Breaking News

Kachin State Youth Assembly ဥက္ကဋ္ဌ မဆိုင်းနူးပန်နှင့် တွေ့ဆုံခြင်း



မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာပြီး နောက်တစ်ရက်တွင် ထောင်တွင်း အတွေ့အကြုံများ ရှင်းလင်းနေသည့် မဆိုင်းနူးပန်

Kachin State Youth Assembly ဥက္ကဋ္ဌ မဆိုင်းနူးပန်နှင့် တွေ့ဆုံခြင်း

 ဖြိုးသီဟချို ၊ Myanmar NOW

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၉


ရှေ့နေလည်းဖြစ်၊ Kachin State Youth Assembly ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မဆိုင်းနူးပန်နှင့် အခြားကချင်လူငယ်ခေါင်းဆောင် ကိုပေါလုတို့သည် ယခုနှစ် ဇွန်လဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအကြောင်း တေးသရုပ်ဖော် တင်ဆက်သည့်အတွက် စက်တင်ဘာလ အစောပိုင်းတွင် မြစ်ကြီးနားမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သည်။

မဆိုင်းနူးပန်မှာ မြစ်ကြီးနားအကျဉ်းထောင်မှ ယခုလ ၁၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကိုပေါလုမှာ တရားခွင်တွင် တရားသူကြီးကို ကြိုးတစ်ဖက်ပြတ်နေသောချိန်ခွင် ပေးခဲ့ခြင်းကြောင့် တရားစီရင်ရေး ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားနှောင့်ယှက်မှု (ပုဒ်မ ၂၂၈) အရ ထောင်ဒဏ် သုံးလ ထပ်မံ ကျခံခဲ့ရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် မဆိုင်းနူးပန်ကို Myanmar Now သတင်းဌာနက မြစ်ကြီးနားမြို့တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ထောင်တွင်း အခြေအနေ၊ တရားစီရင်ရေး စနစ်၊ ထောင်ဒဏ် ကျခံနေရသူ ကိုပေါလုတို့၏ အခြေအနေများကို မေးမြန်းထားပြီး ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

MYANMAR NOW ။ ။ ငြိမ်းစုစီနဲ့ တရားစွဲဆိုခံရတဲ့ အချိန်မှာ တရားရင်ဆိုင်ခဲ့ရတာကို ရှေ့နေတစ်ဦးရဲ့ အမြင်နဲ့ ဘယ်လိုမြင်ပါသလဲ။
မဆိုင်းနူးပန် ။ ။ မြို့နယ်တရားရုံးကနေ ပြည်ထောင်စုတရားရုံးထိ အကုန်လုံးပြင်ရမယ်။ လူရော၊ မူရောပြင်ရမယ်။ ကျွန်မကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက်ကြောင့် လေ့လာတဲ့အခါမှာ အမှုအများပိုင်းက မတရားမှု၊ အကျင့်ပျက် ခြစားမှုတွေ၊ ဥပဒေတွေကို အလွဲသုံးစားမှု၊ အာဏာကို အလွဲသုံးစားမှုတွေ အများကြီး တွေ့နေရတယ်။ အာဏာကို အလွဲသုံးစားမှုဆိုတဲ့အခါမှာ ပုဒ်မ ၁၇ (မတရားသင်းဆက်သွယ်မှု) တို့၊ ကိုလွမ်းဇောင်းတို့ ဒေါ်နန်ပူတို့ အမှု (ပုဒ်မ ၅၀၀ - စစ်တပ်အသရေဖျက်မှု) ဆိုရင် ဒါ အာဏာအလွဲသုံးစားမှုတွေ ဖြစ်တယ်။ တရားစီရင်ရေးဆိုတာက ပြည်သူလူထုက အားကိုးရမယ့်နေရာ ဖြစ်တယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အားကိုးစရာနေရာ မဟုတ်ဘဲနဲ့ ယုံကြည်လို့ရမယ့်နေရာ မဟုတ်ဘဲနဲ့ ကိုးစားလို့ရမယ့်နေရာ မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ပြောင်းပြန် အန္တရာယ်ပေးမယ့် စနစ်တစ်ခုလိုမျိုး ဖြစ်နေတာကို တွေ့ရတယ်။

MYANMAR NOW ။ ။ မြစ်ကြီးနား အကျဉ်းထောင်အတွင်းက ထောင်တွင်းအခြေအနေ ဘယ်လိုရှိပါသလဲ။
မဆိုင်းနူးပန် ။ ။ ကျွန်မအနေနဲ့ကတော့ နိုင်ငံရေးအမှုနဲ့ ဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့ တော်တော်လေး သတိထားရတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမဲ့ ထောင်မှာရှိနေတဲ့ လူတွေက နှစ်များတဲ့လူတွေပေါ့နော်။ သူတို့ဆိုရင်တော့ တော်တော်လေး ဒီထောင်က ဝေယျာဝစ္စကစပြီး သန့်ရှင်းရေးကအစ လုပ်ပေးရတယ်။ တကယ်လို့ မလုပ်ခဲ့ဘူးဆိုရင် ထောင်ကအာဏာပိုင် ဝန်ထမ်းတွေက ပစ္စည်းတွေနဲ့ ပေါက်တာမျိုး ရှိတယ်။ ကျွန်မ ပထမဆုံးရောက်တဲ့ ညမှာ ဘေးက အမျိုးသမီးတစ်ယောက်က နားမကြားဘူး။ သူ့ရဲ့ နာမည်ခေါ်တဲ့အခါမှာ သူက မကြားတဲ့အတွက်ကြောင့် မထူးလိုက်ဘူး။အဲဒါကို စာရင်းစာ အုပ်အကြီးကြီးနဲ့ ပေါက်ပစ်လိုက်တဲ့ဟာမျိုး ရှိတယ်။ ကျွန်မတောင်မှ တော်တော်လန့်သွားတာ။ အပြင်မှာ မမြင်ဘူးဖူး။ တကယ်တန်း ဒီမှာဖြစ်နေတဲ့ အပိုင်းတွေ ရှိတယ်။

အိပ်တဲ့အခါမှာလည်း အချုပ်တို့ဆိုရင် ဝင်လာတာနဲ့ အိပ်ရာဝယ်ရတဲ့ဟာမျိုးပေါ့။ တကယ်လို့ ပိုက်ဆံမပေးနိုင်ဘူးဆိုရင် အိမ်သာမှာ သွားအိပ်ရတယ်။ အိမ်သာဆိုရင် ကျွန်မက ဒီဘက် ထိပ်သီးမှာ အိပ်တယ်။ အိမ်သာက ကျွန်မနဲ့ဆိုရင် ပေ ၇၀၊ ၈၀ လောက် ကွာတယ်။ အဲဒါတောင်မှ ကျွန်မဆိုရင် အနံ့မခံနိုင်ဘူး။ အနံ့က အရမ်းကို ပြင်းထန်တယ်။ လူက ၄၀၀ ကျော်ရဲ့ အနံ့နဲ့ဆိုတော့ လူအနံ့နဲ့ အိမ်သာအနံ့နဲ့ အဲဒီလောက်ဆိုးနေတာ အဲဒါကို ဘေးနားမှာ အိပ်ရတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့၊ လူတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမှာလဲ။

ကျွန်မမြင်တာက တကယ်တန်း အပြစ်ရှိလို့ ထောင်မှာဝင်ပြီး ခံစားနေရတယ်ဆိုရင် ကျွန်မ လက်သင့်ခံလို့ ရသေးတယ်။ အခုလေ့လာကြည့်တဲ့အခါမှာ ဘာအပြစ်တစ်ခုမှ မလုပ်ထားဘဲနဲ့ မကျူးလွန်ထားဘဲနဲ့ ထောင်မှာ ရောက်တဲ့လူတွေ အများကြီးရှိနေတယ်။ ဒါရဲ့လက်သည်က ဘယ်သူလဲဆိုရင် ရဲတွေဖြစ်နေတာကို တွေ့ရတယ်။ သူတို့ဘက်ကနေ တစ်လမှာ ဘယ်နှမှုရှိရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ရှိတယ်။ အဲဒီအချိန်ကျတော့ ဒီအမှုကို ပြည့်ဖို့အတွက် ဘာမှအပြစ်မရှိတဲ့လူတွေကို အသုံးချတဲ့အပိုင်းတွေ အများကြီးတွေ့ရတယ်။

အသုံးချတဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ မဟုတ်ဘူး။ နှစ်က ဆယ်နဲ့ချီပြီးတော့မှ ရောက်နေရတယ်ဆိုတဲ့ဟာမှာ သူတို့ရဲ့ဘဝက အသက်တွေရှင်နေတယ်။ ဘဝတွေသေနေပြီးသား။ သူတို့ တကယ်တန်း ထွက်လာတဲ့အခါမှာ ဘာလုပ်စားလို့ရမလဲ။ နှစ်ရှည်နဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၁၀ နှစ်ကျော် အဲ့ဒီကနေ ပြန်ထွက်လာတဲ့အခါမှာ တကယ်တမ်း မြေပြင်အခြေအနေနဲ့ အရမ်းကွာခြားသွားတယ်။ သူတို့ဘက်ကနေ ဘယ်လိုမှ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။

MYANMAR NOW ။ ။ အကျဉ်းသူတွေက ဘယ်လို ပြစ်မှု၊ ပြစ်ဒဏ်တွေများလဲ။ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် များနေလဲ။
မဆိုင်းနူးပန် ။ ။ ၆၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ၄၀ ရာခိုင်နှုန်းက အသက်ကြီးတဲ့ အမျိုးသမီးတွေ ဖြစ်မှာပေါ့။ အဲဒါကြောင့် ၆၀ ရာခိုင်နှုန်းလောက် ရှိမယ်။ အများပိုင်းကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးမှ ရောက်တယ်။ လူက ၄၅၄ ယောက်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးမှ ၃၈၀ ကျော်လောက် ရှိတယ်။ ၉၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ခံရတဲ့ အကျဉ်းသူတွေ ဖြစ်တယ်။

MYANMAR NOW ။ ။ ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဘယ်နှဦးလောက် တရားစွဲဆိုခံထားရသလဲ။ ကိုပေါလုရဲ့အခြေအနေရော ဘယ်လိုရှိပါသလဲ။
မဆိုင်းနူးပန် ။ ။ ငြိမ်းစုစီ (ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ) နဲ့ ပတ်သက်ပြီးတော့မှ ကိုပေါလုနဲ့ ကျွန်မနဲ့က ပထမဆုံးဖြစ်တယ်။ သူတို့ထောင်ဝါဒါတွေတောင်မှ ငြိမ်းစုစီ ဘာလဲဆိုတာတောင် မသိဘူး။ တော်တော်လေး အံ့ဩသွားတာပေါ့။ 'ငြိမ်းစုစီ ဘာအမှုလဲ' တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးအမှု ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ပုဒ်မ ၁၉ ဖြစ်တယ်။ ရက်ပေါင်း ၁၅ ရက် ဖြစ်တယ်ဆိုတာကို သူတို့ကို ပြန်ရှင်းပြရတဲ့ အခြေအနေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးမှ ကျွန်မတို့က ပထမဆုံးဖြစ်တယ်။ ကိုပေါလုရဲ့အခြေအနေက ကျွန်မကကျတော့ လူတွေကို စကားပြောလို့မရတာပဲ ရှိတယ်။ ဒါပေမဲ့ ဆယ်ပေပတ်လည် အခန်းထဲမှာ လွတ်လွတ်လပ်လပ်တော့ နေလို့ရတယ်ပေါ့နော်။ လူတော့တွေ့ရတယ်။

သူတို့ရဲ့အသံ ကြားရတယ်။ ဒီလောက်တော့ ခံသာတယ်ပေါ့။ ဒါပေမဲ့ ကိုပေါလုကတော့ တိုက်ပိတ်မှာ ရှိတယ်။ ဒီတိုက်တစ်ခုလုံးမှာ သူတစ်ယောက်ပဲရှိတယ်။ သူ့ကို ဝေယျာဝစ္စလုပ်ပေးဖို့ ဘာယာ(အကျဉ်းထောင်အာဏာပိုင်ကို ကူညီရသည့် အကျဉ်းသား) တစ်ယောက် ထားပေးတယ်။ ဒါပေမဲ့ အခန်းတော့ တူတူမထားဘူးပေါ့။ တစ်ခန်း တစ်ခန်းစီ ထားပေးတယ်။ လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကြာလာရင်တော့ ကျွန်မကတော့ စိုးရိမ်စရာ ဖြစ်မိတယ်။ ကိုလွဏ်းဇောင်းတို့ ဆိုရင်ကတော့ သုံးယောက်လောက် အတူနေလို့ရတယ်။ စကားပြောလို့ရတယ်။ စကားပြောဖော် ပြောဖက်ရှိတယ်။ လူကြည့်လို့ရတယ်ပေါ့နော်။ ကိုပေါလုကျတော့ တိုက်ပိတ်မှာ ညနေ ၅ နာရီဆိုရင် ပိတ်ပြီ၊ မနက် ၆ နာရီ၊ ၇ နာရီလောက်မှ ဖွင့်ပေးတာဆိုတော့ တစ်ညလုံး စာအုပ်တစ်အုပ်နဲ့ပဲဆိုတော့ သူရဲ့ ကျန်းမာရေးအခြေအနေကို တော်တော်လေးတော့ စိုးရိမ်မိပါတယ်။

MYANMAR NOW ။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
မဆိုင်းနူးပန် ။ ။ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုတော့ တားဆီးပိတ်ပင်တာမျိုး မလုပ်သင့်ဘူးလို့ ကျွန်မမြင်တယ်။ ပြည်သူလူထု အားလုံးကလည်း ဖိနှိပ်ချုပ်ခြယ်မှု အရမ်းများလာတဲ့အခါမှာ အန်ထွက်ချင်လာတဲ့ အပိုင်းတွေ ရှိလာတယ်။ ဒီလိုအန်ထွက်တဲ့အခါမှာလည်း ပရမ်းပတာမဟုတ်ဘဲနဲ့ အခုလိုမျိုး ကိုယ့်ရဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အစိုးရအနေနဲ့ နားလည်သဘောပေါက်ပြီးမှ ဒါက ဘယ်လိုဖြစ်သင့်တယ်ဆိုတာ သူတို့ဘက်ကနေ စဉ်းစားဆင်ခြင်ပြီး ဒါကို အကောင်းဆုံးလုပ်သွားနိုင်ရင်တော့ ကျွန်မအနေနဲ့ တော်တော်လေး ပြည်သူလူထုကြားမှာရယ် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကြားမှာရယ် တန်းတူညီမျှမှုကြားမှာရယ် အကုန်လုံးက သင့်တင့်လျောက်ပတ်တဲ့ တစ်ခုခု ဖြစ်သွားနိုင်လိမ့်မယ်လို့ ကျွန်မမြင်တယ်။

ဒါမှမဟုတ်ရင် တစ်ဦးနဲ့တစ်ဦး ထိခိုက်ရှနာဖြစ်တဲ့ ဖြစ်ရပ်တွေ ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ဒါတွေဟာ တော်တော်လေး သတိထားရမယ့် ထိရှလွယ်တဲ့ ပြဿနာတွေလို့ မြင်တယ်ပေါ့နော်။ နောက်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီးမှ လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဘယ်သူမှ ချုပ်ခြယ်တဲ့ဟာ မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်တဲ့ဟာ မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ အကောင်းဆုံး မျှော်လင့်ချက်ထားနိုင်တဲ့နေရာတစ်ခု ဖြစ်စေချင်ပါတယ်။


ဖြိုးသီဟချို
ဖြိုးသီဟချိုသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။