Breaking News

မောင်သာနိုး- ဂန္ထဝင် မြန်မာကဗျာအကြောင်း




မောင်သာနိုး- ဂန္ထဝင် မြန်မာကဗျာအကြောင်း

(မိုုုုုုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၉
(မောင်သာနိုးဖေ့စ်ဘွတ်ကနေ ယူပါတယ်)

ဂန္ထဝင်မြန်မာကဗျာအကြောင်းကို ကျနော်စတင်ရေးခဲ့တာဟာ ၁၉၇၆ က မိုးဝေမဂ္ဂဇင်းမှာ ဖြစ်ပါတယ်။ကျနော် မဟာဝိဇ္ဇာဘွဲ့အတွက် ရန်ကုန်တက္ကသိုလ်မှာ တင်သွင်းခဲ့တဲ့ကျမ်း( ရတုကဗျာ ဖြစ်ထွန်းတိုးတက်လာပုံ လေ့လာချက်) ကို အခြေခံပြီး မိတ်ဆက်သဘော ရေးခဲ့တာဖြစ်တယ် ။ နောက် နှစ် ၂၀ ကြာသွားပြီးတဲ့နောက် ၁၉၉၅ ဇန်နဝါရီကစပြီး စာပေ ဂျာနယ်မှာ “ရတုစာဆိုကြီးများ ” ဆိုပြီး လစဉ်ရေးပြန်တယ် ။ အခု အဲဒီ စာပေဂျာနယ်က ဆောင်းပါးတွေကို အဓိကထားပြီး စုစည်းကာထုတ်ဝေလိုက်တာဖြစ်ပါတယ် ။ မိုးဝေမဂ္ဂဇင်းထဲက ရှာလို့ရသမျှ အချို့ကိုလည်း ထည့််ပေးလိုက်တယ် ။ တကယ်ကတော့ အခြားမဂ္ဂဇင်းများမှာလည်း ( ဥပမာ-ကလျာမဂ္ဂဇင်း) ပုံစံအမျိုးမျိုးနဲ့ မြန်မာဂန္ထဝင်ကဗျာအကြောင်း ကျနော်ရေးဖူးတာပါ ။ ရှာမရလို့ အစုံ မထည့်လိုက်တာဖြစ်တယ် ။

တကယ်က အခုစုစည်းချက်ကိုလည်း ထုတ်ဝေမယ့်လူငယ်လေးတွေ ရှာဖွေစုစည်းလာလို့ အခုလို မျက်စိအောက်မြင်ရတာဖြစ်တယ် ။ ကျနော်က ဖျောက်ပြီးပါပြီ ။ စာပေဂျာနယ်ထဲကစာမူတွေ ဖြတ်ယူပြီး တစုတစည်းထဲ သိမ်းထားတာ တလောကပဲ ကိုးကားစရာရှိလို့ ယူကူးမိသေးတယ် ။ အခု မရှိတော့ဘူး ။ ကျနော့်စာအုပ်ပုံတွေကြား မြေလျှိုးသွားတယ် ။ မိုးဝေမဂ္ဂဇင်းထဲက ဆောင်းပါးတချို့ တော့ ပြန်ရတယ် ။ အစုံအလင် မရှိတော့ဘူး ။ အိမ်မှာ စာအုပ်တွေ များလွန်းတာရယ် ၊ အိမ်ခဏ ခဏပြောင်းနေရတဲ့ ဘဝအကျိုးပေးရယ်ကြောင့် ဒီလိုဖြစ်ရတာပါ ။

ဂန္ထဝင်မြန်မာကဗျာအကြောင်း ပြောနေရတာဟာ ကိုယ်က တက္ကသိုလ်မှာ ရတုအကြောင်း ကျမ်းပြုဖူးလို့ မဟုတ်ဘူး ။ ဒီ့အရင်ကပဲ ကျနော်တို့ ပြောနေ ၊ ရေးနေပါပြီ ။ ကဗျာကို ဝါသနာပါတယ် ဆိုရင် ဂန္ထဝင် ၊ ခေတ်ပေါ်အစုံ သိကျွမ်းနားလည်နေရတယ် ။ ကိုယ်က ဒီခေတ်ထဲနေလို့ ဒီခေတ်ကဗျာတခုထဲကို သိနေလို့ မရဘူး ။ ကဗျာသမားဟာ သမိုင်းကို သိနေရမယ် ။ ကဗျာရဲ့ သမိုင်း ၊ ကိုယ့်နေရာရဲ့သမိုင်း ၊ ကိုယ့်သမိုင်း ကိုယ်မသိရင် လူမဟုတ်တော့ပြီ ။ ခေတ်ပေါ်အိုင်းရစ် ကဗျာဆရာကြီး ရှေးမတ်စ်ဟေနီက ဒီအကြောင်း ခဏခဏ ပြောတယ် ။ ရှေးအကျဆုံး အင်္ဂလိပ် ကဗျာကြီး “ဘဲယဝုလ်ဖ်” Beowulf ကို သူအင်္ဂလိပ်လိုပြန်တာလည်း ၁၉၉၉ ကပဲ ထွက်တယ် ။ မြန်မာကဗျာဆရာကြီး ဒဂုန်တာရာက လူငယ်တွေကို ရေးသာရေး ၊ မုဆိုးစိုင်သင်လိမ့်မယ် ..စသဖြင့် ပြောလေ့ရှိပေမဲ့ ၊လူငယ်ကဗျာဆရာတယောက်ကို ကာရန်ဆိုတာ ဘာလဲမေးမိတော့ “ကာရန်ဆိုတာ ၄-၃-၂ ပေါ့” လို့ဖြေတာ ကြားရလို့ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရဖူးပါသတဲ့။ ဒီစာစုဟာ ဒဂုန်တာရာကို စိတ်ဆင်းရဲစေခဲ့တဲ့ အဲဒီလူငယ်မျိုးကို ရည်စူးတယ် ။

ကျနော့်ရဲ့ ဂန္ထဝင်မြန်မာကဗျာလေ့လာချက်ဆောင်းပါးစုဟာ ကျနော့်ရဲ့ တက္ကသိုလ်မဟာဝိဇ္ဇာကျမ်း (ရတုကဗျာဖြစ်ထွန်းတိုးတက်လာပုံ လေ့လာချက်) ကို အခြေခံထားတဲ့ အတွက် ရတုအကြောင်း အများစုဖြစ်နေတယ် ။ ရတုဟာလည်း မြန်မာ့ လည်ရိက Lyric ကဗျာမှာ အဓိကဖြစ်ပါတယ်။ ဒါပေမဲ့ ဂန္ထဝင်မြန်မာကဗျာဆိုရင် ရတုအပြင် ၊ ရကန်ု ၊ အဲချင်း ၊ ဧချင်း ၊ ပျို့ ၊ မော်ကွန်း စသဖြင့် အများအပြားပဲ ကျန်ပါသေးတယ် ။ ပိုရှည်လျားတာကလွဲလို့ ရတုအမျိုးအစား လေးလုံးစပ်ချည်းပါပဲ။ မြန်မာ့ထီးနန်းရဲ့ နောက်ဆုံးခေတ် မန္တလေးမှာ အင်္ဂလိပ်ဆောနတ် sonnet နဲ့ တော်တော်ဆင်တဲ့ တေးထပ် ခေတ်ထခဲ့တယ် ။ ကိုလိုနီခေတ်ဦး ဒဂုန်မဂ္ဂဇင်းထိ တွေ့ရသေးတယ် ။ ကျနော် စပြီး လေ့လာထားတာအချို့ကို ဒီစာအုပ်မှာ ထည့်ပေးလိုက်ပါတယ် ။ နောက်ပြီး လူထုကဗျာ ၊ ဒွေးချိုး ၊ တြိချိုးကအစ ဦးကျော်လှနဲ့ ဆရာဇော်ဂျီ ၊ မင်းသုဝဏ်တို့ရဲ့ သံချိုများအလယ် ၊ ဆရာကြီးမှိုင်းရဲ့ လေးချိုးကြီးများအဆုံး ၊ အချိုးကဗျာတွေဟာလည်း မြန်မာကဗျာမှာ အရေးပါတဲ့နေရာတွေက ကပြနေကြတယ် ။

လေးလုံံးစပ်နဲ့ အချိုးကဗျာကို မသိရင် ဂန္ထဝင်မြန်မာကဗျာကို မသိပါဘူး ။ ဂန္ထဝင်မြန်မာကဗျာကို မသိရင် မြန်မာကဗျာရဲ့ အသံကို နားမလည်ပေဘူး ။ အသံကို နားမလည်ရင် ( ကနေ့ကဗျာဟာ စာရွက်ပေါ်ရေးတာဖြစ်ပေမဲ့ စိတ်နားက ကြားနေတဲ့အတွက်) ကဗျာခံစားတတ် ၊ ရေးတတ်လိမ့်မယ် မဟုတ်ပါဘူး ။ တဆက်ထဲ ကဗျာဆရာတွေ ဘယ်လိုတွေးတောတတ်ကြသလဲဆိုတာကိုပါ ကျွမ်းဝင်လိမ့်မယ် မဟုတ်ဘူး ။

ဆိုခဲ့ပြီးတဲ့အတိုင်း လေးလုံးစပ်ကဗျာအမျိုးအစားအားလုံးကို မငုံမိသော်လည်း ရတုကို နားလည်တာဟာ လေးလုံးစပ်ကဗျာသဘောကို နားလည်သွားတယ်ဆိုရမလောက် ဖြစ်တယ်။ ဒါပေမဲ့ကျနော့်လေ့လာချက်ဟာ ရတုစာဆိုအားလုံးကို လေ့လာနိုင်တာ မဟုတ်ပါဘူး။ ရတုနာမည်ကြီး အင်းဝမင်းခေါင်တို့ ၊ ရှင်သူရဲတို့၊ ဇင်းမယ်မိဖုရားတို့ကို ချန်ထားရပါတယ်။ ရတုပုဒ်ရေအများဆုံး ချန်ထားနိုင်ခဲ့ကြတဲ့ ရတုဘုရင်တွေ ၊ ရတုဧကရာဇ်တွေကိုပဲ ရွေးချယ် ဝေဖန် သုံးသပ်နိုင်ပါတယ်။

ကျနော့်ရဲ့ရတု၊ ဝါ ဂန္ထဝင်မြန်မာကဗျာလေ့လာချက်ဆောင်းပါးတွေဟာ ကျနော့်ရဲ့မဟာဝိဇ္ဇာ ကျမ်းကို အခြေခံထားတာလို့ ပြောခဲ့ပါပြီ ။ အခြေခံထားတယ်ဆိုတော့ စာတွေအကုန် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ လေ့လာထားတဲ့စာဆိုအကုန်တော့ ဟုတ်တယ်။ သူတို့ရဲ့ကဗျာတွေကို ဝေဖန်ရာမှာ စာကိုယ် ကောက်နှုတ်ချက်အချို့တော့ ကျန်မယ်။ ရတုတွေကို ဘယ်သူဘယ်ဝါရေးတာ ဖြစ်နိုင်ကြောင်း၊ မဖြစ်နိုင်ကြောင်း စီစစ်ဆုံးဖြတ်ချက်တွေ ကျန်မယ်။ ဒါဟာ ပညာရှင်သက်သက်ရဲ့အလုပ်ဖြစ်လို့ ၊ ကဗျာသပ်သပ်ဖတ်ချင်သူတွေ ငြီးငွေ့စရာမို့၊ မဂ္ဂဇင်းထဲမထည့်တာ ဖြစ်ပါတယ်။ စာဆိုနဲ့သူ့စာအကြောင်း ဝေဖန်ရေးသားတာတောင် မဂ္ဂဇင်းတိုင်းကထည့်ချင်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း တော်တော်များများရေးစရာရှိတာတွေ မရေးဖြစ်ဘူး။

ရတုတွေကို ဘယ်သူရေးတယ် စိစစ်ရာမှာ ကျနော့်အတွက် အဆင်သင့်နီးပါးလုပ်ပေး ထားသူက ဆရာမင်းသုဝဏ်ဖြစ်ပါတယ်။ ဆရာက သူလုပ်ထားပြီး သူ့လက်ထောက်ဦးထွန်းရွှေကို အကူးခိုင်းထားတဲ့ ဖူးစကတ်အရွယ်စာရင်းစာအုပ်ပုံစံ ၊ စာအုပ်ထူကြီးသုံးလေးအုပ်ကို ကျနော့်ကို ချပေးလိုက်ပါတယ်။ အဲ့ဒါတွေထဲမှာ ရတုစာရင်းတွေ၊ ဘယ်ရတုက ဘယ်ရတုပေါင်းချုပ်မှာပါတယ်၊ ဘယ်ကျမ်းမှာ အမည်ကိုဖေါ်ပြရုံဖေါ်ပြတယ်၊ စာသား ရှာမတွေ့သေးဘူး၊ ဘယ်ကျမ်းမှာတော့ နှစ်ပါဒသုံးပါဒ ကိုးကားထားတာတွေ့ရတယ်။ စာဆိုအမည် ဘယ်လို ဝိဝါဒပွားကြတယ်။ ဘာကိုထောက်ပြီး ဘယ်သူဖြစ်တန်ရာတယ် စသဖြင့် တော်တော်စုံစုံ ဘေးနားက မှတ်ချက်ရေးပြီးသား။ “မင်း ဆက်လုပ်” ဆိုလို့ ဆရာ ဝေဖန် မထားတဲ့ တချို့ရတုတွေကို ဘယ်သူရေးတာဖြစ်နိုင်မလဲ ကျနော်ဆက်လက်စိစစ်ရပါတယ်။ အခုကျမ်းပြီးလို့ ဘွဲ့ရခဲ့တာ ကြာပြီ ဖြစ်ပေမဲ့ အားရင် ဖတ်မိ၊ စဉ်းစားမိတုန်း ။ ဒါ နဝဒေးမဟုတ်ဘူး ထင်တယ် ၊ နတ်ရှင် နောင်များလား သံသယဝင်မိတုန်း။

စာပုံနှိပ်စက်မပေါ်သေးတဲ့ခေတ်မှာ ပေပုရပိုက်ပေါ် လက်နဲ့ကူးကြရတော့ အကူးမှားတတ် ကြပါတယ်။ စာသားတင် မှားတာမဟုတ်ဘဲ ရေးသူစာဆိုအမည်ပါ မှားသွားတတ်တယ်။ နဝဒေး ရေးတာ နတ်ရှင်နောင်ဖြစ် ၊ နတ်ရှင်နောင် ရေးတာ နဝဒေးဖြစ်။ တခါ ကူးတဲ့ပုဂ္ဂိုလ်က စာတတ်ပေတတ်ဖြစ်ရင် သူက သူများစာ ကူးထားတာကို နောက်လူက သူ့စာ ထင်မိသွားရော။ ဒီလိုနဲ့ နဝဒေး ၊ နတ်ရှင်နောင် ရတုတချို့ကို ဝံတောင်လည်ဘုန်းတော်ကြီးရတုဖြစ်နေတာ ဆန်းစစ်တွေ့ကြရတယ်။ နောက်တခုက သူများကိုယ်စားရေးပေးတဲ့အကျင့်။ ဥပမာ-နတ်ရှင်နောင်က သူ့ညီ မင်းရဲကျော်ထင်အတွက် ရတုတပုဒ်ရေးပေးလိုက်တယ်။ ဒါဟာ နောင်လာနောက်သား လက်ထဲမှာ ‘မင်းရဲကျော်စွာဆို ရတု’ ဖြစ်သွားရတာမျိုး။ ဒီတော့ ကဗျာဆရာရဲ့သည်းခြေကြိုက် စကားလုံးနဲ့လေသံကို တရင်းတနှီးဖြစ်နေအောင် အကြိမ်ကြိမ်ဖတ်ရတယ်။ ကျနော်ဆို နဝဒေး၊ နတ်ရှင်နောင် ရတုပေါင်းချုပ်တွေ၊ တအုပ်ကို အကြိမ်တရာမက ဖတ်တယ်။ စကားလုံးတွေ မျဉ်းတား၊ ကတ်ပြားပေါ် ကူး၊ အသံထွက်ဖတ် လုပ်ပါတယ်။ ဒါ ကွန်ပြူတာ မသုံးရသေးခင်က ဖြစ်ပါတယ်။ အခုတော့ ဒါတွေကို ကွန်ပြူတာက လုပ်နေပါပြီ။

ဒီလို စိစစ်တာတွေက ခုစာစုတွေမှာ ပါမလာနိုင်တော့ပါဘူး။ မြန်မာဂန္ထဝင်ကဗျာ အကြောင်း၊ စာဆိုနဲ့ သူ့ကဗျာအကြောင်း မိတ်ဆက်ရုံ၊ ဗဟုသုတ အထိုက်အလျောက်ရဖို့ပဲ ရည်စူးထားပါတယ်။ တိုးတက် သိလိုရင် ဒီမှာ ဝေဖန်ထားတဲ့မူရင်းကဗျာကို ရှာဖွေဖတ်ကြည့်ပါ။ ဒီကဗျာတွေ ရှာရတာ ၊ အခက်အခဲရှိလိမ့်မယ်လည်း မဟုတ်ပါဘူး။

ဒီစာအုပ်ကို ဖတ်တဲ့ လူငယ်ကဗျာဆရာ၊ ဝါ ၊ ကဗျာဝါသနာပါသူက “ေဩာ် ရှေးကဗျာဆရာကြီးတွေ ကဗျာကို ဒီလို ရေးခဲ့ကြပြီးပြီ။ ဒီလိုကောင်းတယ် ၊ ဒီလို ညံ့နေတယ်၊ ဒီလို ထပ်နေတယ်၊ ဒီလို ညံ့သွားတယ် ၊ ငါသူနဲ့ မတူအောင် မြန်မာစကားကို ဘယ်လိုကိုင်တွယ်ရပါ့မလဲ” စဉ်းစားဖေါ် ရသွားတယ်ဆိုရင် ၊ ကျနော်တို့ ဖတ်ရ ၊ တေးမှတ်ရ ၊ စိစစ်ရ ၊ တွေးရ ၊ အပင်ပန်းခံ အားထုတ်ခဲ့ရတာတွေ အားထုတ်ရကျိုးနပ်ပါပြီ ဆိုရပါမယ်။

မောင်သာနိိုး
၂၊ စက််တင်ဘာ ၂၀၀၄
ပင်လုံထိပ်ထားစံအိမ် ။

စာကိုး
မောင်သာနိုး၊ ဂန္ထဝင်မြန်မာကဗျာ ။ ရန်ကုန် ၊ ကမာရွတ်စာအုပ်တိုက် ၊ ၂၀၀၆ ။
မှတ်ချက်-(ဆရာကြီး မောင်သာနိုးရဲ့ “ဂန္ထဝင် မြန်မာကဗျာ”စာအုပ်ပါ စာရေးသူအမှာကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်တာဖြစ်ပါတယ်။)