Breaking News

ကိုသန်းလွင် — အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ

ကိုသန်းလွင် — အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ

(မိုးမခ) ဇွန် ၂၁၊ ၂၀၂၂


( ၁ )

ကျွန်တော်တို့သည် ဘီလီယံချီသော လူသားများအတွက် အဆုံးကို ပြသရန် လောကကြီးကိုပြောင်းပြန်လှန်၍ ဇောက်ထိုးမိုးမျှော် လုပ်ပြနေစရာ မလိုပါ။ အလွန်ပူလောင်သော နေ့ရက်များသည် ထုံးစံလိုလိုဖြစ်နေခြင်းက လူသားတို့၏ အဆုံးကို ပြနေခြင်း ဖြစ်ပါသည်။

လူ၏ကိုယ်ခန္ဓာသည် အပူဓာတ်ထုတ်ပေးနေသော အင်ဂျင်ကြီးနှင့်တူပါသည်။ အသက်ရှင်နေထိုင်ရန် အမြဲအအေးဓါတ်လိုသည်။ ခွေးသတ္တဝါများမှာ လျှာကိုထုတ်၍ (Panting) အေးနေအောင်လုပ်ရသည်။

( ၂ )

ယခင်လက တစ်ဘီလီယံမျှရှိသော လူသားတို့အတွက်မူလထက် ၁၀  ံC မျှမြင့်သောအပူငွေ့ကို တောင် အာရှမှလူများကို ခံစားခဲ့ရပါသည်။ ရက်သတ္တပါတ်အနည်းငယ်ကြာသည်အထိ ထိုအပူငွေ့သည် ရှိနေဆဲ ဖြစ်ပါ သည်။ အပူဒဏ်ကို သက်သာစေရန် မိုးကျမည့် ဇွန်လကို စောင့်နေရန်သာ ရှိပါတော့သည်။ တစတစ နားလည် လာကြပြီဖြစ်သော (Heat Secience) ၏စဦးအချိန်များတွင်လေထုတွင်ရေငွေ့ပါဝင်နှုန်း  စိုထိုင်းဆ သည်လေ၏ အပူချိန်နည်းတူ  လူကိုသေစေရာတွင် ပါဝင်ပါတ်သက်နေကြောင်းကို သိရပါသည်။ အိန္ဒိယတွင် ၁၁၅ ဒီဂရီ F ပါကစ္စတန်တွင် ၁၂၀° F အထိရောက်ခဲ့ပြီး စိုထိုင်းဆ လွန်စွာနည်းနေသောအဖြစ်ကို ကြုံခဲ့ကြပြီးပါပြီ။ သို့တိုင်အောင် အိန္ဒိယ၏ အချို့နေရာများတွင် စိုထိုင်းဆ အများဆုံးအချိန်များသည်အပူချိန် အတက်ဆုံးအချိန်ဖြစ် နေ ပြီး Wet-bulb-temperature (ပြဒါးတိုင်အောက်ခြေကို ရေဆွတ်အဝတ်အုပ်၍ ရသောအပူချိန်ကိုခေါ်သည်) မှာ လူသားတို့ ခံနိုင်ရည်အရှိဆုံးအပူချိန်ကို ရောက်ရှိပြီး ကျော်လွန်သွားခဲ့ပါပြီ။ ထိုအချိန်မျိုးတွင် ကောင်းကင်မှ ငှက်များပင် မပျံနိုင်ဘဲ ပြုတ်ကျ သေဆုံးကြရပါသည်။

ပါကစ္စတန်၌မှု ရှစ်ရှား (Ship Sher) ဂဲလက်စီရာ ရေခဲတောင် ပြိုကျမှုကြောင့် ဓာတ်အားပေးစက်ရုံ ၂ ရုံ နှင့် တရုတ်ပြည်နှင့် ဆက်သွယ်သော ဟာစန်နာဘက် (Hassanabad) တံတား ပျက်စီးခဲ့ရပါသည်။ ခဏတာ မျှ အေးပြီးမေလ ၁၄ ရက်နေ့တွင်အပူချိန် မြင့်တက်လာသည့်အခါ  လူ ၂ သိန်းမျှရှိသည့် ဂျက်ကိုဘာဘတ် (Jaco- babat) မြို့တွင် ၅၁° C ရှိပါသည်။ ဝက်ဘတ် အပူချိန်မှာ ၃၃ ဒဿမ ၁ မျှရှိပါသည်။ ၎င်းသည် လူတို့ ခံနိုင် ရှိသည့်အပူဆုံး ၃၅ ဒီဂရီနှင့်နီးကပ်လွန်းနေပါသည်။ ၎င်းအပူလှိုင်းသည် လူတို့၏ ခံနိုင်အားကို စမ်းသပ်နေသည့် သဘွယ် ၁၀ ပါတ်မျှကြာသွားပါသည်။ များမကြာမီကသိပ္ပံပညာရှင်များကပြောသည်မှာ အသက်ငယ်ရွယ်သူများနှင့် ကျန်းမာသောသူများအတွက် အခံနိုင်ရည်ရှိဆုံး အပူချိန်မှာ ၃၁°C ဖြစ်ပါသည်။ 

တောင်အာရှ၏ အပူချိန်နှင့် ထိုအပူရှိနေသော ကာလတို့ကိုကြည့်၍ ထိုအဖြစ်သည် အပူချိန် ဖြစ်ထောင့် ဖြစ်ခဲမဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတခုလို ဖြစ်နေခဲ့ပါသည်။ ကျွန်တော်တို့သည် ထိုကဲ့သို့သောဖြစ်စဉ်များကိုအစွန်း ရောက်သည် (Extreme) ဟု ပြောလိုလှပါသည်။ သို့ပါသော်လည်း သူတို့သည် အဖြစ်အပျက် များလာသဖြင့် ဖြစ်ရိုးဖြစ်စဉ်များသဖွယ် လူတို့နှင့်ရင်းနှီးလာနေကြပါသည်။

ကုလသမဂ္ဂ ရီပို့က သက္ကရာဇ် ၂၀၃၀ ရောက်လျှင် ကမ္ဘာကြီး၌ တစ်နှစ်လျင် အကြိမ် ၅၀၀ မျှ ဆိုးရွား သော ရာသီဥတု ဆိုးကျိုးများကို ခံရဖွယ်ရှိသည်ဟုဆိုပါသည်။ အလွန်ဆိုးရွားသော အဖြစ်အပျက်များမှာ ဖြစ်ရိုး ဖြစ်စဉ်ဖြစ်လာပြီး ကျွန်တော်တို့သည် ကမ္ဘာအသစ်သို့ ရောက်နေသလို ခံစားကြရမည်ဟုဆိုသည်။ ယခင်က လေ၏ သန့်စင်ခြင်း (Air Quality Index) တန်ဖိုးကို ရာသီဥတု ပတ်သက်သည့်နေရာများတွင် ထည့်သွင်း စဉ်းစားလေ့မရှိခဲ့ကြပါ။ ယခုအခါ နယူးဒေလီ၌ ထိုတန်ဖိုးသည် ၃၀၀ အောက်သ့ိုမကျဘဲရှိခဲ့ရာ အပူချိန် ၁၁၀ သို့ ရောက်သောအခါ မစဉ်းစားဘဲမရတော့ပါ။ ထိုအချိန်မျိုးတွင် ကျန်းမာရေးနှင့်ပတ်သတ်သည့် (Warning) ကိုမပေး၍ မရ တော့ပါ။ 

လူတို့သည် လွန်ခဲ့သော အနှစ် ၃၀ အတွင်း လူ့သမိုင်းတလျှောက်လုံး ထုတ်လွှင့်ခဲ့ကြသည့် အခိုးအငွေ့ များ၏ တဝက်ကျော်ကျော်ကို ထုတ်လွှင့်ခဲ့ကြပါသည်။ အယ်ဂိုး (Al-Gore) က သူ၏ ပထမဦးဆုံးကမ္ဘာကြီး ပူနွေးလာမှုနှင့်ပတ်သတ်၍ စာအုပ်ထွက်လာပါသည်။ ကုလသမဂ္ဂမှ ကမ္ဘာကြီးကိုစောင့်ကြည့်ရန် (IPCC-Intergover- mental Panel On Climate Change)ကို ဖွဲ့စည်းခဲ့ကြသည်။ အပူချိန်မြင့်တက်လာမှုမှာ မြန်ဆန်ခဲ့ပြီး ၂၀၁၅ တွင် ၁၀ နှစ် ပျမ်းမျှအပူချိန်မှာ စက်မှုတော်လှန်ရေးမတိုင်မီကထက် ဒသမ ၈၇° C ရှိရာမှ နောက်ထပ် ၅ နှစ်အကြာ တွင် ၁ ဒသမ ၀၉ သို့ ခုန်တက်သွားခဲ့ပါသည်။ ၁၀ နှစ်အတွင်း ၂၅ ရာခိုင်နှုန်း မြင့်ခဲ့ပါသည်။

လွန်ခဲ့သော ၅ နှစ်ကအထိ ကာလီဖိုးနီးယားတွင် တောမီးများလောင်သည့် ရာသီတွင် ဧက တစ်သန်း ကျော် မီးလောင်သည်ဆိုခြင်းကို မကြားဖူးကြပါ။ ယနေ့တွင် ၄ ဒဿမ ၃ ဧက သန်းကျော်လောင်နေပြီး လွန်ခဲ့ သည့် ၄ နှစ်ကာလအတွင်း ၁ နှစ်လျှင် ပျမ်းမျှ ဧက ၁ ဒဿမ ၅ သန်းမျှမီးလောင်ခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ် အတွင်းမီးလောင်မှုမှ အဆ ၉၀ မျှ ပို၍ များပြားခဲ့ပါသည်။ ဤသည်မှာ ၁၉၅၀ နှင့် ၁၉၈၀ အတွင်းပြောင်းလဲလာ မှု ဖြစ်ပါသည်။

ထို့ကြောင့် ယခုအခါဖြစ်ရိုးဖြစ်စဉ်အသစ် သို့မဟုတ် အသစ်ထွက်ပေါ်လာမည့် အခြေ အနေကို ခန့်မှန်း၍မရအောင်ရှိနေပါတော့သည်။ အပူချိန်နှင့် အစိမ်းရောင်ဓာတ်ငွေ့များ (Green house gas) များ၏မြင့်မားလာမှုမှာ များပြားပြီး မြန်ဆန်လွန်းသောကြောင့် ထိုအရာသည် ဘယ်လိုဖြစ်သည်ဆိုသည်ကို ဆန်းစစ်ချိန် မရှိတော့သလောက်ဖြစ်နေပါသည်။

နောက်တစ်ခုမှာ ( Heat dome ) ခေါ်အပူများသည့်အလုံးအဝိုင်းကိုခေါ်ပြီး ၎င်းကိုကနေဒါ၏အနောက် ဘက်ကမ်းရှိ ဗြိတိသျှကိုလံဘီယာတွင် တွေ့ခဲ့ရပါသည်။ ပစိဖိတ်အနောက်မြောက်ကမ်းခြေ တွင် သေလောက် သည့် (death valley) အပူချိန်ကိုဖြစ်ပေါ်ခဲ့ပြီး ၎င်းသည်ကမ္ဘာ့နေရာကြီး ၆ နေရာတွင်တွေ့ရှိခဲ့ရပါသည်။ တောင် အာရှမှာတွေ့ခဲ့သည့် အပူလှိုင်းမှာထိုအပူငွေ့ Dome နှင့်စာသော်မပြောပလောက်စရာဖြစ်နေပြန်သည်။ ဤသည်မှာ အနှစ် ၁၀၀၀ တွင် တစ်ကြိမ်မျှသာဖြစ်ပေါ်သည်ဟု ယူဆရပြီး အပူချိန်မှာ ၂° C မျှသာပို၍မြင့်သည်။ 

ယခု တောင်အာရှ၏ အပူငွေ့လှိုင်းကို အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့က ခံနိုင်ရည်ရှိပြီဆို၍ပြောကြပါသည်။ ထိုအပူချိန် မညီမျှမှု ပြောင်းလဲမှုကို ( Survive ) ဖြစ်သည် ဆိုစေဦး ထိုအပူငွေ့ကြောင့် သေဆုံးသူများမှာ ထောင်ချီ၍ ရှိပါလိမ့်မည်။ ၂၀၀၃ ခုနှစ်က ထိုမျှအပူရှိန် မပြင်းထန်ဘဲ လူနေလည်း မထူထပ်သော ဥရောပနှင့်ရုရှားတွင် လူပေါင်း ၇၀,၀၀၀ ကျော်သေခဲ့ရပါသည်။ 

သို့သော် ဤသို့ ခံနိုင်ရည်ရှိသည်ဆိုခြင်းမှာ ဤသို့ဖြစ်ရခြင်းအတွက် ရာသီ ဥတုပြောင်းလဲခြင်းကို ခံနိုင်ရည်ရှိသည်ဟူ၍ပြောမရပါ။ ရာသီဥတုဖောက်ပြန်မှုများမှာ ကျွန်တော်တို့ဦးတည်ရာဟုမဆိုနိုင်သော်လည်း ထိုအဖြစ်အပျက်များကိုမူတည်၍ ကျွန်တော်တို့အနာဂတ်များကိုတည်ဆောက်ကြရပါမည်။ ကျွန်တော်နေထိုင်ရာရပ်ကွက်တွင် ရက်အနည်းအငယ်အတွင်း ရေနှစ်ကြိမ် ကြီးခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်နေထိုင်ရမည့် ကျွန်တော်၏ အနာဂတ်ဖြစ်ပါသည်။ 

ထို့အတူကျွန်တော်တို့၏အနာဂတ်မှာ အပူချိန်သည် ၄° သို့မဟုတ် ၅° ခန့်သာပို၍ ပူတော့မည့်ပုံစံဖြစ် ပါသည်။ ယခင်ကအတိုင်း (Business as usual ) အတိုင်းနေထိုင်ရန် ပြင်ဆင်ရပါတော့မည်။ တစ်ကမ္ဘာလုံး နိုင်ငံရေးတွင် နိုးကြားလာခြင်း၊ အသစ်ပြန်ဖြည့်နိုင်သော စွမ်းအင်အသစ်များကို ဖော်ထုတ်နိုင်ခြင်းတို့ကြောင့် ၃° မျှပို၍ပူသော အပူဒဏ်ကိုတော့ခံနိုင်ရည်ရှိရပါမည်။

ဤမျှအထိတော့ လက်သင့်ခံနိုင်လိမ့်မည်ထင်ပါသည်။ သို့သော် ကျွန်တော်တို့သည် အလွန်ရှုပ်ထွေး သည့် အန္တရာယ်များတွင်နေထိုင်ရသကဲ့သို့ဖြစ်နေပါသည်။ တစ်ကမ္ဘာလုံးအပူကြောင့် ပျက်စီးဆုံးရှုံးမှုမရှိဘူး ဟု ဆိုစေ ရာသီဥတု၏ ဆိုးရွားနှောင့်ယှက်မှုများတော့ ခံစားကြရဥိးမည်မှာ အမှန်ဖြစ်ပါသည်။ ဤသည်မှာ တစ် ကမ္ဘာလုံးဆိုင်ရာ မတရားမှုကြီးဟုဆိုနိုင်ပါသည်။ ၁၉၉၂ ခု ရီရဲ ဒီဂျနေရိုး ရာသီဥတုထိပ်သီးဆွေးနွေးပွဲ မှာတုန်း က သဘောတူညီကြသည်မှာကမ္ဘာကြီး၏ပူနွေးလာမှုအန္တရာယ်ကိုရှောင်ရှားကြရန်ဖြစ်ပါသည်။ ထိုရည်ရွယ်ချက် မှာမအောင်မြင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အန္တရာယ်ကြီးမားသော ရာသီဥတုပြောင်းလဲ မှုများရှိနေကြပြီဖြစ် သောကြောင့်ဖြစ်ပါသည်။ အကယ်၍ထိုအန္တရာယ်ရှိသော ပြောင်းလဲမှုသည် နေရာတကာသို့ မရောက်နိုင်စေဦး တဖြည်းဖြည်းနေရာတိုင်းလိုလိုဖြစ်ပေါ်ခံစားနေရပြီ ဖြစ်ပါသည်။

( ၃ )

ကျွန်တော်တို့၏တစ်သက်တာဘဝတွင်သိပ္ပံပညာရှင်များက ပြောနေကြသော အန္တရာယ်ရှိသည့်အပူချိန် ထက်ကျော်လွန်၍နေကြရပြီ ဆိုပါစို့။ သို့မဟုတ် တစ်ကမ္ဘာလုံး ပျက်စီးမည့်အပူချိန်သို့ လည်းမရောက်သေးဘဲ ရှိနေကြသည် ဆိုပါစို့။ မေးစရာရှိသည်မှာ ထိုအချိန်တွင် အဘယ်သို့ ကျွန်တော်တို့ နေကြရမည်နည်း ဟူ၍ဖြစ်ပါ သည်။ 

ကိုသန်းလွင်

Ref: 115 degrees Fahrenheit in India. 120 in Parkistan, David wells NY Times May 19 2022.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar