Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း

(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂


ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ ဖမ်းဆီးခံထားရ၊ ရခိုင်က အပြန်အလှန်ဖမ်းဆီးမှုတွေ ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သာထားဖို့ အာဆီယံတိုက်တွန်း  

ကယားပြည်နယ် လွိုင်လင်လေး ကျေးရွာမှာ စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး စာသင်ကြားနေတဲ့ ကျောင်းက စာသင်ကြားနေတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖွဲ့စည်းထားတဲ့ KSP လို့ခေါ်တဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့နဲ့ KNDF တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၃ ရက်ဝန်းကျင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းတွေ မှာပါရှိလာပါတယ်။ 

ကယားပြည်နယ် မှာ NUG ဘက်က ဖွင့်လှစ်တဲ့ ကြားကာလပညာရေး ကျောင်းတွေ ရှိပြီး ကရင်နီပညာရေးဘုတ် အဖွဲ့က ဖွင့်လှစ်တဲ့ ကျောင်းတွေလည်း ရှိပြီးဖြစ်လို့ အခုလို စစ်ကောင်စီဘက်က ဖွင့်လှစ်တဲ့ကျောင်းကို ကရင်နီလက်နက်ကိုင် အဖွဲ့နဲ့ KSP က ဖမ်းဆီးတာလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ KSP က တော့ ကျောင်းဆရာ/ ဆရာမတွေကို ကောင်းမွန်စွာထားရှိပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ 

ပညာရေးဝန်ထမ်းတွေကို အရပ်ဘက် ဝန်ထမ်းတွေကို အခုလို ဖမ်းဆီးတာဟာ စစ်ကောင်စီဘက်က လုပ်တဲ့ လုပ်ရပ်မျိုးနဲ့ အလားသဏ္ဍာန်တူနိုင်ပြီး အကြောက်တရားရရှိအောင် လုပ်ဆောင်တာမျိုး ဖြစ်စေလို့ အချို့သော သူတွေက ဝေဖန်ထောက်ပြနေကြတာလည်းတွေ့ရပါတယ်။ 

အခုလို ပဋိပက္ခဖြစ်ပွားနေချိန်မှာ ဖမ်းဆီးခံရတဲ့အခါ အသက်အန္တရာယ်အထိ စိုးရိမ်မှုတွေ ရှိကြတာဖြစ်ပြီး စစ်ကောင်စီကတော့ လက်နက်ကိုင် လှုပ်ရှားမှုမှာ ပါဝင်သူ၊ ထောက်ပံ့သူ၊ အားပေးသူတွေသာမက အကြမ်းမဖက် အတိုက်အခံနိုင်ငံရေး လှုပ်ရှားသူတွေအထိ ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး တဖက်က တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုမျိုးနဲ့ အလားသဏ္ဍာန်တူတဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုးတွေကို မလုပ်ဆောင်စေချင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တဖက်မှာ ပညာရေးဝန်ထမ်းလည်း ဖြစ်ပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေ နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ကျောင်းပညာရေးမှာ စစ်ကောင်စီကို သပိတ်မမှောက်ပဲ စာသင်ရုံမျှနဲ့ ဖမ်းဆီးခံရတာမျိုးကို မဖြစ်စေလိုတာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့အဖွဲ့အစည်းဘက်ကတော့ စစ်ကောင်စီယန္တရား လည်ပတ်ရေးကို လုပ်ဆောင်သူတွေကို ခွင့်မပြုနိုင်ဘူးလို့ ဆိုတဲ့ အကြောင်းပြချက်ပြောဆိုထားပြီး ပညာရေး လုပ်ဆောင်တာကို စစ်ကောင်စီရဲ့ ယန္တရားလို့ သတ်မှတ်မယ် မသတ်မှတ်ဘူးဆိုတာတော့ အငြင်းပွားစရာ ရှိနိုင်ပါတယ်။ 

တော်လှန်ရေးမှာ အနိုင်ရဖို့က ပထမအရေးကြီးပြီး ကျင့်ဝတ်စံအရ အမြင့်ဆုံး ကျင့်ကြံခြင်း Moral High Ground ရှိစရာ မလိုဘူးဆိုတဲ့ အယူအဆမျိုး အမြင်မျိုးလည်း ရှိကြတာ အဲဒီရှုထောင့်က ထောက်ခံပြောဆိုကြတာတွေလည်း ရှိနေကြပြီး အချို့ကတော့ စစ်ကောင်စီရဲ့ အပြုအမူမျိုး မိမိတို့တော်လှန်ရေးဘက်က မပြုမူမိဖို့ ၊ စံနှုန်းတွေ တန်ဖိုးတွေ လေးစားဖို့ကို အမြဲတမ်းလိုအပ်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဓမ္မနဲ့ အဓမ္မလို့ဆိုကြရာမှာ ကျင့်ဝတ်စံနှုန်းအမြင့်ဆုံးကျင့်ကြံ ဖို့လိုတယ်လို့ ယူဆကြတာလည်း ဖြစ်ပါတယ်။ 

NUG အနေနဲ့တော့ ပညာရေး နဲ့ သက်ဆိုင်တဲ့ နေရာတွေကို ဖောက်ခွဲတာ တိုက်ခိုက်တာ၊ ပညာရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာတွေကို လက်မခံကြောင်း ပြီးခဲ့တဲ့လက ထုတ်ပြန်ကြေညာချက်တရပ်နဲ့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ သို့ပေမယ့် အများအပြားသော ဒေသတွေက လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NUG ရဲ့ လက်အောက်က တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးမှုမရှိတာကြောင့် မိမိတို့အဖွဲ့က မိမိတို့မူနဲ့ လုပ်ဆောင်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက် ဒီအဖြစ်အပျက်ကို လေ့လာရင် NUG အနေနဲ့ မူဝါဒပိုင်းဆိုင်ရာမှာ အထက်မှအောက်ထိ ညွှန်ကြားနိုင်ဖို့ အရေးကြီးသလို အောက်ခြေမှာ ဖြစ်ပျက်တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့လည်း တာဝန်ယူခံမှု ရှိဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားလာတဲ့သဘောဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ဖမ်းဆီးမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းဖြစ်ပွားခဲ့ပြီး အခုချိန်ထိဆိုရင် စုစုပေါင်း လူ ၆၀ လောက် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုမှာ ဖမ်းခံထားကြရတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

စစ်တပ်ဘက်က အရာရှိအပါအဝင် တပ်သားတွေ ရဲတွေ အဖမ်းခံရသူ ၂၀ လောက်ရှိပြီး AA နဲ့ ဆက်စပ်သူလို့ သံသယနဲ့ စစ်ကောင်စီဘက်က လက်တုံ့ပြန် ဖမ်းဆီးထားသူ ၄၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ 

ခုလို အပြန်အလှန်ဖမ်းဆီးမှုတွေက လက်နက်ကိုင် တိုက်ပွဲလိုမျိုး ကို ရှောင်လွှဲပြီး တဖက်နဲ့တဖက် အားပြိုင်နေကြတာမျိုး လို့ကောက်ချက်ချမယ်ဆို ချနိုင်မှာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ချင်း နယ်မြေစိုးမိုးမှုအတွက် တိုက်ခိုက်တာမျိုးတွေတော့ မတွေ့ရသေးပါဘူး။ လတ်တလောမှာ အဲဒီအနေအထားမရောက်သေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလို အဲဒီလိုအခြေအနေမျိုးကို ၂ ဖက်က ရှောင်ရှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီလို တဖက်နဲ့တဖက် အပြန်အလှန် ဖမ်းဆီးမှုတွေကြောင့် စစ်တွေ၊ ကျောက်တော်နဲ့ မြောက်ဦးလိုမြို့တွေမှာ လူအသွားအလာ မရှိသလောက် ဖြစ်ကုန်ကြပြီး စျေးတွေ ဆိုင်တွေ ပိတ်ထားကြကာ အသွားအလာရှင်းနေတဲ့ မြင်ကွင်းမျိုးတွေ သတင်းတွေထဲတွေ့မြင်နေကြရပါတယ်။ စစ်ကောင်စီအနေနဲ့ အခြားသော ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ PDF တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ရခိုင်ကို ဖြစ်နိုင်ရင် လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ရှားချင်လိမ့်မယ်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။ တခြားရှုထောင့်တခုက စစ်ကောင်စီဘက်မှာ လုံလောက်တဲ့ အင်အားမရှိခြင်းကြောင့်လည်း ရခိုင်မှာ လက်နက်ကိုင် တိုက်ပွဲတွေ အရင် ၂၀၁၈၊ ၁၉ ခုနှစ်တွေကလို ဖြစ်ပွားဖို့ အဆင်သင့်မရှိဘူးလို့ ယူဆချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေအိမ် အကျယ်ချုပ်လိုနေရာကနေ နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ်သာပြန်ထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် ဖြစ်တဲ့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းက တောင်းဆိုလိုက်တဲ့ သတင်းနဲ့ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူက အဲဒီတောင်းဆိုချက်ကို ပယ်ချလိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံရပြီး။ တနှစ်ကျော်ကြာမှ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင် ကို ဘာကြောင့် ပြောင်းရွှေ့ ရသလဲဆိုတာ မသိရှိနိုင်ပေမယ့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အကျပ်အတည်းထွက်ပေါက်အတွက် ကြားခံသူအဖြစ် အသုံးပြုဖို့ မျှော်လင့်မှု ယူဆမှု မထားတော့တာကြောင့်လား ဆိုတဲ့ မှန်းဆမှုလည်း ရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar