Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၇ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း


အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၇ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၂


ခေတ်သစ် ကျမ်းရိုးဘောဂဗေဒ ပြန်လာခြင်း (The Return of Neoclassical Economics) 

စီးပွားတန့်၍ ငွေကြေးဖောင်းပွမှု (Stagflation)

စီးပွားရေးဖွံ့ဖြိုးမှု အင်ဂျင်က ၁၉၇၀ ပြည့်နှစ်များမှစ၍ ဖုတ်ချက်ဖုတ်ချက် ဖြစ်လာသည်။ အကြောင်းမှာ စီးပွားတန့်၍ ငွေကြေး ဖောင်းပွမှု (stagflation) ကြောင့် ဖြစ်သည်။ (stagflation) ဆိုသည်မှာ ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုကို ပေါင်း စပ်ထားသည်။ ဤဖြစ်ရပ်လက္ခဏာအတွက် ရှင်းပြချက်မျိုးစုံ ရှိသည်။ ၁၉၇၀ ခုနှစ်များ အစောပိုင်းတွင် ငွေကြေးဖောင်းပွမှုက ကိန်းနှစ်လုံး (ဆယ်ဂဏန်း) ဖြစ်လာသည်။ ငွေကြေးအာဏာပိုင်အဖွဲ့များက ငွေကြေးဖောင်းပွမှုကို အာရုံမထားမိခဲ့ကြဘဲ သူတို့က အလုပ်အကိုင်ရရှိမှု မြှင့်တင်ရေးအတွက်သာ အားထုတ်‌နေခဲ့ကြသည်။ လူမှုဖူလုံရေးနိုင်ငံတော်အဖြစ် လျှင်မြန်စွာ ဖွံ့ဖြိုးလာသည့်အတွက်ကြောင့် ဘတ်ဂျက်လိုငွေပြမှုများ ဆိုးဆိုးရွားရွား မြင့်တက်လာကြသည်။ လုပ်ငန်းခွင် အ‌ခြေအနေမှာ တိုးတက်လာသည်နှင့်အမျှ လုပ်အားခအတွက် ကုန်ကျစရိတ်များ တိုးမြင့်လာသည်။ ပျော့ပြောင်းမှုမရှိသည့် လုပ်အား ဈေးကွက်ဖြစ်ပေါ်လာခဲ့သည်။ လုပ်ငန်းစက်ရုံအများစုအဖို့ သူတို့၏ ပြိုင်ဆိုင်နိုင်စွမ်း အားသာမှု လက်လွှတ်ဆုံးရှုံးကြရပြီး နောက်ဆုံး လုပ်သားများ ထုတ်ပစ်ကြရသည်။ အလုပ်လက်မဲ့ဖြစ်မှု မြင့်မားလာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်တကြိမ်၊ ၁၉၇၉ ခုနှစ်တွင်တကြိမ် ရေနံရောင်းနိုင်ငံများအသင်း (OPEC) က ရေနံဈေးနှုန်းများ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအချက်များကလည်း စီးပွားတန့်၍ ငွေကြေးဖောင်းပွမှုကို ဖြစ်စေရန် အတူတကွ လှုံ့ဆော်ခဲ့သည်။ 

၁၉၆၀ ခုနှစ်များနှင့် ၁၉၇၀ ခုနှစ် အဆန်းပိုင်းကာလများတွင်၊ ကိန်းစ်ဝါဒီအများစုက အနည်းငယ်သော ငွေကြေးဖောင်းပွမှု သည် အလုပ်လက်မဲ့ ဖြစ်ရမှုကို ကျဆင်းစေမည်ဟု ယူဆခဲ့ကြသည်။ ဤသို့ ယုံကြည်ချက်သည် ဖိလစ်မျဉ်းကွေး (Phillips Curve) ဟု ခေါ်ဆိုကြသည့် အချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယင်းပုံက ဖော်ပြရာ၌ အနည်းငယ်သော ငွေကြေး ဖောင်းပွမှုသည် အလုပ်အကိုင်ရရှိစေရန် မြှင့်တင်ပေးသည်။ ငွေကြေးဖောင်းပွမှုကို ပြန်ချပါက အလုပ်လက်မဲ့ဖြစ်မှုကို တိုး တက်လာစေနိုင်သည်။ ကိန်းစ်ဝါဒီများက ငွေကြေးဖောင်းပွမှု မျှော်လင့်ထားချက်များကို လျှော့ပေါ့တွက်ခဲ့ကြသည်။ သို့သော် ၁၉၇၀ ပြည့်နှစ်များ အကုန်၌ ငွေကြေးဖောင်းပွမှုကို ထိန်း၍ မဖြစ်နိုင်တော့ပေ။ အလုပ်လက်မဲ့ ဖြစ်ရမှုကလည်း စိုးရိမ်ဖွယ် မြင့် တက်လာနေသည်။ 

ကိန်းစ်ဝါဒီများက စီးပွားတန့်၍ ငွေကြေးဖောင်းပွမှု ဖြစ်စဉ်လက္ခဏာကို ရှင်းလင်းမပြနိုင်ကြပေ။ [Footnote: ဤအချက်သည် ဂေဘရီယက် (Galbraith) က စီးပွားရေးအမြင် (Economics in Perspective) နှင့် ပတ်သက်၍ ပြောဆိုထားသည့် ကိစ္စ ဖြစ်သည်။ ‘လုပ်ခ လစာနှင့် ဈေးနှုန်းအပေါ် ဆုံးဖြတ်ချက်သည် မိုက္ကရိုစီးပွားရေး သရုပ်လက္ခဏာ ဖြစ်သည်။ (microeconomic phenomenon) ကိန်းစ်က မိုက္ကရို စီးပွားရေး ပညာကို ခွဲထုတ်၍ ကျမ်းရိုး သမားရိုးကျ ဈေးကွက် အယူအဆ (classical market orthodoxy) ထဲတွင် ချန်ထားရစ်သည်။ သမားရိုးကျ မိုက္ကရိုစီးပွားရေး ပညာ (orthodox microeconomics) တွင် လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားသဖွယ် မြင့်တက်မှု မဖြစ်ပေါ်နိုင်ပေ။ ကုန်ပစ္စည်းများကို ထုတ်လုပ်သူများနှင့် အလုပ်သမားများကို သူတို့ကပေးသည့် လုပ်ခလစာတို့သည် ဈေးကွက်အလိုကျဖြစ်ပြီး၊ ထုတ်လုပ်သူက ထိန်းချုပ်နိုင်ခြင်း မရှိပါ။ အကယ်၍ တဦးတည်းက လက်ဝါးကြီးအုပ် ထုတ်လုပ်မှု သို့မဟုတ် လူနည်းစုက အုပ်စီးထုတ်လုပ်မှု (monopoly or oligopoly) ဖြစ်ခဲ့လျှင် သူတို့က ထိန်းချုပ်နိုင်မည် မဟုတ်ပါ။ အမြတ်အစွန်းကို ပို၍များများရစေနိုင်ရေးအတွက် အလုပ်သမား သမဂ္ဂများက တောင်းဆိုသည့် လုပ်ခကုန်ကျစရိတ် မြှင့်တင်ပေးခြင်းဖြင့် ပြန်၍ ရယူနိုင်ခြင်း မပြုနိုင်ပါ။ ဤသို့ မိုက္ကရိုစီးပွားရေးကို ကိန်းစ်အမြင် ဘောဂဗေဒအောက်မှ ခွဲထုတ်ယူခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် မိုက္ကရိုစီးပွားရေး မိုဒယ်အရ စဉ်းစား သည့်ကိစ္စအရ စဉ်းစားသောကြောင့် ငွေကြေးဖောင်းပွမှုအတွက် ကိုင်တွယ်ရန် သဘောတူညီထားခြင်း မရှိပါ။ ဤသို့ ခွဲခြားလိုက်ခြင်းသည် အရေးကြီးသည်။ ဤသည်မှာ ကိန်းစ်၏အမြင် နှင့် ကျမ်းရိုး စဉ်လာ ဒဿနကို အကြီးအကျယ် ညှိနှိုင်းယူမှု ဖြစ်စေသည့် အသည်းနှလုံးပင် ဖြစ်သည်။ ဤသို့ ညှိနှိုင်းအပေးအယူ ပြုမှုသည် ဈေးကွက်ဆက်စပ်မှု (market nexus) ကို ဆက်၍ ထိန်းသိမ်းထားစေသည်။ (268)] 

သို့သော် မီလ်တန် ဖရိဒ်မင်း (Milton Friedman) က ရှင်းပြနိုင်သည်။ သူက သဘာဝအလျောက် အလုပ်လက်မဲ့ဖြစ်မှုနှုန်း (natural rate of unemployment) သဘောကို ရှင်းပြခဲ့သည်။ သူက ဆွေးနွေးရာ၌ အကယ်၍ အစိုးရက အလုပ်လက်မဲ့ဖြစ်ရမှုကို သဘာဝနှုန်း ထားအောက်အထိကို လျှော့ချရန် ကြိုးပမ်းပါက လုပ်သားများက လုပ်အားခပို၍ တောင်းဆိုလာကြမည်၊ စီးပွားရေးလုပ်ငန်း များကလည်း ကုန်ပစ္စည်းဈေးနှုန်းကို မြှင့်တင်လာကြမည်။ ထိုအခါ လုပ်ခ-ဈေးနှုန်း သံသရာလည်နေပေလိမ့်မည်။ ဖရိဒ်မင်းက ငွေကြေးအလွန်များစွာ လှည့်လည်နေပါက ကုန်ပစ္စည်းများအတွက် ဝယ်လိုအားအလွန်အမင်း ဖြစ်လာမည်ဟူသည့် အချက်ကို လေ့လာတွေ့ရှိခဲ့သည်။ ဤသို့ဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်လာစေသည်။ ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ တခုခုဆောင်ရွက် ရန် ငွေကြေးထောက်ပံ့မှု (supply of money) ကို ကန့်သတ်ရန် လိုအပ်လာသည်။ ဤသို့ဖြင့် ဖရိဒ်မင်းက ငွေကြေးဆိုင်ရာ မူဝါဒ အကြံပြုခဲ့သည်။ 

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar