Breaking News

ခင်မျိုးချစ် - လမ်းပျောက်လုနီးပါး

ဒေါ်ခင်မျိူးချစ်၊ မိုးမိုး(အင်းလျား)၊ ကြူကြူသင်း၊ (တဖက်ထောင့်) မပုလဲ၊ ဒေါ်ခင်ဆွေဦး၊ မလေးလုံ။ (၁၉၈၀-၈၅ ခုနှစ်များအတွင်း)။ ပြည်ရိပ်သာနေအိမ်။


ခင်မျိုးချစ် - လမ်းပျောက်လုနီးပါး

(အတွေးအမြင်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၂၀)
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၀

(ငြိမ်းချမ်းရေးရှာပုံတော်ခရီး၏ မှတ်တိုင်များ (၉)၊ Quest for Peace : I lost my way - almost chapter ကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန်သည်)

တရားပြဆရာများက ကျွန်မကို ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်သော ဝေဒနာများအပေါ်တွင်သာ စိတ်ကို တည်တံ့အောင်ထားဖို့ သတိပေးသည်။ သို့သော်လည်း တရားပြဆရာများ၏စကားကို နားမထောင်ဘဲ အာရုံထဲတွင် တွေ့ရှိသော မြင်ကွင်းများအပေါ်တွင်သာ စိတ်က သာယာနေသည်။ တရားပြဆရာများ၏ စကားကို မလိုက်နာသောကြောင့် ကျွန်မသည် အသက်ရှူရကျပ်သော ဝေဒနာကို ခံစားရသည်။ ရင်ဘတ်ထဲတွင် ဖြစ်လာသော နာကျင်သည့်ဝေဒနာများကို မကျော်လွန်နိုင်ချေ။ နှာခေါင်းတွင်လည်း တင်းကျပ်လာပြီး ချေသည့်ဝေဒနာကိုပါ ခံစားရပြန်သည်။ ထိုအချိန်တွင် မျက်စိအာရုံထဲတွင် သာယာသော မြင်ကွင်းများကိုသာ မြင်လာသည်။ မြင်ကွင်းများသည် ပို၍ပို၍ပင် နှစ်သက်စရာကောင်း၍လာသည်။ ကျွန်မ၏စိတ်သည် ပို၍ပို၍ပင် နှစ်သက်စရာကောင်း၍လာသည်။ ကျွန်မ၏စိတ်သည် အလွန်လှပသော မြင်ကွင်းများကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သည်။ တရားပြဆရာများက ထိုအရာများနောက်သို့ မလိုက်ရန် ခန္ဓာကိုယ်ပေါ်ရှိ ဝေဒနာများအပေါ်၌သာ စိတ်ကိုထားရန် သတိပေးသော်လည်း နှစ်သက်ဖွယ် အာရုံများကြားမှ ရုန်းထွက်၍မရနိုင်ပါ။

တစ်ညတွင် အိပ်မက်တခု ထပ်၍ မက်ပြန်သည်။ အိပ်မက်ထဲတွင် အပျော်စီးသင်္ဘောပေါ်တွင် ကျွန်မ၏မိတ်ဆွေများနှင့် မိသားစုနှင့်အတူ ခရီးထွက်လာခဲ့ကြသည်။ သင်္ဘောသည် သူ သွားရမည့်လမ်းကို သိသည့်ပမာ ရေပေါ်တွင် ဖြောင့်မတ်စွာ ခုတ်မောင်းလျက်ရှိသည်။ ကျွန်မသည် ဤကဲ့သို့ သင်္ဘောပေါ်တွင် လိုက်၍စီးရသည်ကို ပျော်လျက်ရှိ၏။ ကျွန်မနှင့်အတူ စီးလာသောသူများသည် ထိုသင်္ဘောသည် လိုရာခရီးသို့ ပို့ပေးမည်ဟူသော ယုံကြည်ချက်ဖြင့် လိုက်ပါလျက်ရှိကြသည်။ သူတို့သည် သင်္ဘောပေါ်တွင်သာ နေနေရခြင်းကို ကျေနပ်နေကြသည်။ ကျွန်မသည် သူတို့ကဲ့သို့ မဟုတ်ပါ။ လမ်းတွင် တွေ့ရသော ရှုမျှော်ခင်းများကို စိတ်ဝင်စားလျက်ရှိသည်။ ဒါတွေပြီးလျှင် နောက် ဘာတွေကို မြင်ရဦးမလဲဟု စူးစမ်းလျက်ရှိသည်။

ကျွန်မသည် သင်္ဘော၏လက်တန်းများကို မှီလျက် ပင်လယ်ထဲသို့ ကြည့်နေသည်။ လေနုအေးလေးကလည်း တိုက်နေသည်။ မကြာမီ ပင်လယ်ထဲတွင် ပျောက်နေသော ကျွန်းလေးတကျွန်းကို တွေ့ရသည်။ ထိုကျွန်းလေးပေါ်တွင် တောအုပ်ကလေးတခုဖြင့် အလွန်သာယာဖွယ်ကောင်းပါသည်။ ပင်လယ်ထဲတွင် ပျောက်နေသော နိဗ္ဗာန်ကျွန်းလေး ဖြစ်မည်ဟု စိတ်ထဲတွင် ခံစားမိပြီး ဒီကျွန်းလေးပေါ်ကို ရောက်ချင်လိုက်တာဟူ၍ တမ်းတလိုက်မိသည်။

ဤကဲ့သို့ တမ်းတလိုက်သည်နှင့် တပြိုင်တည်း ကျွန်မသည် ထိုကျွန်းလေးပေါ်သို့ ရောက်သွားလေသည်။ စိမ်းလန်းစိုပြည်နေသော မြက်ခင်းလေးပေါ်တွင် ကျွန်မသည် ထိုင်နေလျက်ရှိသည်။ ဒါဟာ နိဗ္ဗာန်ကျွန်းလေး ဖြစ်မှာပဲဟု ထင်လိုက်မိသည်။ ဒီနေရာမှာ ရာသီဥတုဟာ အစဉ်သာယာနေပြီး တကယ့်နိဗ္ဗာန်ဆိုတာ ဒါပဲ ဖြစ်မှာပဲဟု စိတ်ထဲ ခံစားမိသည်။ မြက်ခင်းလေး၏ဘေးတွင် တောအုပ်ကလေး ရှိသည်။ ထိုတောအုပ်ကလေး၏ ဟိုဘက်တွင် အဆောက်အအုံများ၊ မျှော်စင်များ၏ ထိပ်ဖျားကို လှမ်းမြင်ရသည်။

ကျွန်မသည် တောအုပ်ကလေးထဲသို့ ဝင်ပြီး ဤသာယာလှသော နေရာလေးကို နှစ်သက်လျက်ရှိသည်။ ထိုအချိန်တွင် ကျွန်မသည် အဘယ်ကြောင့် ဤခရီးကို ထွက်ခဲ့သည်ကို သတိရလိုက်သည်။ ကျွန်မသည် မြတ်စွာဘုရားကို ရှာရန် ဤခရီးကို စတင်၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်မ စီးလာခဲ့သော သင်္ဘောကို မတွေ့ရတော့ချေ။ ကျွန်မသည် ကျွန်းပေါ်တွင် တစ်ယောက်တည်း ဖြစ်နေသည်။ ကျွန်မ တွေ့ခဲ့သော မြင့်မားသည့် အဆောက်အအုံများသည် ဘုန်းကြီးကျောင်းများ ဖြစ်မလား၊ ထိုအဆောက်အအုံများထဲတွင် မြတ်စွာဘုရား ရှိနိုင်သည်ဟု တွေးမိသည်။

ကျွန်မသည် အဆောက်အအုံတခုထဲသို့ ဝင်သွားသည်။ အဆောက်အအုံတွင် မြတ်စွာဘုရားကို မဖူးရပါ။ သို့သော်လည်း အလွန်ခမ်းနားသော ရွှေပလ္လင်ပေါ်တွင် ပုဂ္ဂိုလ်တဦး ထိုင်နေသည်။ ထိုပုဂ္ဂိုလ်သည် အလွန်ခံ့ညားပါသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ခြုံထားပါသည်။ ထိုပုဂ္ဂိုလ်၏မျက်နှာသည် အေးချမ်းပြီး အလွန်သနားကြင်နာတတ်ပုံရပါသည်။ သူသည် မြင့်မြတ် အရိုအသေ ထိုက်တန်သောပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မသည် ထိုပုဂ္ဂိုလ်အား အရိုအသေပေးပါသည်။ အရိုအသေပေးပြီး ထိုအဆောက်အအုံမှ ထွက်လာပါသည်။ အခြား အဆောက်အအုံများကို ဝင်ကြည့်ရန် ထွက်လာခဲ့ပါသည်။ အခြား အဆောက်အအုံများထဲတွင် ရိုသေထိုက်သော ရွှေရောင်၊ ငွေရောင်၊ ပုလဲရောင်ရှိသော ပုဂ္ဂိုလ်များစွာကို တွေ့ပါသည်။ သို့သော် ဘယ်ပုဂ္ဂိုလ်မှ မြတ်စွာဘုရား မဟုတ်ကြပါ။

ကျွန်မသည် မြတ်စွာဘုရားကို လိုက်ရှာရင်း လူရော စိတ်ပါ မောပန်းလာသည်။ ထိုအခါတွင် ဤကဲ့သို့ မြတ်စွာဘုရား မရှိသော ကျွန်းပေါ်တွင် တဦးတည်း နေရတော့မည့် အခြေအနေကို တွေး၍ ထိတ်လန့်လာသည်။ ကျွန်မသည် စီးခဲ့သော သင်္ဘောပေါ်သို့လည်း ပြန်မသွားနိုင်ပါ။ သင်္ဘောကိုလည်း လုံးဝ မမြင်ရတော့ပါ။ ဤကျွန်းလေးသည် ပြောသည့်အတိုင်း အလွန်သာယာပါသည်။ အစစအရာရာ ကောင်းပါသည်။ သို့သော် မြတ်စွာဘုရား မရှိပါ။ မည်မျှပင် သာယာသည်ဖြစ်စေ၊ ဘုရားမရှိသောကျွန်းပေါ်တွင် ကျွန်မ မနေနိုင်ပါ။ ကျွန်မ စီးခဲ့သော သင်္ဘောပေါ်သို့ ပြန်ရောက်ချင်စိတ် ဖြစ်နေပါသည်။

ထိုအချိန်တွင် တောအုပ်ထဲမှ အမျိုးသမီးတယောက် ထွက်လာသည်။ ထိုအမျိုးသမီးက ကျွန်မကို ဒီကျွန်းပေါ်တွင် ပျော်ရဲ့လားဟု မေးပါသည်။ ကျွန်မကလည်း ဤကျွန်းလေးသည် အလွန်သာယာသော လောကနိဗ္ဗာန်တော့ ဖြစ်ပါသည်။ သို့သော် ဘုရားမရှိသောနေရာ ဖြစ်နေသဖြင့် မနေနိုင်ကြောင်းကို ပြန်ပြောလိုက်သည်။ ထိုအမျိုးသမီးက ဒီအဆောက်အအုံတွေထဲတွင် ဘုရားတေွရှိကြောင်း ပြောပါသည်။ ကျွန်မက ဤပုဂ္ဂိုလ်များသည် ဘုရားမဟုတ်ကြောင်း၊ ကျွန်မသည် ဘုရားကို ရှာဖို့ ခရီးဆက်ရမည် ဖြစ်ကြောင်း ပြောပြလေသည်။ ထိုအမျိုးသမီးက လှောင်သောအပြုံးဖြင့် ပြုံးလိုက်ပြီး ပြောလိုက်သည်မှာ ဤကျွန်းသည် လူများနှင့် အလွန်ဝေးကွာကြောင်း၊ မည်သည့်သင်္ဘောမှ ဤကျွန်း၏အနီးကိုပင် မလာကြောင်း ပြောသည်။ ကျွန်မသည် ဤကျွန်းမှ အခြားသို့ သွားရန် မဖြစ်နိုင်ကြောင်း ပြော၍ ထွက်သွားလေသည်။

ကျွန်မသည် ပင်လယ်ကြီးကို ငေးမော၍ ကြည့်နေမိသည်။ မျှော်လင့်ချက်ဟူ၍ မရှိသည့် အခြေအနေ ဖြစ်နေသည်။ ကျွန်မသည် အသံကုန်ဟစ်၍ အော်လိုက်သည်။

“ဒီမှာ ဘုရားမရှိတဲ့ကျွန်းပေါ်မှာ ကျွန်မ တယောက်တည်း ဖြစ်နေတယ်။ ကယ်နိုင်တဲ့လူရှိရင် ကျွန်မကို လာကယ်ကြပါ”

သို့သော်လည်း ပင်လယ်လှိုင်းသံများ၊ လေတိုက်သံများသည် ကျွန်မ၏အော်သံကို လှောင်ပြောင်နေကြသည်။ ကျွန်မသည် ပို၍ပို၍ ကျယ်အောင် အော်ရင်းနဲ့ အသံဝင်ပြီး ဘာသံမှ မထွက်တော့ပါ။

ကျွန်မသည် စိတ်ပျက်လက်ပျက်ဖြင့် သစ်ပင်အောက်တွင် ထိုင်နေသည်။ ထိုအချိန်တွင် ကျွန်မသည် ဦးဘဂျမ်း အမည်ရှိသော ဓမ္မမိတ်ဆွေတဦးကို တွေ့သည်။ ထိုဓမ္မမိတ်ဆွေသည် ဘောက်ထောက် စွန်းလွန်းကျောင်းတွင် ကိုလတ် ဘုန်းကြီးဝတ်စဉ်က လာခဲ့သော ဧည့်သည်တဦး ဖြစ်သည်။ သူသည် ကမ်းနားမှ လမ်းလျှောက်၍ လာသည်။ ကျွန်မသည် ဝမ်းသာအားရ သူ့ကို လှမ်းခေါ်လိုက်သည်။

“အစ်ကိုကြီးရယ်၊ ကျွန်မကို ဘော်ထောက် စွန်းလွန်းကျောင်းကို ခေါ်သွားပေးပါ။ ကျွန်မ ဒီ ဘုရားမရှိတဲ့ ကျွန်းပေါ်မှာ မနေချင်တော့လို့ပါ။ ဘုန်းကြီးကျောင်းကို ခေါ်သွားပေးပါနော်”

ဦးဘဂျမ်း၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နေပြီး ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ကျွန်မ အိပ်ရာမှ ပေါ့ပါးစွာဖြင့် နိုးလာလေသည်။

ခင်မျိုးချစ်