Breaking News

ခင်ဆွေဦး ● ဗိုလ်မှူးချုပ်ကျော်ဇော (သို့မဟုတ်) ဗိုလ်သူရ


ခင်ဆွေဦး ● ဗိုလ်မှူးချုပ်ကျော်ဇော (သို့မဟုတ်) ဗိုလ်သူရ
(မိုးမခ) ဧပြီ ၄၊ ၂၀၁၉

(၁)
● ကျွန်မငယ်ငယ်တုန်းက ကိုကိုရွှေ
တကယ်တော့ ဗိုလ်မှူးချုပ်ကျော်ဇော (ကိုကိုရွှေ) မှာ ကျွန်မငယ်ဘဝထဲက နှစ်လုံးသားထဲ စွဲထင်တဲ့ အစ်ကိုရင်းပမာဖြစ်သလို သူရဲကောင်းလည်း ဖြစ်ပါတယ်။ မှတ်မိသမျှ ကျွန်မ ၉ နှစ်သမီး အတွေ့အကြုံမှာ ကိုကိုရွှေနှင့်ပတ်သက်သမျှ ကျွန်မ အမြဲလို သတိတရရှိနေတတ်ပါတယ်။

“မေမေ ကိုကိုရွှေကို ဘာဖြစ်လို့ ကိုကို ခေါ်ခိုင်းရတာလဲ”

ဒုတိယကမ္ဘာစစ် ဖြစ်ဆဲကာလ ကျွန်မ မြို့မအမျိုးသမီး အထက်တန်းကျောင်းမှာ ၆ လ တစ်တန်းနှင့် နှစ်တန်း ရောက်နေပါပြီ။ ကျွန်မ ကိုကို ခေါင်းစဉ်တပ် ဦးစွာခေါ်တဲ့သူမှာ ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုလိုနီဂေါ်ရာတပ်သား မြင်းတပ်နှင့် နံပါတ် တုတ် ကိုင်စွဲရိုက်နှက်သဖြင့် ကျဆုံးသွားတဲ့ “ကိုကိုအောင်ကျော်” ဖြစ်ပါတယ်။ တတိယ ကိုကိုရယ်လို့ခေါ်ခဲ့သူမှာ စစ်ကိုင်း တံတားပေါ်ဖက်ဆစ်ဂျပန် “ဓားရှည်နှင့် ဇက်ပိုင်းချပြီး ဧရာဝတီမြစ်ထဲ ကန်အချခံပြီး ကျဆုံးသွားသူ ကိုကိုသိန်းတန် (ငယ် မည် ချစ်တီး) ဖြစ်ပါတယ်။ (စစ်ကိုင်းမင်းသမီးဒိုင်ယာရီမှာ ရေးခဲ့ပြီးပါပြီ)

“မေမေတို့ အထက်အညာမျိုးတွေမှာ ကိုယ့်ခင်ပွန်းတွေကို မောင်တို့ ကိုကိုတို့ခေါ်ရတာ တွန့်ဆုတ်ကြတယ်။ နာမည်ပဲခေါ် ကြတာ၊ ကိုရင်ဘစိန်၊ ကိုရင်အောင်ထွန်း၊ ကိုရင်မြမောင် စသဖြင့်ပေါ့”

ကိုကိုရယ်လို့ ခေါ်ကြတာတော့ မောင်နှမအရင်း (သို့မဟုတ်) တစ်ဝမ်းကွဲ မောင်တွေ အစ်ကိုတွေ စသည်ဖြင့်ပေါ့။ ကိုကိုရွှေက ၁၉၃၈ ခုနှစ် ကျွန်မတို့နေထိုင်တဲ့ ကျောင်းကြီးလမ်းနေအိမ်နှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ အထက်တန်းဆရာဖြစ် သင်တန်း ကျောင်း၊ ကျောင်းအုပ်က ဦးညီပုဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ကိုကိုရွှေ ကျွန်မတို့နေအိမ်ကိုကူးလာပြီး ဖေဖေနှင့် စကားပြော လေ့ရှိပါတယ်။ ကျွန်မငယ်သေးတော့ အကြောင်းအရာတွေ မမှတ်မိတော့ပါ။ ဒီအခါ ကျွန်မမှာ ကိုကိုခေါ်ရမယ့်သူ စစ်အတွင်း ဂျပန်ခေတ်အထိ သုံးယောက်ရှိသွားပြီ။ ကိုကိုအောင်ကျော်၊ ကိုကိုရွှေ၊ ကိုကိုသိန်းတန်။

ကိုးနှစ်အရွယ်ကစပြီး ကျွန်မရဲ့ခေါင်းထဲစွဲခဲ့ပြီး အရင်းအနှီးဆုံးဖြစ်လာရတဲ့ဘဝကတော့ ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြား ချက်နှင့် ပဲခူးမှာ စံပြတပ်ရင်းဖွဲ့စည်းချိန်၊ ကျွန်မတို့သားအမိသုံးယောက် ကိုကိုရွှေနေခဲ့တဲ့ ပဲခူးတပ်ရင်း (၄) မိုးတွင်း ၄ လခန့် နေခဲ့ခြင်းဟာ ကျွန်မဘဝအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေ ဖြတ်သန်းခဲ့တာပါပဲ။

အမှန်မှာ ဇာတ်လမ်းအစ စစ်ကိုင်းမြို့မှ စစ်ကိုင်းသား ဦးလေးဦးဘသိန်း (ဖေဖေနှင့် ညီအစ်ကိုရင်းလိုခင်မင်သူ) က မော် ကျွန်းသူ မကြင်စိန်နှင့် အကြောင်းပါတော့ ဦးလေးဘသိန်းက မကြင်စိန်လို ရိုးရိုးအအ တောရွာသူလေးကို သွန်သင်ဆုံးမဖို့ မေမေ့ကို-

“မရီး မမကြည် ကျွန်တော်တို့နဲ့ပဲခူးလိုက်ခဲ့ဗျာ နောင်ကြီး (ဖေဖေ) ကလည်း ခွင့်ပြုမတဲ့၊ ၄၇ လမ်းမှာ တစ်ယောက်တည်းနေပြီး ဇွဲကိုထွန်းရှိန် ပါဘလစ်ရှာအတွက်ဝတ္ထုတွေရေးမလို့တဲ့”

“လိုက်တော့ လိုက်ခဲ့ပါ့မယ် အကြာကြီးတော့ မနေနိုင်ပေါင်ရှင်”

“နောင်ကြီးက ခေါ်သွားပြီး ကြာကြာနေခိုင်းမှာတဲ့”

“ဖြစ်သေးပါဘူး ကိုဘသိန်းရယ် ရှင့်အစ်ကိုကြီးကို ဘယ်သူ ထမင်းဟင်းချက်ကျွေးမှာလဲ”

“မပူစမ်းပါနဲ့ နောင်ကြီးက ဥပုသ်ရက်ရှည် ဝါတွင်းစောင့်ပြီး စာတွေရေးမလို့တဲ့ စစ်အတွင်း စာတွေရေးဖို့ ကလောင်သွေးနေပြီး မမကြည် တော်လေးဝဝင်ဖို့ ပါရမီဖြည့်ဖို့ အကောင်းဆုံးအချိန်ပဲဗျာ”

“ရှင်ကဖြင့် စကားတတ်တိုင်း”

တကယ်လည်း ဦးလေးဘသိန်းကိုစစ်ကိုင်း ကာလသားတွေက ရွှေစကားဘသိန်းခေါ်ကြတာ။ ကျွန်မရေးတဲ့ “ဒို့တိုင်းဌာနီ” မှာ ဦးလေးဘသိန်းကို ဇာတ်ကောင်အဖြစ် ကျွန်မဖန်တီးခဲ့ပါတယ်။

(၂)
● လောင်းဘုန်းမြတ် သူတော်စင်နှယ်
အဲဒီတုန်းက ကိုကိုရွှေက အသက်၂၄ နှစ်ပဲ ရှိသေးတယ်။ ရာထူးက ဗိုလ်မှူးဖြစ်နေပြီ။ စစ်ရေးလေ့ကျင့်ခန်းတွေမှာ အနားမယူ ဘဲ လေ့ကျင့်တယ်။ ဝိရိယကောင်းသလား မပြောနဲ့။ ဦးလေးဘသိန်းက ကိုကိုရွှေဝိရိယကို လိုက်မမီတော့ …

“မီးရထားကြီး ခေါင်းတွဲ တဂျောင်း ဂျောင်းနဲ့ ရှေ့က အရှိန်အဟုန်နဲ့သွားလိုက်တာ တခါတည်းတွဲတွေ ပြတ်ကျန်ပါရော့လား”

ကိုကိုရွှေက စည်းကမ်းကြီးတော့ဘယ်သူမှ ပြောရဲတာ မဟုတ်ဘူး။ ဦးလေးဘသိန်းက Mess (ထမင်းစားခန်း) မှ တဖက်ခန်း မှာရှိနေတဲ့ ကိုကိုရွှေ မကြားကြားအောင် ပြောနေတာလေ။ ကျွန်မကတော့ ကိုကိုရွှေ လှုပ်ရှားသွားလာသမျှ စိတ်ဝင်စားတာ၊ ပထမဦးဆုံး ကျွန်မတို့တည်းခိုတာ ဘီဘီစီက ဦးလေးဦးတင်မောင်ကြီးအိမ်။ ကျွန်မတို့ သားအမိရယ်၊ မမ မကြင်စိန်ရယ် သစ်သားတန်းလျားရှည် အိမ်ကြီး၊ ဘိုတဲနှင့်တူတယ်။ ကျွန်မပြတင်းပေါက်နား နတ်သမီးပုံပြင် Fairy Tale ဖတ်နေတုန်း ကိုကိုရွှေက ဗြုန်းဆို ကျွန်မတို့ညီအစ်မရယ် မမ မကြင်စိန်ထိုင်နေတဲ့နား မြင်းစီးရင်း ရောက်လာပြီး ….

“ခင်ခင်ဦး ထမင်းစားရတာ အဆင်ပြေလား”

“ပြေတယ် ပြေတယ် အန်တီငြိမ်းချက်တာ”

“မနက်ဖြန်ကျရင် ခင်ခင်ဦးတို့ကို ထမင်းဖိတ်ကျွေးမယ်နော်”

မေမေ့ကိုလည်း နှုတ်ဆက်သွားတယ်။

“ဒေါ်လေး ခုလိုအချိန်အခါမျိုးမှာ ဗိုလ်ဘသိန်း မိန်းမ မယူသင့်ဘူး”

“ဟုတ်ကဲ့ ကိုရွှေ”

မေမေက ဘာပြောရမှန်း မသိဘူး။

“ဒီလို အချိန်အခါမျိုးမှာ ဘာအနှောင်အဖွဲ့မှ မရှိသင့်ဘူး”

ကိုကို ကိုယ်တိုင်ကလည်း မိန်းမအပေါင်းအသင်း အတော်ကင်းအောင်နေတယ်။ ဦးလေးဦးဘသိန်း မိန်းမယူလာတာလည်း မျက်စိနောက်ပုံရတယ်။ ဒီကြားထဲ ဘယ်တပ် ဘယ်ခေါင်းဆောင်က အမိန့်ထုတ်ပြန်လဲမသိဘူး။

“ဗိုလ်တွေ မိန်းမ လေးယောက်အထိယူနိုင်တယ်” တဲ့။

“ခက်တာပဲရှင် ကိုရွှေက တယောက်တောင် မယူသင့်ဘူး ပြောနေတာ ဘယ်နှယ့်လုပ်မလဲ”

ဦးလေးဘသိန်းက ပျော်တတ်တော့ …

“မမကြည် အဲဒါတော့ ကျွန်တော်လည်း မကြိုက်ဘူးဗျာ အိမ်နေ မရီးတွေ ခယ်မတွေ ထွက်ပြေးကုန်ကြပြီ”

ပြောပြီး တဟားဟား ရယ်ပါလေရော။

အဲဒီတုန်းက အင်းတကော်သွားတဲ့ဗိုလ်မှူးတယောက်၊ အိမ်က မိန်းမကြီးရှိလျက်နဲ့ အငြိမ့်မင်းသမီး ခိုးပြေးလာလို့ ရန်ဖြစ်ကြ ရော့တဲ့ဗျာ ဦးလေးဘသိန်းက ပြောနေတယ်။

အရေးထဲအရာပေါ် တပ်မှာနေတဲ့ မိန်းမပျိုတချို့ရော၊ အရပ်သူတွေထဲကကော ဗိုလ်မှူးကျော်ဇော သူနေတဲ့ နှစ်ဆောင်ပြိုင် အိမ်ကြီးမှာ ဘယ်လိုနေ ဘယ်လို အိပ်သလဲ အိမ်စောင့် ‘ကိုပါ ’ ကို တောင်းဆို အိမ်ထဲဝင်ကြည့်တာ၊ နောက်နေ့ ခဏမဆိုင်း ချက်ချင်းပဲ ကိုကိုရွှေက သူ့ခြံဝဂိတ်တံခါးမှာ ဆိ်ုင်းဘုတ်ချိတ်လိုက်တယ်။

“မိန်းမ မဝင်ရ” တဲ့။

ဝါးရုံပင်တွေကြား မျှစ်ချိုးနေတဲ့ ရဲဘော်လေးတွေက ပလွေမှုတ် သီချင်းဆိုကြတယ်။
‘မ’ဆိုရင် မုန်းတယ် xxx လောင်းဘုန်းမြတ်သူတော်စင်နှယ် xxx ရုပ်အဆင်းချောသူလေးရယ် xxx ထောင့်ငါးရာနဲ့ မချစ်ဝံ့ပါ တယ် xxx ရှောင်ဖယ်တိမ်းကာ စိတ်ထိန်းရတယ်xxx ခင့်ကိုမုန်းရင် ဒုက္ခငြိမ်းလိမ့်မယ် xxx ‘စောင်းတော်ရှင်’ ရုပ်ရှင်ကားထဲက ပြည်လှဖေဆိုတဲ့ သီးချင်းကို ဆိုနေကြလေရဲ့။

(၃)
● မိုးရေထဲမှာ တနေကုန် စစ်ဆင်ရေး
ကျွန်မတို့ ဦးလေးဦးတင်မောင်ကြီးအိမ်ကနေ ခဝဲခြံနေအိမ်ပြောင်းရွှေ့လာတဲ့အချိန် ကိုကိုရွှေနှင့် သူ့ရဲဘော်တွေ နှစ်ဆယ် အစိတ်လောက်ရှိမယ်။ စစ်ရေးလေ့ကျင့်ကြတာ ကျွန်မတို့တည်းအိမ် အိမ်ပေါ်ထပ် ပြတင်းပေါက်ကလှမ်းကြည့်ရင် အားလုံး လှုပ်ရှားမှုတွေကို မြင်နေရတယ်။ မြင်းပေါ်က ‘ကိုကိုရွှေ’ က အမိန့်ပေးလို့ တမနက်ခင်းလုံး အချိန်တော်တော် ကြာသွားပြီ။

“ဘယ်လှည့် ညာလှည့်”
“မှောက်”
“ဒူးထောက်”
“သေနတ် ပခုံးပေါ်ထား”
“မောင်းတင်”

အချိန်က တော်တော်နှောင်းသွားပြီ။ ထမင်းစားချိန်တောင် ကျော်သွားပြီထင်ပါရဲ့။ ကိုကိုရွှေက မြင်းပေါ်က အမိန့်ပေးတုန်း။ ရဲဘော်အချင်းချင်း ရွံ့အလူးလူးနဲ့မြင်းပေါ်က ကိုကိုရွှေကို အတင်းပြောနေကြတာ နှုတ်ခမ်းတွေ တဆတ်ဆတ်တုံမေးရိုက်သံနဲ့။

“သူကတော့ မိုးကာအင်္ကျီနဲ့မြင်းပေါ်ကအမိန့်ပေးတာ ပြီးကိုမပြီးနိုင်ဘူး”

“ဟုတ်ပါ့ ငါတို့လည်း နမိုးနီးယားနဲ့ သေတော့မယ်”

ရဲဘော်တွေအချင်းချင်း အပြန်အလှန်ပြောနေကြတာ၊ မြင်းပေါ်က ဗိုလ်မှူးမကြားလောက်ဘူးထင်နေတာ၊ အဲဒီအချိန်မှာ စောစောတုန်းက အပြန်အလှန်ပြောနေကြတဲ့ ရဲဘော်တွေကြားက ဗြုန်းဆို စစ်သားတယောက် မတ်တတ်ရပ်လိုက်တယ်။ ရဲဘော်တွေ အသံတိတ်ပြီး ကုပ်ပုဝင်သွားကြပါရော။
ဘုရား ဘုရား  ရွှံ့အလူးလူးနှင့်မတ်တတ်ရပ်လိုက်တဲ့ လူဟာ ဗိုလ်မှူးကျော်ဇောကိုယ်တိုင်ပဲ ဖြစ်နေပါရော့လား။ မြင်းပေါ် သူ့ကိုယ်စား ရဲဘော်တယောက်တင်ထားပြီး ဗိုလ်မှူးကျော်ဇောက ကိုယ်တိုင်ကိုယ်ကျ ရွှံ့ဗွက်အိုင်ထဲ စစ်ရေးလေ့ကျင့်နေ တာကိုး။ သူ့အရပ်ကလည်း ၅ ပေ ၁၁ လက်မ ကျော်ကျော် ၆ ပေဆိုပါတော့။

ဒီအကြောင်းအရာတွေ ကျွန်မ မမေ့နိုင်ပါ။ ကျွန်မ စစ်ပြီးစ အသက်အရွယ်ကြီးပြင်းလာတော့ ကိုကိုရွှေဟာ ဝိညာဉ်ချင်း ဆက်စပ်တဲ့ ကျွန်မရဲ့သူရဲကောင်းဖြစ်လာတာ “ဒို့တိုင်းဌာနီ” မှာ တွေ့ရမှာပင်။ ဒါကြောင့်လည်း ဦးလေးဘသိန်းက ကိုကိုရွှေ့ ကို မီးရထားခေါင်းတွဲကြီးရယ်လို့ပြောတာကိုး။ ကိုကိုရွှေ ကျွန်မတို့ကို သူ့အိမ်ခေါ်ထမင်းဖိတ်ကျွေးတော့ မေမေနှင့် ကိုကို ရွှေဟာ စာအကြောင်း နိုင်ငံရေးအကြောင်းပါ ပြောဆိုဆွေးနွေးကြပါတယ်။ ကိုကိုရွှေက ဖေဖေစာတွေအကြောင်းပြောရင်း …

“ဦးရေးတဲ့ ဝတ္ထုတွေထဲ ‘စစ်ထွက်သူ’ နဲ့ ‘သူပုန်ကြီး’ အကြိုက်ဆုံးပဲ၊ ‘ဒို့မေမေ’ တောင် နာမည်ကြီးပေမယ့် ဒါလောက်မဟုတ်ဘူး”

“ဟုတ်တယ် ဒါဆို ဒေါ်လေးနဲ့ ကိုရွှေ အယူအဆတူတယ်”

“မင်းကြီးရန်နောင်ရဲ့တော်လှန်ရေး ဒေါ်လေးကြိုက်မှာပေါ့”

“ကြိုက်တယ် ကြိုက်တယ် ဒေါ်လေးဖြင့် ခဏခဏ ပြန်ပြန်ဖတ်မိတယ်”

“ပြီးတော့ စောရသက်ပြင်းကော”

“ကိုရွှေရယ် ပြောကြတာပဲ စုံထောက်ဝတ္ထုတွေထဲ စောရသက်ပြင်းဆိုတဲ့စုံထောက်ဟာ ကိုလိုနီဆန့်ကျင်ရေးသမားမို့ ပိုပြီး စွဲလမ်းကြတာတဲ့”

ထမင်းဝိုင်းမှာ ကိုကိုရွှေနှင့် မေမေစကားလက်ဆုံပြောမကုန်။ ဒါတွေအားလုံး ကျွန်မ တိုက်ရိုက်မှတ်မိတာထက် မေမေက ပြန်ပြန်ပြောလို့ သိခွင့်ရတာပါ။ ပဲခူးစံပြတပ်မှာ မေမေနှင့် ကိုကိုရွှေရင်းနှီးမှုဟာ ပို၍ ပို၍ နီးစပ်လာပါတယ်။ ကိုကိုရွှေဟာ မေမေ့ရဲ့ဟီးရိုးပါ။ ကျွန်မကလည်း ပဲခူးမြို့မ ခဝဲခြံအရပ်ရပ် လှပခံ့ညားတဲ့ မြင်းညိုကြီးစီး လှည့်လည်တာ မမေ့။ ရံဖန်ရံခါ ကျွန်မတို့ဦးလေး ဦးတင်မောင်ကြီးနှင့် အန်တီငြိမ်းတို့အိမ် ညပြန်လာအိပ်တဲ့အခါ ကျွန်မတစ်ရေးနိုး မနက် ၃ နာရီထ အပေါ့ အပါးသွားချိန် …

“ဟော ကိုရွှေ ခုချိန်ထိမအိပ်သေးဘူး။ လက်နှိပ်စက်ရိုက်တာ ကြားလား”

မေမေက ကျွန်မကို လူကြီးသူမအရာသွင်း ပြောပြနေပါသေးတယ်။

(၄)
● သူလည်းလေ လောကီသားပေမို့
ကျွန်မတို့ ရန်ကုန်ပြန်ခါနီး ကိုကိုရွှေက မေမေ့ကိုကန်တော့ပြီး ကျွန်မတို့ညီအစ်မက ကိုကိုရွှေ့ကို ကန်တော့ပါတယ်။ ကိုကို ရွှေက ကျွန်မခေါင်းကို လက်နှင့်သပ်ပြီး …

“ကိုကိုတို့ မြန်မာနိုင်ငံအကျိုးဆောင်ရွက်နိုင်တဲ့ မိန်းကလေးတွေဖြစ်ပေါ်လာပါစေ” ဆုပေးတော့ ညီမဖြစ်သူ အေး (ခင်ဆွေ အေး) က ပဲခူးက မပြန်ချင်ဘူးဆိုပြီး ငိုပါတယ်။

“နောက်တခေါက် လာကြဦးပေါ့”

၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့လို့ ဖေဖေ့မှတ်စုစာအုပ်မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီနေ့ ဒီရက် ကိုကိုရွှေ မမသန်းစိန်နဲ့ လက်ထပ်တဲ့နေ့။ စစ်ရောင်ဂျစ်ကား နောက်ပိုင်း မမသန်းစိန်ပါလာပါတယ်။ အသားလတ်လတ် မျက်နှာလုံးလုံး ယဉ်စစနှင့် မိန်းမငယ်လေး။ ကျွန်မတို့ ညီအစ်မ ၄၇ လမ်းတိုက်ခန်းမှ အောက်ပြေးဆင်းပြီး သွားကြည့်ကြပါတယ်။ မမဒေါ်သန်းစိန်က ကျွန်မတို့ကို ပြုံးပြတယ်။

“အချိန်မရလို့ အပေါ်ထပ် မတက်တော့ဘူးနော်” တဲ့။

တစ်ပတ်လျှိုဆံထုံးထက်မှာ ရွှေဘီးစိုက်ထားပြီး ခြုံထည်ပဝါ ခြုံထားပါတယ်။ မမသန်းစိန်ကို ဒီအချိန်ထဲက စိတ်ချင်းနီး စပ်ခဲ့တာပါ။

၁၉၄၅ ခုနှစ် ဇန်နဝါရီလ ဖက်ဆစ်ဂျပန်တော် လှန်ရေးမှာ ပဲခူး၊ ရွှေကျင်၊ သထုံ၊ တောင်ငူတောင်ပိုင်းဒေသ တိုင်း ၄ စစ်ရေး တာဝန်ခံအဖြစ် ကိုကိုရွှေတာဝန်ယူခဲ့ပါတယ်။ တိုင်း ၄ နိုင်ငံရေးတာဝန်ခံမှာ သခင်ချစ်ဖြစ်ပါတယ်။ နောင်ကာလမှာ ဖေဖေ့ လျှို့ဝှက်ဖိုင်မှ မှတ်တမ်းမှတ်ရာကို မေမေက ဖတ်ပြီးပြောပြဖူးပါတယ်။

(၅)
● ဗိုလ်သူရနှင့် ဒို့တိုင်းဌာနီ
ကျွန်မ အရွယ်ရောက် ကြီးပြင်းလာတဲ့တစ်နေ့ ဝတ္ထုထဲက ဇာတ်လိုက်နာမည်ကို “ဗိုလ်သူရ” ရယ်လို့ ကျွန်မရေးခဲ့တာ အကြောင်းရှိပါတယ်။

ကျွန်မတို့ ကြည့်မြင်တိုင်အရပ်သား ကိုညိုရဲ့ စစ်ထဲနာမည်မှာ ဗိုလ်သူရဖြစ်ပါတယ်။ အသားညိုညို ပိန်ပိန်ပါးပါး အင်္ဂလိပ်တပ် များ မြန်မာနိုင်ငံမှဆုတ်ခွာအပြေး မြေလှန်စနစ် (Earth Scotch Policy) ရွှေတောင်မြို့မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါ တယ်။ Tank (တဲင့်) ကားတွေ ဘီးအောက် ဓာတ်ဆီလောင်းပြီး ရန်သူ့စစ်တပ်မှ စစ်သားများကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ရန်နိုင်တို့ ရွှေတောင်တိုက်ပွဲ အလွန်နာမည်ကြီးပါတယ်။ ကျွန်မဒီအကြောင်း ‘တိမ်တောက်ချိန်’ နာမည်နှင့် ဝတ္ထုရေးခဲ့ဖူးပါ တယ်။ ကျွန်မရေးခဲ့တဲ့ လုံးချင်းဝတ္ထုတွေထဲ ၁၇ အုပ်မြောက်ဖြစ်ပါတယ်။ ဒီသူရဲကောင်း ဇာတ်လိုက်နာမည် ဗိုလ်သူရဟာ ‘ဒို့တိုင်းဌာနီ’ ပထမဦးဆုံးလုံးချင်းဝတ္ထုမှာ ကျွန်မဖန်တီးခဲ့တာ ဖြစ်ပါတယ်။

သည်အကြောင်းအရာ ကျွန်မ ကိုကိုရွှေကို မပြောဖြစ်ခဲ့ပါ။ ဒို့တိုင်းဌာနီ ရေးဖို့ကို ကိုကိုရွှေဆီက အချက်အလက်ပေါင်းအများ ကြီး ရခဲ့ပါတယ်။ အသက် ၂၅ နှစ်ထဲက ကျွန်မကြိုးပမ်းခဲ့တာ အသက် ၂၈ နှစ်မှာရေးခဲ့တာ ဖြစ်ပါတယ်။ ကိုကိုရွှေနေထိုင်ခဲ့တဲ့မြောင်းမြလမ်းအိမ်ကို ကျွန်မ မကြာခဏရောက်သွားတတ်ပါတယ်။ ကိုကိုရွှေက စစ်ဆင်ရေးသေနင်္ဂဗျူဟာ (Military Strategy) ပြောပြရာမှာ အင်မတန်စိတ်ရှည်ပါတယ်။ ပုံကြမ်း (Diagram) တွေရေးဆွဲပြီး ကျွန်မကို ပြောပြပါတယ်။

ဒါတင်မက ကျွန်မနေထိုင်ရာ ၄၀၆ ဝေဇယန္တာလမ်းနေအိမ်ကို ကိုကိုရွှေ ဘတ် (စ်) စီး ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ကိုကိုရွှေ ဗိုလ်မှူးချုပ်ရာထူးမှ ထွက်လိုက်ရပြီဖြစ်ပါတယ်။ ကိုကိုရွှေချစ်တဲ့ ဖေဖေလည်း ဆုံးသွားတာ ကြာပါပြီ။ ကိုကိုရွှေ့အိမ်၊ ကိုကိုရွှေ့မိသားစု၊ ကျွန်မတို့ သားအမိတွေမှာ ဆွေမျိုးပမာ ဖြစ်လာကြပါတယ်။ အဲဒီတုန်းက အောင်ကျော်ဇောနှင့် ကျော်ဇော ဦးတို့ ၁၀ နှစ် ၁၁ နှစ် ရှင်ပြုတဲ့အရွယ်တွေပဲ ရှိပါသေးတယ်။

အသားလတ်လတ်၊ အရပ်မြင့်မြင့် (ခြောက်ပေနီးပါး) မျက်ခုံးကောင်းကောင်း၊ မျက်လုံးအရောင် တောက်တောက် ကိုကိုရွှေ ကိုမြင်ဖူးတဲ့ ကျွန်မသူငယ်ချင်းတွေက ကိုကိုရွှေကို အမေရိကန်ဇာတ်လိုက်မင်းသား ဂရေဂိုရီပက် (ခ်) နှင့် ဘယ်သူပိုလှသလဲ အငြင်းအခုန် ပြုကြပါတယ်။ မေမေက ကျွန်မသူငယ်ချင်းတွေကို ဝင့်ဝင်ကြွားကြွား ပြောကြားပါသေးတယ်။ ကိုကိုရွှေက သုံးဆယ်သားမို့ ….
သာယာဝတီ ဥက္ကံ၊ သုံးဆယ်
အပျိုချောတဲ့ လှိုင်ဘောလယ်
မေမေက သာယာဝတီ  ဥက္ကံ၊ သုံးဆယ် လူပျိုချောတဲ့ လှိုင်ဘောလယ်ရယ်လို့ ပြောင်းပြန် ခပ်နောက်နောက်ပြောခဲ့ သေး တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ‘ဒို့တိုင်း ဌာနီ’ ထဲက ဗိုလ်သူရဇာတ်ဆောင် ယနေ့တိုင် ရှင်သန်ဆဲဖြစ်ပါတယ်။ သမိုင်းစဉ်လာ တောက်ပြောင်တဲ့ ကိုကိုရွှေ၊ ဗိုလ်မှူးချုပ်ဟောင်း ဗိုလ်ကျော်ဇော သာမိုင်းခမ်းမှာ ဆရာဒဂုန်တာရာ ရေးခဲ့ဖူးပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဇောသည်
လူထုကိုရော၊ ပြည်သူတွေ ကိုရော၊
တိုင်းပြည်ကိုရော၊ ရိုးရိုးသားသားချစ်တဲ့
ငြိမ်းချမ်းရေးလိုလားတဲ့
စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ် တဲ့။

ခင်ဆွေဦး
ကလျာမဂ္ဂဇင်း ၂၀၁၂ ဒီဇင်ဘာ။

မှတ်ချက်
သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော အတွဲ (၂)။ နှင်းဆီနီစာပေ။ နှာ ၂၅၈။