Breaking News

ဂျိုဇော် - ဆရာညိုထွန်းလူ၏ ငါတို့ရွာပြန်ကြရအောင်

ဆရာညိုထွန်းလူ၏ ငါတို့ရွာပြန်ကြရအောင်
ဂျိုဇော်
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၃

ခုတလော ကျွန်တော့်ရေးဖော်ကြီးတွေ တော်တော်ကလောင်သွက်နေကြသည်။ မကြာသေးခင်က ဆရာစိုးဘားဒိုင်ရဲ့  "မျက်ကွယ်မြစ်။" ယခု ဆရာညိုထွန်းလူရဲ့ "ငါတို့ရွာပြန်ကြရအောင်။" မကြာမီ ဆရာဆူးငှက်ရဲ့ " သူတို့အိမ်"။ လာဦးမည်။ အကုန် တေနုရော တွေချည့်ပဲ။

စာရေးသူတယောက် လက်သွက်လာအောင်၊ အလှုပ်ခါနိုင်ဆုံးစွမ်းအင်သည် အချစ် ဟု မှတ်သားခဲ့ဖူးသည်။ အချစ်နှင့်တို့လျှင် ကဗျာဖြစ်သည် ဟုပင် ပြောခဲ့ကြသည်မဟုတ်ပါလား။ ကျွန်တော်ဆက်ပြီးတွေးမိသည်။ Nostalgia ဟုခေါ်သော အိမ်/ဇာတိအလွမ်းဝေဒနာ၊ အတိတ်လွမ်းဝေဒနာ သည်လည်းစာရေးဖြစ်ဖို့တွန်းအားပေးသည့်အထဲမှာ ထိပ်ဆုံးကပါလိမ့်မည်။ တဖန် ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ဖြတ်သန်းမှုကို ပြောပြချင်သည့် Autobiography ခေါ် ကိုယ်ရေးအတ္ထုပ္ပတ္တိသည်လည်း ကလောင်သွက်စေသော အကြောင်းရင်းတခု ဖြစ်နိုင်သည်။ တော်ရုံအရေးမချော၊ အရေးမသွက်သူများပင် ဒါမျိုးရေးရလျှင် ချောသွက် ကုန်ကြ၏။ နကို ချောသွက်ပြီး ဆရာများရေးသည်ဆိုလျှင်တော့ အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကားဖြစ်ပြီပေါ့။

                        ******      

ဆရာညိုထွန်းလူ၏ ငါတို့ရွာပြန်ကြရအောင် ဝတ္ထုရှည်ကြီးသည် Nostalgia ၊ Autobiography နှင့် ပစ္စုပ္ပန် လှုံ့ ဆော်ရိုက်ခတ်မှုများ ပေါင်းစပ်စရနယ်ထားသည့် ဝတ္ထုရှည်ကြီးဟု သတ်မှတ်ချင်ပါသည်။ စာရေးဆရာ ရေးတုန်းကလည်း လက်သွက်ခဲ့ပါလိမ့်မည်။ စာဖတ်သူ(ကျွန်တော်) ဖတ်မိတော့လည်း  လက်ကမချချင်အောင် မျက်စိသွက်ခဲ့ရပါသည်။
ကျွန်တော်ယခင်ကလည်းပြောဖူးပါသည်။ ဆရာညိုထွန်းလူ၏ ရေးဟန်အားသာချက်တခုမှာ အာဝဇ္ဇန်းကောင်းခြင်းဖြစ်၏။ စိတ်ဝင်စားဖွယ်ဖြစ်အောင် စီကာပတ်ကုံးပြောတတ်တော့ စာဖတ်သူမငြီးငွေ့တော့။ အခန်း ၃၂ ခန်းကို ကူးမှန်းမသိ၊ ကူးသွားမိတော့သည်။

ဝတ္ထုကြီးများ၏ အင်္ဂါရပ်များဖြစ်သည့် setting.plot.character.characterization. conflict. resolution. theme စသည်တို့ကိုတော့ ဆရာ့ဆရာများ အကဲဒမစ်ကျကျ ဝေဖန်ကြပါလိမ့်မည်။ ကျွန်တော်ကတော့ ၁၉၆၂ လောက်မှသည် ယနေ့အချိန်ကာလအထိ အညာရွာလေးတရွာက လူသားများ၏ ဘဝသရုပ်ဖော်ဟုပဲ စကားဦးသန်းထားချင်ပါသည်။

                          *****     

စာမျက်နှာ ၄၀၀ ကျော်သည့် ဝတ္ထုကြီးမှာ အဓိကဇာတ်ကောင် သိန်းနိုင် နှင့်သူနှင့်ပတ်သက်နေသော ဇာတ် ကောင် ၂၀ ကျော်ကို ချိတ်ဆက်ပြီး အသေးစိတ်သရုပ်ဖော်သွားနိုင်သည်ကိုတွေ့ရသည်။ ကျွန်တော်ဖတ်ပြီးပြီးချင်း မနေနိုင်၍လှမ်းမေးရသည်။ ဆရာညိုရေ.. ဒီလောက်များတဲ့ဇာတ်ကောင်တွေကို ပီပီပြင်ပြင် ကိုင်တွယ်နေရာချထားဖို့ ဇယားကွက်တွေ နဲ့ကြိုတင်စီမံထားသလား..ပေါ့။ "ဇယားမချပါဘူး။ ဇာတ်ကောင်တွေ ရေးရင်းသရုပ်ဖော်ရင်း ဆိုင်ရာဆိုင်ရာ ထွက်လာပေါ်လာကြတာ။ ကျွန်တော်က မှေးလိုက်၊ ကောက်ရေးရုံပါပဲ.." တဲ့။
( အင်း..talent ရှိတဲ့သူများကျ သက်တောင့်သက်သာပါပဲလား)

                          *****

ဝတ္ထုဇာတ်လမ်းတော့ အသေးစိတ်မပြောတော့ပါ။ ( စာဖတ်သူအရသာပျက်ပါမယ်) ပြီးတော့ ဒီဝတ္ထုကြီးက ဇာတ်လမ်းအသားပေးဝတ္ထုမဟုတ်။ ခေတ်ကိုဖြတ်သန်းနေကြသည့် ဇာတ်ကောင်တို့၏စရိုက်ကိုဖော်ရင်း ၊ ခေတ်ကို၊ သမိုင်းကို မီးမောင်းထိုးပြသည့် ဝတ္ထုကြီးဖြစ်သောကြောင့်ပါ။

မိုးနည်းရေရှား အညာကျေးလက်က နှောကုန်း ဟူသည့်ကျေးရွာလေးတရွာကိုဖန်ဆင်းပြီး ကျေးရွာသူရွာသားများကို သဘာဝကျကျ ကြိုးဆွဲကပြခိုင်းနိုင်သည်က စာရေးဆရာ၏ talent ဖြစ်ပါလိမ့်မည်။ စရိုက်သေ တယောက်မျှမပါ။ အားလုံးစရိုက်ရှင်များဖြစ်သည်ကိုလည်း သတိထားမိပါ၏။ ရေးဟန်မှာ ၆ တန်း၇ တန်းကျောင်းသားလေးသိန်းနိုင်က ကျွန် တော် ဟု 1st person point of view ရေးဟန်ဖြစ်သော် လည်း၊ လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်သိန်းနိုင်က ငယ်ဘဝကို ပြန်စဥ်းစား၊ ပြန်ရေးသည့်ရေးဟန်ဖြစ်သည်။ ကလေးအတွေ့အကြုံ၊ ကလေးခံစားချက်ကို လူကြီးအသိ၊ လူကြီးခံစားချက်ဖြင့် ဖြည့်စွက် မွမ်းမံ ရေးသားထားသည့် ရေးဟန်ဖြစ်၏။ လူကြီးအတွေးအခေါ် လူကြီးဒဿနကို လွတ်လပ်စွာထည့်ခွင့် ရယူလိုက်သည်ဟု ဆိုချင်ပါသည်။

ဝတ္ထုကြီးကို အပိုင်း ၃ပိုင်းခွဲထားရာ..ကျွန်တော်ကတော့ အပိုင်း ၁ ကို အကြိုက်ဆုံးဖြစ်ပါသည်။ အပိုင်း ၂ တွင်အချက်အလက်.. များနေပြီး စရိုက်ဖော်နှင့်ဇာတ်လမ်း မှိန်ဖျော့နေသည်ဟုထင်ပါသည်။( တမင်မှိန်ဖျော့ထားခြင်းလည်းဖြစ်နိုင်သည်) ဥပမာ ဘဝမှာ အရေးအကြီးဆုံး ၊ လက်တွဲဖော် ဇနီးကြင်ယာ ရ.သည့်အကြောင်းကို၊ အချစ်အကြောင်းကို ၁ ခန်း၊ ၂ ခန်းလေးမျှ ရေးမပြသည်ကို အားမရပါ။ အခန်း ၃ ကိုလည်း နည်းနည်း တက်သုတ် ရိုက်သွားသည်ဟု ခံစားမိပါသည်။ မဂ္ဂဇင်းတွေ ခေတ် ကောင်းစဥ်ကလို လ.ဆက်များ စိမ်ပြေနပြေ ရေးခွင့်ရလျှင်...ဟု စိတ်ကူးကြည့်မိပါသေးသည်။

အညာကျေးလက်သရုပ်ဖော် ဝတ္ထုရှည်ကြီးများအကြောင်းပြောလျှင်ဆရာညိုထွန်းလူ ၏ " ငါတို့ရွာပြန်ကြရအောင် " သည် မလွဲမသွေ ထည့်သွင်းပြောကြားရမည့် ဝတ္ထုရှည်ကြီးဖြစ်သည်ဟု ပြောချင်ပါသည်။    ။

                         *****  
ဂျိုဇော်
10-7-23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar