုလ်ရောက်တာတောင် သိုင်းဝတ္ထုပဲ ဖတ်စရာ ရှိခဲ့ဟန်တူပါတယ်။ ဒါမှမဟုတ် တရုတ်လွှမ်းမိုးမှုကိုအစပျိုးစေခဲ့တာ သိုင်းစာအုပ်တွေပဲလားမသိပါဘူး။ တက္ကသိုလ်စိန်တင်တို့၊ တက္က သိုလ်ဘုန်းနိုင်တို့တော့ သိုင်းဝတ္ထုမရေးကြပါဘူး။


ဆိုင်မှာရှိနေတဲ့ အဖေကို တိုင်ပင်သေးတယ်၊ သိုင်းဝတ္ထုဖတ်ရင် ကုသိုလ်ရလားလို့။ အဖေက အိုင်တင်တောင်မခံပါဘူး၊ ချက်ချင်းဖြေပေးတယ်။ စာဖတ်ရင် ကုသိုလ်ရတာပေါ့ဟတဲ့။ စာတိုင်းအဆိပ် မသင့်ဘူးလို့ ယူဆထားဟန်တူပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ဘယ်လိုစာမျိုး မဖတ်နဲ့လို့ မတားဘူးသေးပါဘူး။ ဘယ်စာအုပ်လေးတော့ ဖတ်ကြည့်သင့်တယ်ပဲ ညွှန်းဖူးတာပါ။ အဖေညွှန်းပုံက ခေတ်စကားနဲ့ပြောရရင် ဆရာကျတယ်လို့ ပြောလို့ရပါတယ်။


ကျွန်တော် စုံထောက်လိုင်းရောက်သွားတော့ ဇော်ထက်အောင်ရဲ့ စဝ်ရန်နိုင်တွေကို ဖတ်ခဲ့ပါတယ်။ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်တွေ ကုန်သွားပြီလေ။ ကျွန်တော့်လက်ထဲက ဇော်ထက်အောင်ကို ကြည့်ပြီး ဇော်ထက်အောင်ဆိုတာ ဇော်ဇော်အောင်ကို ကြိုက်ပြီး ယူထားတဲ့ကလောင်နာမည်တဲ့။ ဒီတော့ ဇော်ဇော်အောင်ဆိုတာ ဘာလဲလို့ သိချင်လာပြန်တယ်။


အဖေ့စာအုပ်ဆိုင်နာမည်က အိုအေစစ် စာပေဆက်ဆံရေးလို့ ဆိုင်းဘုတ်တင်ထားပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ဆိုတော့ စာအုပ်တွေ ဘုန်းမီးနေလတောက်ပတဲ့အချိန်လို့ ပြောလို့ရပါတယ်။ မဟေသီ၊ စုလှဖြူ၊ ရုပ်ရှင်အောင်လံ၊ ကလျာ၊ အပျိုစင်၊ ရယ်စရာ၊ အတွေးအမြင်စတဲ့ မဂ္ဂဇင်းတွေ၊ ပါရ ဂူ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ချစ်ဦးညို၊ ကလျာ(ဝိဇ္ဇာ၊ သိပ္ပံ)၊ ကြည်အေး၊ ကြူမွှေး၊ ခင်ဆွေ ဦး၊ ဂျာနယ်ကျော်မမလေး၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ ညီပုလေး၊ တက္ကသိုလ်ဘုန်းနိုင်၊ ဒေါက်တာ မောင်မောင်ညို၊ ဒဂုန်တာရာ၊ ဒဂုန် နတ်ရှင်၊ ဒဂုန်ရွှေမျှား၊ နွမ်ဂျာသိုင်း၊ နေနွယ်ဇင်မြင့်၊ နေဝင်းမြင့်၊ မိုးမိုး (အင်းလျား)၊ မင်းသိင်္ခ၊ မင်းသုဝဏ်၊ မစန္ဒာ၊ မိုဇာလျန်းဝေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်ထင်၊ ယု ဝတီခင်စိန်လှိုင်၊ ရွှေဥဒေါင်း၊ လမင်းမိုမို၊ လင်းယုန်မောင်မောင်၊ ဝင်းကြွယ်၊ သုခ၊ သာဓု၊ သန်းကြွယ်၊ သော်တာဆွေ၊ အီကြာကွေးစတဲ့ စာရေးဆရာကြီး၊ ဆရာမကြီးတွေ၊ မြိုင်ရာဇာတွတ်ပီတို့၊ မုဆိုးကျော် ဖိုးထော်တို့၊ လေးမွန်ထွေးမွန်တို့စတဲ့ ကာတွန်း တွေ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇစတဲ့ကလေးစာပေ တွေနဲ့ အညာဒေသရဲ့ အိုအေစစ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရွာကလေးမှာ စာပေချစ်သူတွေ များပြားလာခဲ့တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။


ရွာမှာ တပေါင်းပွဲဆိုတာ ကျင်းပပါတယ်။ ဆုတောင်းပြည့်ဘုရားပွဲပါ။ ဘုန်းကြီးကျောင်းတောင် ဘက်၊ ရွာပိုင်မြေကွက်ကြီးထဲမှာ ဇာတ်ပွဲသုံးလေးည က,လေ့ရှိပါတယ်။ အဖေက အဲဒီပွဲမှာ စာအုပ် အဟောင်းဆိုင် သွားခင်းလေ့ရှိပါတယ်။ ကာတွန်း၊ ရုပ်ပြ၊ အချစ်ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်ဟောင်းလေးတွေ ပေါ့။ ပါရဂူ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ချစ်ဦးညို၊ ရွှေဥဒေါင်း၊ လင်းယုန်မောင်မောင်၊ သော်တာ ဆွေ ၊ မိုးမိုး (အင်းလျား)၊ ညီပုလေး၊ ဒဂုန်တာရာစတဲ့ ဆရာတွေရဲ့ စာအုပ်တွေကိုတော့ အဖေက ဖယ် ထားချန်ထားလေ့ ရှိပါတယ်။ အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်ဆိုပြီးတော့ပေါ့။


တချို့စာအုပ်တွေဆိုရင် နှစ်အုပ်၊ သုံးအုပ်တောင် ရှိနေတတ်တယ်။ ငှားဖို့က တစ်အုပ်၊ သိမ်း ထားဖို့က တစ်အုပ်ဆိုပြီးတော့ပေါ့။ အငှားစာအုပ်တွေ ထုတ်ရောင်း မယ်လုပ်တော့ နှမြောလို့ ဆိုပြီး မရောင်းဘဲ သိမ်းထားလိုက်တာမျိုးပေါ့။ ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဆိုတဲ့စာအုပ်ဆိုရင် နှစ်အုပ်၊ သုံးအုပ်ရှိတာမို့ ဒီဇာတ်လမ်း ရုပ်ရှင်ရိုက်လို့ နာမည်ကြီးတဲ့အချိန် မှာ ပြန် ရောင်းလိုက်သေးတယ်။ အဲဒီကျမှ အဖေ့စာအုပ်တွေက မိုက်သားပဲလို့ ကျွန်တော်တွေးမိပါ တယ်။


ကြိုက်ရင် နှစ်အုပ်ဝယ်ပါဆိုတဲ့ စကားဟာ အဖေ့ဆီက အရင်မြင်ခဲ့ရပါတယ်။ စာအုပ်ကို ချစ် တဲ့တတ်စိတ်ဟာ အဖေပေးတဲ့အမွေတစ်ခုပါပဲ။ ရောက်တဲ့နေရာမှာ ဝင်စရာတစ်နေရာ ရှိသွားပါတယ်၊ စာအုပ်ဆိုင် တွေ၊ စာအုပ်အငှားဆိုင်တွေပါပဲ။ စာအုပ်မျိုးစုံကို ဖတ်ချင်တယ်၊ ဝယ်ချင်တယ်၊ ငှားချင်တယ်။ စာအုပ်ဆိုင်တွေ တွေ့ရင် ဝင်မွှေတော့တာပဲ။ ကဗျာစာအုပ်တွေ၊ ဆောင်းပါးတွေ၊ ဝတ္ထု စာအုပ်တွေသာမကဘူး ကလေးတွေ အတွက် ပုံပြင်တွေ၊ ကာတွန်းတွေ၊ ရုပ်ပြတွေလည်း ဝယ်လိုက် တာပါပဲ။ ပုံပြင်ဆိုလို့ ကျွန်တော်တို့အိမ်မှာ အဖေစုဆောင်းထားတဲ့ လူထုဦးလှရဲ့ တိုင်းရင်းသားပုံပြင် တွေ၊ ကျောင်းကန်နီးမှ မြန်မာ့ပုံပြင်တွေ အကုန်ရှိပါတယ်။ ကချင်ပုံပြင်၊ ရှမ်းပုံပြင်၊ ကယားပုံပြင် အဲ့လို ပုံပြင်စာအုပ်တွေလေ။


ဒကာအပြတ်နှိပ်လို့ ယပ်ပိတ်ဟောတဲ့ ဘုန်းကြီးတို့၊ ကျားဆိုတာ ကွမ်းသီးလုံးလောက်ပါတို့ ကျောင်းကန်နီးမှ မြန်မာ့ပုံပြင်စာအုပ်ထဲမှာ ဖတ်ခဲ့ရဖူးမှာပါ။ မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာများတို့၊ ထီးကလေးနဲ့ မနီတို့က ကြီးတဲ့အထိလွှမ်းမိုးနေဆဲပါ။ မနီကလေး မူမူရာရာ၊ ထီးကလေးနဲ့လာ၊ လာပါ စေတော့၊ လာစေတော့၊ ဆရာမျှော်လှပေါ့ဆိုတဲ့ ချိုတယ်အေးတယ်မွှေးတယ်၊ အညာနွေမှာ သောက် ခဲ့တဲ့ ရွှေရင်အေးတွေပါ။ အဖေတိုက်ခဲ့တဲ့ မကုန်နိုင်တဲ့ အအေးတွေပေါ့။ သဘာဝအရောင်အဆင်းနဲ့ ဘေးဥပါဒ်မပေးတဲ့ အချိုနဲ့ အဖေကျွေးခဲ့တဲ့ နှလုံးလှအာဟာရတွေ၊ အဖေထည့်ခဲ့တဲ့ ဂျင်း (ချင်း)ပါပဲ။


ဂျင်း (ချင်း)နဲ့ပတ်သက်ပြီး စိတ်ထဲ မတင်မကျကြီး ဖြစ်နေတယ်မဟုတ်လား။ ကျွန်တော်ပြော တဲ့ ဂျင်း (ချင်း)ဟာ၊ လူမှုရေးဝက်ထ်ဆိုက်တွေမှာ၊ လူငယ်တွေကြားထဲပြောနေတဲ့ ဂျင်း (ချင်း)တော့ မဟုတ်ပါဘူး။ ကျွန်တော် ငယ်ငယ်က နွေရာသီရောက်တိုင်း ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်လေ့ ရှိပါတယ်။


ဆရာတော်က ညနေရောက်တိုင်း ကျောင်းထဲ သန့်ရှင်းရေး၊ ထင်းဖြတ်ထင်းခွဲ စတဲ့လုပ်အားပေး အလုပ် တွေခိုင်းပြီးတိုင်း သံဃာတော်တွေကို ဂျင်း (ချင်း)ပြုတ်ရည် ကပ်ခိုင်းပါတယ်။ အဲဒီဂျင်း (ချင်း) ပြုတ်ရည် ချိုချိုနွေးနွေးမွှေးမွှေးလေးက သောက်ပြီးတိုင်း အမော ပြေ၊ အဆာပြေ၊ လူကို လန်းဆန်းစေ ပါတယ်။ ခြေလက်မျက်နှာ ဆေးကြော၊ ဧကသီရန်းပြီး သောက်လိုက်ရ တဲ့၊ ဘုန်းပေးလိုက်ရတဲ့ ဂျင်း (ချင်း) ပြုတ်ရည်အရသာလေး ခုထိမမေ့သလိုမျိုး၊ ကာတွန်း၊ မဂ္ဂဇင်း၊ ဆောင်းပါး၊ ဝတ္ထုတွေထဲက အကြောင်းအရာတွေ၊ ဇာတ်လမ်းတွေ၊ ဒိုင်ယာလော့တွေ၊ ဒဿနတွေကလည်း အကြောင်းတိုက်ဆိုင်တိုင်း ခန့်ခန့်ညားညားကြီး ပေါ် ထွက်လာလေ့ရှိပါတယ်။ ဒါတွေဟာ အဖေ ထည့်ခဲ့တဲ့ ဂျင်း (ချင်း)တွေ ပါပဲ။


ကျွန်တော် ကဗျာတွေကို ချစ်လာတော့ တင်မိုးရဲ့ ကဗျာတွေကို ပိုချစ်လာတယ်။ ဒါကို အဖေသိ တော့ တင်မိုးက ချိုတယ်၊ နွဲ့တယ်၊ ကြည်အောင်က တိုတယ်၊ ချဲ့တယ်လို့ပြောပြီး အမေ၊ မိုင်ထောင်ချီ ဝေး၊ အပြေးသမား။ သားသမီးချစ်၊ သက်လုံဖြစ်အောင်၊ ပြောင်းပစ်တာလား… ဆိုတဲ့ မိခင်မာရသွန်ကို ဆိုပြပါတယ်။ လူထု ဒေါ်အမာကို ဂုဏ်ပြုရေးဖွဲ့ခဲ့တာတဲ့။ ကြည်အောင်ရဲ့ကလောင် အပိတ်ခံရကတည်း က ဦးကြည်အောင်က ရွာလာပြီး နို့ဆီချက်နေတာပေါ့။ ဦးကြည်အောင်ရယ်၊ ဆိတ်ငါးကောင် ဦးခင် မောင်ရယ်၊ ဒေါ်လာရေချမ်းရယ်၊ မြို့သာမရာထိုရယ်၊ ဦးမြတ်မောင်ရယ်၊ အဖေရယ် ၊ သူတို့တတွေက စာပေမိတ်ဆွေတွေ။ ကဗျာဆရာ၊ ကျောင်းဆရာ၊ ဈေးသည် စတဲ့နယ်ပယ်အသီးသီးက လူတွေဟာ ညနေတိုင်းဝိုင်းဖွဲ့ပြီး စကား ပြောကြ၊ စာပေအကြောင်း၊ နိုင်ငံတွေအကြောင်းတွေ မျှဝေကြပေါ့။


ကျွန်တော်ဟာ နားထောင်ရုံသက်သက်၊ ပရိသတ်ဖြစ်ခဲ့ပါတယ်။


ဦးကြည်အောင်ကလည်း ဂျင်း(ချင်း) ထည့်တော်ပါတယ်၊ သူ့မိတ်ဆွေတွေအားလုံးကို စာရေးချင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။ ရင်ရင်လည်း စာရေးကောင်းမယ့်ပုံပဲလို့ အမေ့ကိုတောင် အစပျိုးသွားသေးတယ်။ အမေတို့ အဖေတို့ ကတော့ စာချစ်သူအရင့်အမာကြီးတွေပဲ ဖြစ်ကျန်ရစ်တယ်။


ကျွန်တော်မှာသာ လက်တယားယားနဲ့ စာရေးချင်စိတ်တွေ တဖွားဖွားဖြစ်နေပါတယ်။ အဖေထည့်ခဲ့တဲ့ ဂျင်း (ချင်း)ပေါ့။






ဇော်သစ်ကြည်


၂၀.၁၀.၂၀၁၉ မနက် ၉နာရီ ၆မိနစ်