Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၁ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၁၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၂


အတိတ်ရဲ့ စိတ်ဒဏ်ရာများ 

၂၀၂၁ ခု ဖေဖော်ဝါရီလ တရက်နေ့ နံနက် မိုးလင်းသည်နှင့် စစ်အာဏာသိမ်းလိုက်ပြီဆိုသည့် သတင်းထွက်ပေါ်လာသည့်နောက် ဆန်ဆိုင်နှင့် စားသုံးဆီ အရောင်းဆိုင်များရှေ့တွေ ဝယ်ယူသူများဖြင့် ဝိုင်းအုံစည်ကားနေတော့သည်။ ဆန်အိတ်လိုက် ဝယ်ယူနိုင်သူတွေက ၁၂ ပြည်အိတ် ၂၄ ပြည်အိတ်တွေကို ဆိုက်ကားပေါ် ၊ ကားပေါ် တင်နေကြသည့် မြင်ကွင်းများ ဆီ တပိဿာ ၂ ပိဿာ၊ ၁၀ ပိဿာပုံး စသဖြင့် တတ်နိုင်သလောက် ဝယ်ယူကြသည့် မြင်ကွင်းတွေက အတိတ် မဆလ ခေတ်နှင့် စစ်အစိုးရခေတ်တို့၏ စိတ်ဒဏ်ရာများ မေ့ထားချင်သည့် အတိတ်၏ ဒဏ်ရာများကို ပြန်လည်အမှတ်ရစေသည်။ 

မဆလခေတ်က  စိတ်ဒဏ်ရာရစရာ ဘယ်လို အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါသလဲ။ 

မဆလခေတ်ကာလက စပါး၊ ဆန်ကို အစိုးရထံ ဘယ်လောက်ပြည့်မီအောင် ရောင်းချပြီးမှ ပိုလျှံသည့် ဆန်စပါးကို ပြင်ပစျေးကွက်တွင် ရောင်းချခွင့်ရှိသည့် နှစ်ကာလတွေ ဆယ်စုနှစ်နှင့်ချီရှိခဲ့သည်။ စပါးစိုက်သည့် လယ်သမားတဦးအနေဖြင့်မိမိ စိုက်ပျိုးသည့် လယ်ဧကတဧကလျှင် စပါးတင်း မည်မျှကို အစိုးရ စပါးအဝယ်ဒိုင်သို့ ရောင်းချရမည်ဟု သတ်မှတ်ထားပြီး အဆိုပါစပါးပမာဏကို အဲဒီခေတ်အခါက “တာဝန်ကျေစပါး” ဟု ခေါ်ဆိုခဲ့ကြသည်။ တာဝန်မကျေလျှင် ဥပဒေ မဆလ အစိုးရ ထုတ်ပြန် အတည်ပြုထားသည့်ဥပဒေ ချိုးဖောက်ခြင်းဖြစ်၍ ဖမ်းဆီး ထောင်ချခံခဲ့ရသည့် အဖြစ်အပျက်များလည်း ရှိခဲ့သည်။ အဲဒီခေတ်ကို မကြုံဖူးသည့်သူများအား ခုနေပြောပြလျင်ပင် နားလည်ရခက်ခဲသည့် ထူးဆန်းသည့်ခေတ်ကာလတွေ ဖြစ်သည်။ 

ဆိုရှယ်လစ်စနစ်ကို အမည်ခံထားပြီး ကုန်ထုတ်လုပ်မှုအားလုံးကို အစိုးရက ချုပ်ကိုင်ခွဲဝေ ဖြန့်ဖြူးသည့်စနစ်မျိုး နိုင်ငံရေးပင် ဗဟိုဦးစီးသည့်စနစ် မဟုတ် စီးပွားရေးတွင်လည်း ပုဂ္ဂလိကပိုင်ဆိုင်မှုကို ပမာဏအနည်းအကျဥ်းထိသာ ခွင့်ပြုထားပြီး ကျန်ကုန်ထုတ်လုပ်မှု ပမာဏအားလုံး နယ်ပယ်အားလုံးကို အစိုးရက ဗဟိုဦးစီးစနစ်ဖြင့် ထုတ်လုပ်ဖြန့်ချိခြင်းဖြင့် ကျပ်တည်းသော၊ နောက်ပြန်ဆုတ်သော အဆင်းရဲဆုံး တိုင်းပြည်စာရင်းထဲ ကျရောက်ခဲ့ရသည့် ကာလများ ဖြစ်ခဲ့သည်။ 

မဆလ ခေတ်ဦးပိုင်းက ပြည်သူ့ဆိုင်ဟု ခေါ်ဆိုပြီး ခေတ်လယ်ပိုင်းတွင် သမဝါယမဆိုင်ဟု အမည်ပြောင်းခဲ့သည့် ရပ်ကွက်အလိုက် ဆိုင်များတွင် သကြား၊ နို့ဆီ၊ ဆပ်ပြာခဲ၊ ရေနံဆီနှင့် စီးကရက်၊ တခါတရံ ပေါ်ပလင်လို ပိတ်စများကို သတ်မှတ်ခွဲတမ်းဖြင့် ဝယ်ယူခွင့်ပေးပြီး အိမ်ထောင်စု တစုလျှင် စာအုပ်တအုပ်စီ ထုတ်ပေးထားပြီး စာအုပ်ထဲတွင် မည်သည့်လ မည်သည့်ရက်က သကြား ၅၀ သား၊ စီးကရက် ၁၀ လိပ်၊ ဖယောင်းတိုင် ၁ ထုပ်၊ ရေနံဆီ တပုလင်း ရောင်းချပေးထားသည်ကို မှတ်တမ်းရေးပြီး ယင်းပြည်သူ့ဆိုင် ဝယ်ယူခွင့်စာအုပ်ကို ကောင်းစွာသိမ်းဆည်းထားရသည်။ တချို့ ခက်ခဲကျပ်တည်းသည့် မိသားစုများ ထမင်းချက်ရန် ဆန်မရှိ၊ စားစရာမရှိလျှင် ပြည်သူ့ဆိုင် ဝယ်ယူခွင့်စာအုပ်ကို ရပ်ကွက်ထဲက ငွေချေးသူထံ ကျပ် အနည်းငယ်ဖြင့် ပေါင်နှံထားနိုင်သည့် ကာလဖြစ်သည်။ ပေါင်နှံထားချိန်တွင် အပေါင်ခံသူက ပြည်သူ့ဆိုင်မှ လအလိုက် ထုတ်ပေးသည့် ခွဲတမ်းကို ထုတ်ယူခွင့်ရှိသည့်သဘော ဖြစ်သည်။ 

ခွဲတမ်းအရ တအိမ်လျှင် စီးကရက် တဘူးပင် မရသည့်အခါလည်းရှိပြီး စီးကရက် ၁ ဘူးကို နှစ်အိမ်ထောင်စုအတွက် ခွဲတမ်းချသည့်အခါမျိုးတွင် ဒူးယား၊ ခပေါင်း စသည့် စီးကရက်ဘူးကို ဖောက်ကာ တအိမ်ထောင်ကို ၁၀ လိပ် ရောင်းချပေးပြီး၊  ဝယ်ခွင့်ရသည့်အိမ်ထောင်စုက ယင်းစီးကရက် ၁၀ လိပ်ကို ရပ်ကွက်ထဲက ကွမ်းယာဆိုင် ကုန်စုံဆိုင်များတွင် သွားရောက်ရောင်းချပြီး အမြတ်ငွေကို မိသားစုစျေးဖိုးထဲ ထည့်သုံးခဲ့ကြရသည့်ခေတ် ဖြစ်သည်။ 

ထိုခေတ်တွေကို မီခဲ့သူတွေ၏ အတွေ့အကြုံတွေက အနုတ်သဘောဆောင်သည့် နိုင်ငံရေးအဖြစ်အပျက်တခု ဖြစ်ပြီဆိုလျှင် ဆန်ဝယ်ထား၊ ဆီဝယ်ထားရမည်ဟု ဘဝပေးအသိက သင်ပေးခဲ့ကြသည်။ အဓိကရုဏ်းလိုမျိုး၊ မတည်မငြိမ်ဖြစ်မှုမျိုး ဖြစ်လျှင် တနည်း စိတ်ဒဏ်ရာတွေက ပြန်ပေါ်လာပြီး စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းသည့် အလေ့အထ ဖြစ်သည်။ 

ယင်းအလေ့အထကို ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြန်မြင်တွေ့ခဲ့ရပြီး ထိုစဥ်က ခုလိုကာလမှာ မလိုအပ်တော့ဟု စိတ်ထဲ တွေးမိသည်။ ခု တနှစ်ကျော်အကြာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များတွင် ကားတွေ တန်းစီနေသည်ကို ပြန်မြင်တွေ့နေကြရပြီ။ ဒေါ်လာဈေး ခုန်တက်သွားပြီး ဆေးဝါးတွေ ပစ္စည်းအရောင်း ခေတ္တပိတ်ထားသည်လည်း ကြုံတွေ့ကြရပြီ။ စားအုန်းဆီဈေး တပိဿာ ၈၀၀၀၊ ၉၀၀၀ အထိ မြင့်တက်သွားပြီး ဆီကုန်သည်အသင်းက ယင်းပြင်ပပေါက်ဈေးထက် ၃၊ ၄ ထောင် သက်သာသည့်နှုန်းဖြင့် ရောင်းချပေးသည်ကို တန်းစီနေကြရသည့် မြင်ကွင်းလည်း ပြန်မြင်နေကြရပြီ ဖြစ်သည်။ ယမန်နှစ်က ဘဏ်တွေ ရှေ့မှာနေ့တိုင်း လူတွေ တန်းစီကာ မိမိ အပ်နှံထားသည့်ငွေကို နာရီနှင့်ချီ တန်းစီ၍ထုတ်ကြရသည်ကိုလည်း ပြန်မြင်ရပြီ ဖြစ်သည်။ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံ မြန်မာနယ်စပ် တောထဲမှာ လူရာနှင့်ချီ ဖမ်းဆီးခံကြရသည့် သတင်းတွေ နေ့စဥ်နဲ့အမျှ ဖတ်ရှုနေကြရပြီ။ ဂျပန်နိုင်ငံ သွားရောက် အလုပ်လုပ်ခွင့်ရဖို့ မနက် ၁ နာရီ ၂ နာရီကတည်းက လျှောက်လွှာဖောင် ရောင်းချသည့်နေရာတွင် လူရာချီတိုးပြီး ပြေးလွှားတန်းစီကြရ မိုးလင်းသည့်အခါ မရောင်းတော့ဟု ကြေညာလိုက်သည့်အခါ ဒေါသဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်သည့် မြင်ကွင်းများလည်း မကြာခဏ မြင်နေကြရပြီ ဖြစ်သည်။ 

မဆလခေတ်နှင့် မနှိုင်းယှဥ်သာဟု ဆိုသော်လည်း စီးပွားရေးကျပ်တည်းမှုက တဖြည်းဖြည်း ဆိုးရွားလာနေသည်ကို ပြယုဂ်တခုပြီးတခု ပေါ်ထွက်လာနေပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံသည် နိုင်ငံလူဦးရေအတွက် လုံလောက်သည့် ရိက္ခာထုတ်လုပ်နိုင်သည့် နိင်ငံဖြစ်သော်ငြားလည်း ဖြန့်ဝေမှု မညီမျှခြင်း၊ ဝယ်ယူမည့် ငွေမရှိခြင်းတို့ကြောင့် ငတ်မွတ်မှုဘေး ကျရောက်နိုင်သည့် အနေအထားရှိနေခြင်း ဖြစ်သည်။ လောင်စာဆီကို နိုင်ငံခြားမှ တင်သွင်းရခြင်း၊ ကမ္ဘာ့ရေနံဈေးက မြင့်တက်နေခြင်း၊ ပြည်တွင်းနိုင်ငံရေး ဂယက်ကြောင့် ကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းခြင်းတွေက စီးပွားရေးကျပ်တည်းမှု၊ ဆင်းရဲမှုပြဿနာကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။ 

အရင့်အရင်ခေတ်ကလို ဆန်၊ ဆီ ဝယ်စုသည့်ခေတ်၊ ဆန်နှင့် ဆီကို ခွဲတမ်းစာအုပ်ဖြင့် ဝယ်ယူရသည့်ခေတ် ပြန်ရောက်မည်လားဟု မိတ်ဆွေတယောက်က ယနေ့ နောက်ပြောင်ပြောဆိုလိုက်သည်။ အဖြစ်အပျက်တွေက မဆလ ခေတ်နှင့် တထေရာထည်းတော့ ပြန်ဖြစ်မည်မဟုတ်ဟု ထင်ပါသည်။ သို့သော် ဆိုးရွားလာနေသည့် တရားဥပဒေစိုးမိုးရေး၊ လက်နက်ကိုင်ပဋိပက္ခက ပို၍ ပို၍ ကျယ်ပြန့်လာခြင်း၊ လုယက်မှု၊ သတ်ဖြတ်မှုတွေ နေ့စဥ်လိုလို မြို့တွေ ကျေးလက်တွေမှာ ဖြစ်ပွားနေကြခြင်းတို့က ယနေ့ခေတ်၏ ထူးခြားသည့် ဆုတ်ယုတ်မှု ဖြစ်သည်။ 

သီရိလင်္ကာနိုင်ငံလို စီးပွားရေး လုပ်ငန်းဆောင်တာတွေ အားလုံးရပ်တန့်သွားသည့် default အခြေဆိုက်ပြီး အုပ်ချုပ်သည့် သမ္မတနိုင်ငံမှာ ထွက်ပြေးရမည်လား။ သီရိလင်္ကာနိုင်ငံက အစိုးရလက်ထဲ နိုင်ငံခြားအရံငွေ ကုန်သွားပြီး လအတန်ကြာ ကူညီမည့်အကူအညီကို ရှာဖွေနိုင်ခြင်းမရှိဘဲ နိုင်ငံ၏ လုပ်ငန်းဆောင်တာတွေ အားလုံးထိုးရပ်သွားသည့် ထူးခြားသည့် အခြေအနေမျိုး ဖြစ်သည်။ မြန်မာနိုင်ငံအနေအထားက အဲလိုဖြစ်မည်၊ မဖြစ်မည် မည်သူမျှတော့ အပ်ချမတ်ချ ခန့်မှန်းနိုင်မည် မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကိန်းဂဏန်းအချက်အလက်များ တိတိကျကျ ရဖို့ခက်ခဲခြင်းကြောင့် မှန်းဆခန့်မှန်းချက်များသာ အများစုဖြစ်နေခြင်းပင်။ သတင်းမီဒီယာများတွင် ဖော်ပြသည့် အမြင်အာဘော်ဆောင်းပါးများအတိုင်းလည်း တထစ်ချ ဖြစ်ပျက်မည်ဟု မည်သူမျှ မပြောနိုင်ပါ။ တခါတရံ မှန်းဆ နိုင်ငံတကာ ဥပမာနှင့် အတင်းဆွဲယူ ထပ်တူပြုကြည့်ကြသည့် အာဘော်အမြင်ဆောင်းပါးတွေလည်း အများအပြားရှိနေကြသည်။ 

အတိတ်ကို ပြန်သတိရစေသည့် အဖြစ်အပျက်တွေ အားလုံးသည် စိတ်ဒဏ်ရာရစေသည့် အတွေ့အကြုံများ ၊အတိတ်သမိုင်းများသာ ဖြစ်နေပြီး စိတ်အားတက်ကြွအောင် သက်သက်ဟောပြောသည့် နိုင်ငံရေး တရားဟောမှုများကလွဲလျှင် မျှော်လင့်ချက်ရောင်ခြည်က ခုနေခါ မည်သည့်နေရာမှာမှ မတွေ့နိုင်သေးသည့် အခြေအနေမျိုးပင် ဖြစ်နေတော့သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar