Breaking News

နေသွင်ညိဏ်း - ကျနော်နဲ့ ဘောလုံးပွဲ

ကျနော်နဲ့ ဘောလုံးပွဲ
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၂

ကျနော်ဘောလုံးကန်တတ်တယ်လို့ ပြောရင် တချို့က မယုံကြဘူး။ တကယ်တော့ ကျနော်ဟာ တောင်ပံကစားသမားတယောက်ပါ။ ဝါသနာလည်း အလွန်ကြီးတယ်။ ဒါပေမယ့် တိုင်းနဲ့ပြည် နယ်ဘောလုံးပွဲတွေအထိ ကျနော်မကန်ခဲ့ရဘူး။ မှတ်မှတ်ရရ လေးတန်းနှစ်မှာ ကျောင်းအုပ် ဆရာကြီးဟာ အလွန်ဘောလုံးကန်တာကို ဝါသနာပါတဲ့ဆရာကြီး။ ညနေစောင်းရင် ဝီစီတလုံးနဲ့ တတန်းပြီး တတန်း အတန်းဆင်းခိုင်းပြီး ဘောလုံးကန်ခိုင်းတယ်။ ဆရာကြီးက ကျနော် ဘောလုံးကန်တတ်တာကို သိတယ်။ နောက်တော့ အတန်းပိုင်ဆရာမက ကျနော် စာတော်တာကို အာရုံလွှဲမှာစိုးလို့ ဆရာကြီးရဲ့တိုင်းနဲ့ပြည်နယ်အတွက် လေ့ကျင့်ပေးတဲ့ ဘောလုံးသမားတွေထဲကနေ ကျနော့်ကိုဖယ်ခိုင်းထားလိုက်တယ်။ အတန်းပိုင်ဆရာမကလည်း အင်မတန်တော်ပါတယ်။ သင်္ချာကိုမှတ်စုစာအုပ်မထားခိုင်းတဲ့ဆရာမပါ။ ကျောက်သင်ပုန်းနဲ့တွက်ပြီး ဖျက်ရတယ် ကျနော်တို့မှာ လေးတန်းနှစ်သင်္ချာမှတ်စုစာအုပ်မရှိပါဘူး။ အဲ့ဒီနှစ် လေးတန်းအစိုးရစစ်မှာ ကျနော်ဟာ အုပ်စုပထမရခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးနဲ့က အဲ့ဒီနှစ်မှာပဲ စလို့ လမ်းခွဲလိုက်ရတယ်လို့ ဆိုရမယ်။ 

လမ်းခွဲတယ်ဆိုပေမယ့် အလယ်တန်းကျောင်းသားဘဝမှာ ကျနော် ခြေထောက်ကောင်းနေတဲ့ရက်မရှိသလောက်ပါပဲ။ အမြဲတမ်း ခြေမတဖက် ခေါက်နေတတ်တယ်။ ကျောင်းသွားတဲ့အခါ၊ ကျူရှင်သွားတဲ့အခါ ထော့နင်းထော့နင်းနဲ့ သွားတော့ သူငယ်ချင်း ကောင်မလေးတွေက ပြုံးစစနဲ့ပေါ့။ ကျနော်လူပျိုပေါက်ဖြစ်နေပြီဆိုတော့ ရှက်တတ်နေပါပြီ။ ဒါပေမယ့် သူငယ်ချင်းတွေက ဘောလုံးကန်ဖို့ခေါ်ရင် ကျနော်ဟာ တခါမှမငြင်းခဲ့ဘူး။ ဘယ်ခြေနဲ့ကန်တဲ့ ညာတောင်ပံကစား သမားဟာ ကျနော်ပါပဲ။ 

ကျနော်တို့ခေတ်က ပီလီတို့ခေတ်၊ ကျနော့်ဝမ်းကွဲ အကိုတယောက်က ဘောလုံးကန်တာ အလွန် ထူးချွန်တယ်။ အသားကမည်းတော့ ကပ္ပလီလို့ခေါ်ကြတယ်။ သူ့အမေ ကျနော် အကြီးက သူ့တဦးတည်းသားကို ဒီလိုခေါ်တာ စိတ်ဆိုးတယ်။ ဒါပေမယ့် ကမ္ဘာကျော် ဘောလုံးသမား ပီလီနဲ့ နှိုင်းခေါ်တာပါလို့ ပြောမှ ကျေနပ်တော့တယ်။ သူက စာသင်တယ်ဆိုတာမရှိဘူး။ အမြဲတန်း ဘောလုံးကန်နေတာပဲ။ ဘောလုံးအမှတ်နဲ့ အတန်းတော့ နှစ်တိုင်းအောင်တယ်။ ဆယ်တန်းရောက်မှ တဘုန်းဘုန်းကျတော့တာပဲ။ ထားပါတော့။ကျနော့်ကို ချစ်တဲ့ အတန်းပိုင်ဆရာမက ကျနော့်ကို ဘောလုံးသမားထက် စာတော်တဲ့ကျောင်းသားဖြစ်အောင် လမ်း​ရွေးပေးလိုက်တာ ကျေးဇူးတင်ရမယ်။ ကျနော်ဟာ အတန်းတိုင်းမှာ စာတော်တဲ့ ကျောင်းသားဖြစ်လာတယ်။ အဆင့် ၁-၂ မရရင် အိမ်မှာ အဆူခံရတော့တာပဲ။ ဘောလုံးဟာ ဒုတိယ ဖြစ်လာတယ်။ 

ဘောလုံးကန်တဲ့နေရာမှာ တော်တဲ့သူငယ်ချင်းတွေရှိတယ်။ ဖိုးသောကြာက အလွန်အပြေးသန် တယ်။ အငြင်းထူတယ်။ အောင်ကိုလတ်က ကန်ချက်ပြင်းတဲ့နောက်တန်းသမား။ ဖိုးသောကြာကိုခံငြင်းဖို့သူက အဓိကကျတယ်။ နိုင်လင်းဦးက အမောခံနိုင်တဲ့ အလယ်တန်းသမား။ ကျနော်တို့ သိပ်တွဲကြတယ်။ အသင်းစီလည်း ကန်ကြတယ်။ မိုးတွင်း ကျူရှင်ပြီးရင် ဘောလုံးကန်ဖို့ အဝတ်အပို ထည့်သွားတယ်။ ဆောင်းတွင်းကျတော့ ပိုက်ကျော်ခြင်းခတ်တယ်။ ဖိုးသောကြာနဲ့ ကျနော်က ဗိုက်ကျော်ခြင်းကို တယောက်ချင်း စိန်ခေါ်လေ့ရှိတယ်။  

ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ ၃ နှစ်လောက်စောင့်ရတော့ ဇာတ်ခေါင်းကွဲသွားကြတယ်။ မိသားစုအခြေအနေအရ တလမ်းစီ ဖြစ်ကုန်တယ်။ တက္ကသိုလ်ကျတော့  တခြားစီ။ ကျနော်က အမှတ်မြင့်တဲ့ တက္ကသိုလ်ရောက်သွားတော့ ဟိုကောင်တွေနဲ့ ကွဲသွားတယ်။

တက္ကသိုလ်ရောက်တဲ့အခါမှာ ကျနော်က ဘောလုံးကိုကန်နေတုန်းပဲ။ ဒါပေမယ့် အတွေးအခေါ်က ပြောင်းသွားပြီ။ အဲ့ဒီအချိန်က ကျနော်ဖတ်နေတဲ့စာတွေကြောင့် ဘောလုံးပွဲမှာ အနိုင်ရဖို့က ကျနော့်အတွက် အရေးမကြီးတော့ဘူး။ ညနေဆို တက္ကသိုလ်ရှေ့က မြေကွက်လပ်မှာ ကျနော်တို့ လမ်းမီးတွေလင်းတဲ့အထိကန်တယ်။ ကျောင်းဘောလုံးပွဲမှာ အီးစီအသင်းရဲ့ ရှေ့တန်းတိုက် စစ်မှူးတွေထဲ ကျနော်လည်း တယောက်ပေါ့။ အီးစီက မိန်းကလေးများတာရယ်၊ အီစီးက ယောက်ျားလေးတွေဆိုတာကလည်း မိန်းကလေးဆန်ကြတာများတော့ 🙂) ကိုယ်တွေပဲ ရှိတယ်လေ။

အဲ့ဒီအချိန်က ကျနော် ကြိုက်တဲ့ ဇာတ်ကောင်တယောက်ရှိတယ်။ တာရာမင်းဝေရဲ့ ဇာတ်လိုက် ချမ်းငြိမ်းလား၊ ငြိမ်းချမ်းလားမမှတ်မိ။ သူက အတန်းထဲမှာ ထောင့်ဆုံးနောက်ဆုံးခုံထိုင်တယ်။ စကားနည်းတယ်။ စာမေးပွဲမှာ အလွယ်ဆုံး မေးခွန်းတွေမဖြေဘူး။ အောင်မှတ်အတွက် ၄၀ ဖိုး ပေးထားတယ်ဆိုရင်သူက တခြား ၆၀ ဖိုးကိုပဲ ဖြေတယ်။ ဒီလိုနဲ့ သူဟာ အတန်းထဲမှာ အလယ် အလတ် မထင်မရှားပဲ။ ဒါကို အတန်းပိုင်ဆရာမကလွဲလို့ ဘယ်သူမှသတိထားမထားမိခဲ့ဘူး။ သူက ဘောလုံးပွဲကြည့်တဲ့အခါလည်း သူ့ကျောင်းအသင်းနဲ့ တခြားကျောင်းအသင်းပြိုင်ရင် တခြားကျောင်းသားတွေလို ကိုယ့်ကျောင်းအသင်းဘက်မကြည့်ဘူး။ ဘောလုံးပွဲပြီးလို့ ကိုယ့်ကျောင်းအသင်းရှုံးလို့ တခြားလူတွေ ပေါက်ကွဲနေပေမယ့် သူက အေးဆေး။ လောကကို သူနားလည်ထားပုံက တခြားလူနဲ့မတူဘူး။ ထားတော့။ ကျနော်က သူ့ကို သိပ်ကြိုက်နေတယ်။

