ABSDF တည်ထောင်ခြင်း ၃၄ နှစ်မြောက် ပြန်ငဲ့ကြည့်ခြင်း
မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၁ မြင်ကွင်း
မိုးမခ -နိုဝင်ဘာ ၂၊ ၂၀၂၂
ABSDF တည်ထောင်ခြင်း ၃၄ နှစ်မြောက် ပြန်ငဲ့ကြည့်ခြင်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး လို့အမည်ပေးခဲ့တဲ့ ABSDF တည်ထောင်တာ နိုဝင်ဘာ ၁ ရက်နေ့မှာ ၃၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၄ နှစ် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်း တယ်လို့ဆိုပေမယ့်လည်း မဆလခေါင်းဆောင် ဖြစ်သူ ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင် သမ္မတတာဝန်ယူပေမယ့်လည်း ရှေ့ဆက်တိုးလို့ အဆင်မပြေတော့ စစ်တပ်ကို အာဏာလှည့်သိမ်းခိုင်းပြီး ဗိုလ်ချုပ် စောမောင်ကို တာဝန်ပေးလိုက်တာ၊ အတိုက်အခံလုပ်တဲ့ ကျောင်းသားတွေ နိုင်ငံရေးသမားတွေကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ဖို့ နောက်နည်းဗျူဟာ တရပ်ချလိုက်တာလို့ သာ ဆိုရမှာဖြစ်ပါတယ်။
အဲဒီလို အာဏာသိမ်းပြီးနောက် တောင်းဆိုထားတဲ့ ကြားဖြတ်အစိုးရ ပေါ်ထွက်လာနိုင်ဖို့မရှိတော့တဲ့နောက် ကျောင်းသားအင်အားစုတွေက နယ်စပ်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ ထွက်ခွာခဲ့ကြပြီး မဆလကနေ လက်လွှဲပြောင်းလိုက်တဲ့ စစ်အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ကာ အဲဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ်မှာ ABSDF ကို စတင်ဖွဲ့စည်းခဲ့တဲ့ သမိုင်းဖြစ်ရပ်နေ့ ဖြစ်ပါတယ်။
အဲဒီခေတ်အချိန်က ထိုင်းနယ်စပ်က ကေအန်ယူထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ နဲ့ တချို့က အိန္ဒိယနယ်စပ်ကနေ အိန္ဒိယနိုင်ငံ ဘက်အထိ ထွက်ပြေးခိုလှုံရောက်ရှိခဲ့ကြတာ ဖြစ်ပြီး ကရင်ပြည်နယ် မွန်ပြည်နယ် တနင်္သာရီတိုင်းတို့က ကေအန်ယူ ထိန်းချုပ်ဒေသတွေမှာ အရေအတွက် အများဆုံးရောက်ရှိပြီး ABSDFကိုဖွဲ့စည်းကြတဲ့အခါ ပင်မအခြေစိုက်တဲ့ ဒေသက ကရင်ပြည်နယ် ဖြစ်ခဲ့ပါတယ်။
ABSDF နဲ့ပတ်သက်တဲ့ အသေးစိတ်သမိုင်းတွေ မှာ ဘယ်လို ဖွဲ့စည်းခဲ့သလဲ ဘယ်လို လက်နက် တပ်ဆင်ကြသလဲ၊ ဘယ်လို လှုပ်ရှားတိုက်ခိုက်ခဲ့ကြသလဲဆိုတာ အသေးစိတ် ရေးသားထားကြမှာဖြစ်ပြီး အကြမ်းအားဖြင့် ကိန်းဂဏန်းတွေအရ ဆိုရင် လက်နက်ကိုင် တိုက်ခိုက်ဖို့ နယ်စပ်ဒေသတွေကို တိမ်းရှောင်သွားခဲ့ကြတဲ့ လူငယ်အများစုပါဝင်တဲ့အရေအတွက်က တသောင်းခွဲကျော်ရှိခဲ့တာ ဖြစ်ပါတယ်။ တသောင်းခွဲလုံး လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ကြတာတော့မဟုတ်ဘဲ ထောင်ဂဏန်းမျှသော အရေအတွက်က ပါဝင်ခဲ့ကြပြီး လက်နက်ရဖို့၊ ရံပုံငွေရဖို့၊ ကျောင်းသားတပ်အနေနဲ့ သီးခြားလှုပ်ရှားနိုင်ဖို့ ဆိုတဲ့ အခက်အခဲတွေက လနဲ့ချီ ရင်ဆိုင်အဖြေရှာရတဲ့ကာလတွေမှာ အချို့လည်း ပြည်တွင်းပြန်ဝင်ရောက်လာကြတာတွေရှိခဲ့လို့ တသောင်းခွဲလုံးလုံး ABSDFဖွဲ့စည်းရာမှာ ပါဝင်ခဲ့တာမျိုး မဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ABSDF အဖွဲ့ဝင်တွေ အနေနဲ့ နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သမိုင်းကြောင်း၊ ရပ်တည်ချက် နိုင်ငံရေး ရည်မှန်းချက်တွေကို နားလည်ဖို့ အသိအမှတ်ပြုဖို့ အတူလက်တွဲလုပ်ကိုင်ကြဖို့ ကာလတခု အချိန်တခုလည်း ယူခဲ့ကြရတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဗဟိုအာဏာ တနည်း ပြည်မရဲ့ အာဏာကိုချုပ်ကိုင်ထားတဲ့ မြန်မာတွေရဲ့ ရပ်တည်ချက် မြန်မာတွေရဲ့ နိုင်ငံရေးပြဿနာကိုသာ နားလည်ခဲ့ကြတဲ့ ပြည်မက နိုင်ငံရေးလှုပ်ရှားသူတွေ ကျောင်းသားခေါင်းဆောင်တွေ ပထမဆုံး တိုင်းရင်းသားတွေရဲ့ ရှုထောင့်ကနေ သူတို့ရဲ့ ခံစားချက် အမြင်တွေကို ပထမဆုံးအကြိမ် နားလည် သဘောပေါက်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ABSDF ပေါ်ထွက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွဲပြီး စစ်အစိုးရတပ်တွေကို လက်နက်ကိုင်တိုက်ပွဲတွေ အတူတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အစိုးရက စခန်းသိမ်း ထိုးစစ်ဆင်ခဲ့တဲ့ မာနယ်ပလောလို တိုက်ပွဲတွေမှာလည်း ကျောင်းသားတပ်တွေ ကေအန်ယူနဲ့အတူ ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ABSDF အနေနဲ့ မိမိတို့ သီးခြားထိန်းချုပ်နယ်မြေ ထူထောင်နိုင်တဲ့အနေအထားမရှိပဲ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေစိုက်ကာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု ABSDFရဲ့ ၃၄ နှစ်မြောက် တဲ့အချိန်မှာ ဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းကို ပြန်လည်သုံးသပ်ကာ သမိုင်းမှတ်တမ်းတင်စရာ သမိုင်းသင်ခန်းစာ ယူစရာတွေ ရှိနေမှာသေချာပါတယ်။ ၂၀၂၁ နောက်မှာပေါ်ထွက်လာတဲ့ ယေဘုယျနာမည် PDF လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ၁၉၈၈ ခုနှစ်နှောင်းပိုင်းမှာပေါ်ထွန်းခဲ့တဲ့ ABSDF ဆီက ဘာသင်ခန်းစာ ယူစရာရှိမှာပါလဲ။ ဘာတွေ မတူတဲ့အခြေအနေတွေ ရှိမှာပါလဲ ဆိုတာတွေကလည်း လေ့လာသုံးသပ်ရမယ့်အချိန် ဖြစ်ပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ပေါင်းများစွာ ပေါ်ထွန်းလာခဲ့ပြီး ဆက်လက်လည်း ပေါ်ထွန်းနေဆဲပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့အသစ်အသစ်တွေ ပေါ်ထွန်းနေတာဟာ လိုလားဖွယ် အခြေအနေတော့မဟုတ်ပါဘူး။ သို့သော် ဒီလိုအခြေအနေက ဘယ်အချက်ကြောင့် ဖြစ်ပေါ်စေတာလဲ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ဘယ်အကြောင်းကို ဖယ်ရှားရမလဲ၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပလက်ဖောင်းက ဘယ်မှာလဲ စသဖြင့် မေးစရာမေးခွန်းတွေရှိ နေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်ထွန်းလာတာဟာ တခါတရံမှာ လက်နက်ကိုင်ထားမှ ဒီနယ်မြေကို စိုးမိုးအုပ်ချုပ်နိုင်မယ်၊ လက်နက်ရှိတဲ့သူမှ လေးစားတန်ဖိုးထားတယ်ဆိုတဲ့ စစ်ဘုရင်ဝါဒ ပဒေသရာဇ်ခေတ်ရဲ့ အကြွင်းအကျန်တွေ က မြန်မာ့နိုင်ငံရေးရေခံမြေခံရှိနေသေးတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့မဟုတ် မြန်မာ့နိုင်ငံရေးမှာ လက်နက်ကို လက်နက်နဲ့ ဖြေရှင်းမှ ရတဲ့ အစဥ်အလာ အတွေးအခေါ်တွေ အုပ်ချုပ်သူမှာ လွှမ်းမိုးနေသလို တွန်းလှန်သူတွေလည်း လက်နက်နဲ့ တွန်းလှန်ပြီးနောက် လက်နက်ကိုသာလျင် အလေးထားကြတဲ့ အစဥ်အလာမျိုး ဖြစ်သွားကြတာမျိုးလား လို့ စဥ်းစားစရာရှိပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးလို့ ဆယ်စုနှစ်များစွာကြာသည့်တိုင်၊ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်တွေ ကျော်လွန် ခဲ့တာ ဆယ်စုနှစ်များစွာရှိသည့်တိုင် အရှေ့တောင်အာရှမှာ လက်နက်ကိုင် ပဋိပက္ခဝဲဂယက်ထဲ နစ်မြှပ်နေဆဲနိုင်ငံ ဆိုလို့ မြန်မာနိုင်ငံတနိုင်ငံသာ ကျန်ရှိတော့တာဟာ သမိုင်းကြောင့်လားသမိုင်းထဲမှာ ပါဝင်နေကြတဲ့ လူတွေကြောင့်လားဆိုတာ ကောက်ချက်ချဖို့ရာ ခက်ခဲတဲ့အနေအထားပဲ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar