Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၅)



ဦးကောဝိဒ (မစိုးရိမ်ဆရာတော်ကြီး)

ဦးရာဇဓမ္မ (မစိုးရိမ်ဆရာတော်ကြီး)


ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၅)

နဝုတိပတ္တကတော့ အခုထိ အမှတ်ရစရာပါ 

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၀

ကံဆောင်ကမ္မဝါ ရွတ်ဖတ်ရမယ့် အစီအစဉ် အရောက်မှာ အခမ်းအနားမှူးက "သက်တော်ကြီးရင့် ဝါတော်တင့်တဲ့ ဆရာတော်ကြီးများက သိမ်အတွင်း ဝင်ရောက် ရွတ်ဖတ် ကံဆောင်ပေးကြပါရန်နဲ့ အခမ်းအနားမှာ ကြွလာကြတဲ့ သံဃာတော်များအနေနဲ့ကလဲ "မြဲရာ သံပတ်" ဖြစ်စေလိုတာကတစ်ကြောင်း၊ ဒို့တစ်တွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကြီးနဲ့ ကြုံတဲ့အခိုက် ကိုယ်တိုင် ကမ္မဝါကို ရွတ်ဖတ်ပေးပြီး မှတ်တမ်းရေးထိုးပေးခဲ့တယ်ဆိုတဲ့ သမိုင်းအမှတ်တရလေး ဖြစ်စေလိုတာကတစ်ကြောင်းကြောင့် သိမ်ထဲမှာ ဆရာတော်တွေ ရွတ်ဖတ်နေချိန်မှာ အားလုံး ညီညီညာညာ ရွတ်ဖတ်ပေးကြဘို့ ရိုသေ လေးမြတ်စွာ လျှောက်ထား တောင်းပန်အပ်ပါတယ်ဘုရား" လို့ လျှောက်ထားတယ်။

အစီအစဉ် ကြေငြာအပြီး အခမ်းအနားမှာ ရှိနေတဲ့ ဆရာတော်တွေနဲ့ သိမ်ထဲမှာ ရောက်နှင့်နေကြတဲ့ ဆရာတော်တွေ ပေါင်းပြီး ကံဆောင်ကမ္မဝါ ရွတ်ဖတ်ကြတယ်။ သိမ်ထဲမှာ ဆရာတော်တွေ တအား များနေလို့ ကပ်ကပ်သပ်သပ် မှတ်တမ်းတင်ရိုက်ကူးခဲ့ရတဲ့ အကြောင်းကို ကိုရာကီးနဲ့ ကိုစန်းယုတို့ ပြန်ပြောပြလို့ သိရတယ်။ မစိုးရိမ်၊ မြတောင်၊ ဝိသုဒ္ဓါရုံတိုက်တွေကတင်မဟုတ်ပဲ ဝေယံဘုံသာ၊ ငွေတောင်၊ ကင်းဝန်မင်းကြီး၊ တောင်ခွင်၊ ရွှေဂူ၊ ပုဂံစတဲ့ကျောင်းတိုက်တွေက ကျောင်းထိုင်ဆရာတော်တွေပါ ပါဝင်ရွတ်ဖတ်
ပေးသွားကြတယ်။ အခမ်းအနား ကြွလာကြတဲ့ စာသင်သားတွေကလဲ ဆရာတော်ကြီးများနည်းတူ ရွတ်ဖတ်ပေးကြတယ်။

မြို့ပေါ်မှာ (၅)နေရာ ခွဲပြီး ကျင်းပခဲ့တဲ့ ကံဆောင် အခမ်းအနားတိုင်းက "စစ်အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတွေကနေ တောင်းပန်ဘို့ဆိုတဲ့တောင်းဆိုချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြတယ်။ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" (၃)ကြိမ် ရွတ်ဆို အပြီးမှာတော့ ဆရာတော်ကြီးတွေနဲ့ သံဃာအငယ်များအားလုံးက ဝိုင်းပြီး သာဓု ခေါ်ပေးကြတယ်။ အားလုံး စုပြီး ခေါ်ပေးကြတဲ့ သာဓုသံတွေဟာ မိုးယံသို့တိုင် သိမ့်သိမ့်တုန်ခဲ့ပြီး မြတောင်တိုက်မှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ကံဆောင်ပွဲကြီးကလဲ ခြိမ့်ခြိမ့်သဲသဲ ရှိလွန်းလှတယ်လို့ပဲ မှတ်တမ်း ပြုလိုက်ချင်ပါတယ်။ ကံဆောင်ပွဲအပြီးမှာ စည်းကမ်းရှိရှိ သေသေဝပ်ဝပ်နဲ့ ပြန်ကြွကြတဲ့ဆရာတော်ကြီးတွေနဲ့ သံဃာငယ်တွေကို သေနတ်ကိုင်ထားတဲ့ စစ်သားတွေနဲ့ နံပတ်တုတ်ကိုင်ထားတဲ့ လုံထိန်းရဲတွေ ကြည့်ရုံသာ ကြည့်နေခဲ့ကြတယ်။
အခမ်းအနားပြီးတဲ့ ညအရောက်မှာတော့ ဘုန်းကြီးကောနဲ့ ဘုန်းကြီးဦးရာဇနှစ်ပါးတို့က နှစ်တိုက်ခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ပြီး ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို လမ်းကြောင်း ချပေးတယ်။ ပထမဆုံး ဘုန်းကြီးကောက "မောင်ရင်တို့တော့ အများပေါင်းပြီး လုပ်နိုင်ခဲတဲ့ လုပ်ငန်းကြီးတစ်ခုကို လုပ်ခဲ့ကြပြီ။ ဒါ အခုမှ အစပဲ ရှိသေးတယ်။ ရှေ့ဆက်လုပ်ရမှာတွေ အများကြီး ကျန်သေးတယ်။ မလုပ်ရင် အစကတည်းက မလုပ်နဲ့၊ လုပ်မိမှတော့ ဆုံးခန်းတိုင်အောင် လုပ်ကြတာပေါ့၊ ဟုတ်ဘူးလား။ စကားပုံတောင် ရှိသေး၊ ဘာတဲ့ "ငုတ်မိ သဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုတာလို့ပေါ့။ကဲ..ကဲ..ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ မောင်ရင်တို့ဆရာ ဦးရာဇက ဆက်ပြောလိမ့်မယ်" လို့ မိန့်ပြီး ဘုန်းကြီးဦးရာဇကို အလှည့်ပေးလိုက်တယ်။
"မင်းတို့ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ စေ့စေ့စပ်စပ် လုပ်တတ်ကြဘို့ လိုတယ်။ အထူးသဖြင့် ဒီလိုအများနဲ့ လုပ်ရပြီး သမိုင်းဝင်ဖြစ်မယ့် ပွဲမျိုးတွေမှာဆို သာပြီး စိတ်အားထက်သန်စွာနဲ့ စေ့စေ့စပ်စပ် လုပ်ကြဘို့ လိုတယ်။ ခု..ဒို့မန္တလေးမှာ ကံဆောင် ပြီးပြီ။ မန္တလေးတစ်မြို့ထဲ ပါလာရုံနဲ့ မဖြစ်သေးဘူး။ မန္တလေးတစ်တိုင်းလုံး ပါလာအောင်၊ တခြားတိုင်းတွေလဲ ပါလာ မှောက်လာအောင် စည်းရုံးဘို့ လိုတယ်။ မင်းတို့ကို သေနတ်နဲ့ သွားပစ်ခိုင်းတာ မဟုတ်ဘူး၊ ဓါးနဲ့ တက်ခုတ်ခိုင်းတာ မဟုတ်ဘူး၊ ဝိနည်းကံနဲ့အညီ လုပ်ခိုင်းတာ။ အေး...တခြား မြို့ရွာတွေမှာ သွားစည်းရုံးရင် ကမ္မဝါတွေ၊ မှတ်တမ်း မှတ်ရာတွေ၊ ဆရာတော်ကြီးတွေရဲ့လက်မှတ်ထိုးတွေကို တစ်ခါတည်း ယူသွားကြ။ နောက်နေ့ကျရင် မြို့ပေါ် သံဃာတွေကို အစည်းအဝေး ခေါ်ပြီး နယ်တွေဆင်း စည်းရုံးဘို့ ဆွေးနွေးကြ"။
“နောက်ပြီး...မောင်ကျောင်းသားတွေကိုလဲ ပြောရဦးမယ်။ မင်းတို့နဲ့ နွှယ်ပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စကြီးကို ငါ့တို့ အကောင်းဆုံး တုန့်ပြန်ကြပြီ။ မင်းတို့ဘက်ကလဲ မင်းတို့နဲ့ နွှယ်ပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စကို သမိုင်းဝင် ကားချပ်ကြီးဖြစ်အောင် ရေးဆွဲပေးတဲ့ နေရာမှာ အကောင်းဆုံး ပူးပေါင်းဘို့ လိုတယ်။ ဘာလို့တုန်းဆိုတော့ မင်းတို့ကျောင်းသားတွေရဲ့ လူထုကြားမှာ ထိုးဖောက်တဲ့အားက ဒို့တွေရဲ့ ထိုးဖောက်မှုထက် ပိုပြီး ထဲထဲဝင်ဝင် ရှိလို့ပဲ” လို့ ဆရာတော်က မိန့်တော်မူတယ်။
အဲဒီခေတ်တုန်းက နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ သံဃာတွေရော ကျောင်းသားတွေကိုပါ အတော် လေးစားမိတယ်။ ဘာ့လို့လဲဆိုတော့ အခုခေတ်မှာ လုပ်နေကြတဲ့ သူတွေလို ဘယ်အဖွဲ့ အစည်းရဲ့ အထောက်အပံ့မှ မရပဲ စိတ်ဓာတ်ကို အရင်းခံပြီး လုပ်ခဲ့ကြလို့ပဲ။ ဟုတ်တယ်လေ..ခေတ်ကြီးကိုက အခုခေတ်လို ပေါ်ပေါ်တင်တင် မလုပ်ရဲတဲ့အပြင် "မိရင် ထောင်နန်း၊ တွေ့ရင် ဒုတ်နမ်း" ဆိုတဲ့ခေတ် ။
နောက်တစ်နေ့ အစည်းအဝေးမှာတော့ နယ်တွေ ဆင်းစည်းရုံးဘို့ ဆွေနွေးကြ၊ တိုင်ပင်ကြ၊ လူခွဲကြတယ်။ နယ်ဆင်းမယ့်သူတွေအတွက် ကျောင်းဘုန်းကြီးတွေ ဖြစ်နေကြတဲ့ ဦးရေဝတ(မိုးကောင်း)၊ ဦးဓမ္မဝရ(အရှေ့ပြင်)နဲ့ ဦးခေမာ (ဘုရားကြီးတိုက် )တို့က လမ်းစရိတ် ထုတ်ပေးကြတယ်။ ကိုယ်တွေ မစိုးရိမ်က စာသင်သားသက်သက် "မရှိတလှည့်၊ ပြတ်တလှည့်" သမားတွေဆိုတော့ အသုံးစရိတ်လိုတိုင်း ဥတ္တမဂျာနယ် အမြတ်ငွေထဲကပဲ ထုတ်ပေးခဲ့ရတယ်။
နယ်တွေ ဆင်းချိန်မှာ နေရာဒေသ တော်တော်များများနဲ့မတူ စာသင်နည်း တမူကွဲသလို ပခုက္ကူဆရာတော်ကြီးများကတော့ " မောင်ရင်တို့ ဆရာတွေဖြစ်တဲ့ ဦးကောတို့၊ ဦးရာဇတို့သဘောက ဘယ်လိုရှိလဲ၊ တခြားကျောင်းတိုက်တွေက ဆရာတော်တွေကရော သဘောတူလက်ခံရဲ့လားစတဲ့ မေးခွန်းတွေကို စိတ်ကျေနပ်အောင် မေးပြီး သွားလျှောက်တဲ့ သူတွေကိုလဲ "ဘယ်အတန်း တက်နေလဲ" မေးကာ သူတက်နေတဲ့အတန်းနဲ့ သက်ဆိုင်တဲ့ စာတွေကို ဆိုပြခိုင်းပြီးမှ လက်ခံတယ်" ဆိုတဲ့အကြောင်းကို သွားလျှောက်တဲ့ သူတွေက တဆင့် ပြန်ပြောပြလို့ သိခဲ့ရတယ်။
နယ်တွေ လွှတ်ချိန်မှာ သူ့နေရာနဲ့သူ ကျွမ်းကျင်တဲ့သူတွေလဲဖြစ်၊ အဲဒီတိုက်တွေက ထွက်လာတဲ့သူတွေကိုပဲဖြစ်ဖြစ် လွှတ်ကြတယ်။ ဒါမှလဲ နေရာဒေသလဲ ကျွမ်းကျင်၊ အကျွမ်းတဝင်လဲရှိတော့ အမြန် ကိစ္စ ပြီးစီးမှာလေ။
နဝုတိပတ္တ=၉၀သပိတ်