ဒီလိုနဲ့ မေဂျာအလိုက် ဘောလုံးပွဲ ကန်တဲ့အခါ ကျနော်ဟာ ဘောလုံးသမားလိုတဲ့အသင်းကနေ ဝင်ကန်တော့တာပဲ။ အီးစီအသင်းနိုင်ဖို့က အရေးမကြီးတော့ဘူး။ နိုင်နိုင်ခြေနည်းတဲ့ အသင်းတွေမှာ ကျနော်က လူလိုရင် ဝင်ကန်ပေးတယ်။ ဂိုးသမားမရှိရင် ဂိုးဝင်ဖမ်းတော့ အီးစီအသင်းက တချို့ကောင်တွေက ကျနော့်ကို အပြစ်ပြောကြတယ်။ ကျနော် ဝင်ကန်ပေးတဲ့ အသင်းတွေကလည်း အဓိကပြိုင်ဖက်ဖြစ်လို့မဟုတ်ပါဘူး။ ကိုယ့်အသင်းနေ့ကျရင် ပန်းနေမှာစိုးလို့တဲ့။ ဒါပေမယ့် ချန်ပီယံဟာ ကျားကျားလျားလျားတွေများတဲ့ မက္ကနီကယ် သို့မဟုတ် မြို့ပြဆိုတာ အားလုံးသိပြီးသားပဲလေ။

အစကို ပြန်ကောက်ရရင် ကျနော်ဘောလုံးကန်တာကို တချို့က မယုံဘူး။ ကျနော်ဟာ တချိန်က ဂိုးသွင်းတဲ့ ညာတောင်ပံသမားတယောက်လို့ပြောရင် လူတွေက ဟားကြတယ်။ ဟုတ်ပါ့မလားပေါ့။ တချို့ဂိုးတွေကို ကျနော်နောက်ကျွမ်းထိုးပြီး သွင်းဖူးပါတယ်လို့ ပြောရင် ပိုရယ်ကြမှာပေါ့။ 

ဟုတ်ပါတယ်။ ကျနော် ဘောလုံးပွဲများစွာကန်ဖူးပါတယ်။ ဒဏ်ရာတွေလည်း ရဖူးပါတယ်။ အနိုင်ရအောင်ကန်တဲ့ပွဲတွေ၊ သရေကျအောင်ကန်တဲ့ပွဲ၊ အရှုံးပေးကန်တဲ့ပွဲ စသဖြင့် ကျနော် ကန်ဖူးတဲ့ ဘောလုံးပွဲတွေ များစွာရှိပါတယ်။ မန်ယူပရိသတ်၊ အာဆင်နယ် ပရိသတ်၊ အင်္ဂလန်ပရိသတ်၊ အာဂျင်တီးနားပရိသတ်၊ ပြင်သစ်ပရိသတ် အစုံကြိုက်ဖူးပါတယ်။ အသင်းစုံကို အား ပေးတော့ တချို့က ကျနော့်ကို နားမလည်ကြဘူး။ ကျနော်က ကျနော်ကြိုက်တဲ့ဘောလုံးသမားရှိတဲ့အသင်းဆို အကုန်အားပေးတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့နှစ်သင်းဆုံတဲ့အခါ သူများတွေလိုလိုက်အော်ချင်လို့ ဘောလုံးပွဲလောင်းကြေးလေး နည်းနည်းထည့်ထားရတယ်။ ဒါပေမယ့် ဘယ်အသင်းနိုင်နိုင် ကျနော်က ကိစ္စမရှိပါဘူး။ အဲ့ပွဲမှာ ကျနော့်ကြိုက်တဲ့ ဘောလုံးသမားက ဘယ်လိုကန်သလဲ။ ကျနော်ကြိုက်တဲ့တကွက်လောက်ပါရင်ပဲ နိုင်နိုင်ရှုံးရှုံးအဆင်ပြေတယ်။ 

ကျနော် ကြိုက်တဲ့ ဇာတ်လိုက်ဟာ ဘောလုံးပွဲကိုကြည့်တဲ့အခါ နှစ်ဖက်ဘောလုံးအသင်းတွေရဲ့ ဘောလုံးပညာကိုပဲ ဂရုတစိုက်ကြည့်တယ်။ ကျနော်လည်း ဘောလုံးပွဲမှာ ညစ်တဲ့ ကောင်၊ ဟန် ဆောင်လဲချတဲ့ဘောလုံးသမားဆိုရင်  ဘယ်လောက်တော်တော် အထင်မကြီးတော့ဘူး။ 
နောက်ပိုင်း ဘောလုံးပွဲတွေ သိပ်မကြည့်ဖြစ်တော့ပေမယ့် လူ့ဘဝကို ဘောလုံးပွဲလိုပဲ ကြည့်တတ်လာတယ်။ ကျနော့်ရဲ့ ဘောလုံးဒဿနဟာ ကျနော်ရဲ့ ဘဝဒဿန ဖြစ်လာတယ်ဆိုပါတော့။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar