Breaking News

မောင်စွမ်းရည် - ရန်ကုန်က စာရေးဆရာကြီးများရဲ့ ကျေးဇူး



မောင်စွမ်းရည် - ရန်ကုန်က စာရေးဆရာကြီးများရဲ့ ကျေးဇူး

(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀

စာရေးဆရာ ဆိုတာ ဘယ်မှာပဲနေနေ သူ့စာအုပ်က နေရာတကာ တနိုင်ငံလုံးကို ဖြန့်တာ နှံ့တာကြောင့် တနိုင်ငံလုံးရှိ ပြည်သူပြည်သား စာဖတ်သူအများက ဖတ်ရှုမှတ်သား ကျေးဇူးတရား များများရတာပဲ မဟုတ်လား။ ဒါပေမဲ့ အထူးကျေးဇူးပြုခဲ့ရင်တော့ အထူးဖော်ထုတ်ပြီး ကျေးဇူးတင်ရ မှာပဲပေါ့။

ကျွန်တော်တို့ ကျောင်းသားဘဝက ဖြစ်ပါတယ်။ မန်းတက္ကသိုလ် ကျောင်းသားဘဝမှာ စာပေဝါသနာ တူ ကျောင်းသားတွေ ဆုံမိ၊ စုမိကြတော့ ဝါသနာအလျောက် စာပေအသင်းတွေထောင်ပြီး စာအုပ် စာစောင်တွေ ထုတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဆရာကြီးဦးဖေမောင်တင်က ဦးဆောင် အားပေးပြီး ‘ခေတ်စမ်းစာပေ’ ဆိုတဲ့ စာပေခေတ်တခေတ်လို့ ဖြစ်လာသည်အထိ သူ့တပည့်တွေကို ပြုစုပျိုးထောင် အားပေးအားမြှောက် ပြုခဲ့ပါတယ်။ ခေတ်စမ်း တပည့်တွေကတော့ အများသိကြတဲ့ အတိုင်း ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ မောင်သန့်စင်၊ မြကေတု၊ ကုသ၊ ခင်စောမူ စတဲ့ စာပေ သားကောင်းသမီးကောင်းရတနာတွေ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဆရာကြီးဦးဖေမောင်တင်က ဒီလို ပြုစုပျိုးထောင် အားပေးအားမြှောက် ပြုခဲ့ပေတာကလား ဆိုပြီး မန်းတက္ကသိုလ် ကျောင်းသားတွေကလည်း အားကျတယ်။ ခေတ်စမ်း ခေတ်ရယ်လို့ ပေါ်ထွန်းလာခဲ့တာက ဗြိတိသျှလက်အောက် ကျွန်သပေါက်ဘဝ၊ ကိုလိုနီခေတ်၊ မန်းတက္ကသိုလ်ကျောင်းသားတွေ စိတ်ကူးယဉ်ခဲ့ကြတာက လွတ်လပ်ရေးခေတ်။ လွတ်လပ်ရေးခေတ် ဆိုပေမယ့် ဗမာစစ်တပ်က အာဏာသိမ်းထားတဲ့ခေတ်။ ၁၉၆၅ လောက်က ဖြစ်ပါတယ်။ မန်းတက္ကသိုလ် ဆရာများအနေနဲ့ သူတို့တပည့်တွေကို အားပေးချင်သလောက် အားပေးလို့ရဟန် မတူပါ။ တပည့်တွေရဲ့ စာအုပ်စာစောင်လေးတွေကို လက်ခံ ဖတ်ရှု အသိအမှတ်ပြုတာလောက် အားပေးဟန်ပြနိုင်ခဲ့ရှာပါတယ်။ တပည့်တွေက စစ်အစိုးရကို လူသိရှင်ကြား အန်တုဆန့်ကျင်နေကြ တဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ တ.က.သ (ကျောင်းသားသမဂ္ဂအမှုဆောင်)အဖွဲ့ဝင်တွေ ဖြစ်နေကြလို့ပါပဲ။ ရန်ကုန်က ဆရာကြီးတွေကလည်း အစိုးရ အမှုထမ်းတေွ ဖြစ်ကြပေမယ့် အဝေးကနေ လှမ်းပြီးအားပေးခဲ့ကြပါတယ်။ ဒီလို အားပေးခဲ့ကြတာကို လူအများ မသိနိုင်ပါ။ ဒါကြောင့် ကျွန်တော်တို့က ဖော်ထုတ်ရေးသားရပါတယ်။ ဖော်ထုတ်တယ် ဆိုပေမယ့် မန်းတက္ကသိုလ် စာပေလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ လူတချို့က ကွယ်လွန်ကုန်ကြရှာပြီ။ တင်မိုး တို့၊ ကြည်အောင် တို့ကို ဆိုလိုပါတယ်။ မောင်သာနိုး တို့၊ မောင်မိုးသူ တို့ဆိုတာကလည်း မန်းတက္ကသိုလ် စာပေ လှုပ်ရှားမှုကာလအတွင်းမှာ ထောင်နဲ့ ကျောင်း တလှည့်စီ ဝင်ထွက်နေကြရာမှာ ကျောင်းသက်ထက် ထောင်သက်က များခဲ့ကြရှာပါတယ်။ တဖက်မှာ သူတို့က ရှေ့တန်းကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြပေသကိုး။ ဒီတော့ ကလောင်ရှင်အသင်းဘက်မှာပဲ လှုပ်ရှားမှု များခဲ့တဲ့ ကျွန်တော်ကပဲ မလွှဲမရှောင်သာ ဖော်ထုတ်ရေးသားနေရပါတယ်။

တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း ဆိုတာ ဗမာပြည်မှာ တက္ကသိုလ်ရယ်လို့ ပေါ်ပေါက်လာစအခါကတည်း က ကျောင်းသားသမဂ္ဂက တာဝန်ယူ ထုတ်ဝေရမြဲ ဖြစ်ပါတယ်။ တက္ကသိုလ်ဥပဒေမှာကို ဒီအချက်ကို ထည့်သွင်းပြဋ္ဌာန်းထားခဲ့တာပါ။ အုပ်စိုးသူတွေက ဗြိတိသျှလူမျိုးတွေ မဟုတ်လား။ သူတို့က တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ မူအရ ကျောင်းဝင်ကြေးကို တက္ကသိုလ် မော်ကွန်းထိန်းရုံးက ကောက်ခံရာမှာ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကြေးလည်း ပါဝင်ပြီး မဂ္ဂဇင်းထွက် ရင် ကျောင်းသားတိုင်းကို တယောက် တအုပ်ကျစီ ပေးဝေရပါတယ်။ ဝါသနာပါသူများက ဝင်ရေးနိုင် ကြပါတယ်။ စာပေဝါသနာပါသူ သမဂ္ဂကျောင်းသားများက မဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေကြပါတယ်။ ရန်ကုန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျောင်းသားတိုင်းဟာ သူတို့ တက္ကသိုလ်ဘဝရဲ့ အမှတ်တရအဖြစ် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကို ရင်ဝယ်ပိုက်ပြီး ကျောင်းကထွက်ကြပါတယ်။ ကျောင်းမဂ္ဂဇင်းနဲ့သာ အားမရဘဲ တခြားစာစောင်လေးတွေ စာအုပ်လေးတွေလည်း ကိုယ်စွမ်းရှိ သလောက် ဉာဏ်စွမ်းရှိသလောက် ထုတ်ဝေကြပါတယ်။

မန်းတက္ကသိုလ် ကလောင်ရှင်အသင်းသားများရဲ့ တဦးချင်း လက်စွမ်းပြအဖြစ် ပထမဆုံး ထုတ်ဝေဖို့ ကြိုးစားခဲ့တာကတော့ ‘ဖလ်မီးအိမ်’ ဆိုတဲ့ ကဗျာစာအုပ်ကလေးပါ။ ကလောင်ရှင်က တက္ကသိုလ် မရောက်ခင်က မန္တလေး လူထုဂျာနယ်မှာ ကလောင်သွေးခဲ့သူ ‘ကန်မြဲနန်းမြင့်နွယ်’ တဲ့။ တခါတရံလည်း ‘ကိုရင်ဂျမ်း’ကလောင်နဲ့ ရေးတယ်။ သူက မန္တလေးမှာ ကိုရင်လေးက ဣန္ဒာစာရဘဝ နဲ့ ဆွမ်းခံရင်း လမ်းဘေးစာကြည့်တိုက်မှာ လူထုဂျာနယ်တွေ ဝင်ဖတ်ရာက စာပေစိစစ် ပြင်းပြလာခဲ့ သူလည်း ဖြစ်ပါတယ်။ ‘ဖလ်မီးအိမ်’ကို ထုတ်တော့ ကလောင်သစ်ပေါ့။

မန်းတက္ကသိုလ်က သူတို့ တပည့်တွေကို သူတို့ဆရာတွေက အမှာစာလေးတောင် ရေးပေးဖို့ မလွယ်ပါဘူး။ စစ်အာဏာရှင်ခေတ်ပေကိုး။ ဒါနဲ့ ရန်ကုန်က ဆရာကြီးတွေဆီကို သွားပြီး အမှာစာ တောင်းကြမယ်ပေါ့။ ကာယကံရှင် တင်မိုးက မသွားရဲဘူးတဲ့။ ဒါနဲ့ သူရဲကောင်း မောင်စွမ်းရည်က သူရဲကောင်းလုပ်ပြီး ဖလ်မီးအိမ်ကို ရင်ဝယ်ပိုက်ရင်း ရန်ကုန်ကို ဆင်းသွားလေရဲ့။ ရန်ကုန်ဆရာကြီး တွေကလည်း အမှာစာ ရေးမပေးနိုင်ဘူးတဲ့။ မွတ်ကရော။ အကြောင်းပြချက်က သူတို့က စာပေဗိမာန် ကဗျာဆုပေးရေးအဖွဲ့မှာ ပါနေလို့တဲ့။ ဒါပေမဲ့ အမှာစာထက်ကောင်းတဲ့ အားပေးစာတစောင် ရေးပေး လိုက်တာကို မောင်စွမ်းရည်က ရွှေထုပ်ပိုက်သလို ပိုက်ပြီး ပြန်လာခဲ့ပါတယ်။ စာအဓိပ္ပာယ်က ‘တခေတ် တယောက် ဆိုသလို စာဆိုကောင်းတယောက် ပေါက်ပေါက်လာပြီဖြစ်လို့ ဝမ်းမြောက်ပါကြောင်း’တဲ့ဗျာ။ ဒီစာကို တက္ကသိုလ်က ဆရာများ ဖတ်ရှုပြီး လက်တုန် ရင်တုန်တောင် ဖြစ်သွားကြရရှာသတဲ့။ “ငါ့စာ ငါ သိမ်းမယ်ကွ” ဆိုပြီး သူ့စာကို တင်မိုးက သူ့အိတ်ကပ်ထဲကို တန်းထည့်လိုက်တာ။ နောက်တနေ့မှာ ရှာမရတော့ပါ။ အဲဒါ တင်မိုးအစစ်ပါပဲ။

ကန်မြဲနန်းမြင့်နွယ် ခေါ် ကိုရင်ဂျမ်း ကလောင်အမည်သစ် ရွေးတော့ သူငယ်ချင်း မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည်တို့နဲ့ စည်းဝေးတိုင်ပင်ပါတယ်။ နာမည် အရွေးခက်နေဆဲမှာ ဘေးက စာအုပ်ထဲမှာ ပါတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတပုဒ် ‘ထိပ်ဝယ်တင်မိုး၊ ငါ ရှိခိုး၏၊ မိုးသို့ငါ ဉာဏ်ကျစေသော်’ ဆိုတဲ့ ကဗျာထဲက ‘တင်မိုး’ ဆိုတဲ့ စာလုံးကို ရွေးလိုက်ပါသတဲ့။ တိုတိုပြောရရင် တင်မိုးရဲ့ ‘ဖလ်မီးအိမ်’ ကဗျာစာအုပ်ကို စာပေဗိမာန် ကဗျာဆု ရွေးချယ်ရေးအဖွဲ့ (ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ် စတဲ့ ပုဂ္ဂိုလ်ကြီးများ ပါဝင်တဲ့အဖွဲ့)က ပထမဦးဆုံးပေးတဲ့ စာပေဗိမာန်ကဗျာဆုကို ရွေးချယ်ပေးအပ်လိုက်ပါတယ်။ သူ့ရှေ့က နာမည်ရ ကဗျာဆရာ အကျော်အမော်တွေကို ကျော်ပြီး ရွေးချယ်ပေးလိုက်လို့ စာပေလောကတခုလုံး သွက်သွက်ခါသွားခဲ့ပါတယ်။ ဒါဟာ ရန်ကုန်က ဆရာကြီးများရဲ့ အားပေးမှုပါပဲ။

ကျွန်တော် ကလောင်ရှင်အသင်း အတွင်းရေးမှူးလုပ်တဲ့ နှစ် (၁၉၅၉-၆၀ ? ထင်ပါရဲ့)မှာ ဆရာဇော်ဂျီ က မင်းတို့အသင်း ရန်ပုံငွေအဖြစ် လှူတယ်ဆိုပြီး ကဗျာသဘောတရား စာတမ်းတခုကို စာအုပ်တိုက် ပို့ပေးလိုက်ပါတယ်။ ငါ့ရဲ့ အိုနာစာ ချွေးနှဲစာကလေးတွေကို ပေးလိုက်တာပါတဲ့။ ကျွန်တော်တို့ ဆရာ့စာမူကို စာအုပ်ရိုက်တော့ ရန်ပုံငွေ ရပါတယ်။ ဆက်ပြီး အဝတ်ပြက္ခဒိန်တခုလည်း ထုတ်ပါတယ်။ ထုတ်ဖြစ် လုပ်ဖြစ်တာလေးတွေကို ကျွန်တော်တို့က ဆရာဇော်ဂျီထံ အကြောင်းမပြန် ဖြစ်ခဲ့ပါ။ ဆရာက မင်းတို့ရန်ပုံငွေ ဘယ်လောက်ရလို့ ဘာတွေ သုံးတယ်ဆိုတာလေးကိုတော့ ဆရာ့ဆီ အကြောင်းပြန်ဦးမှပေါ့ကွယ်လို့ ပြောရှာပါတယ်။ ကျွန်တော်တို့က ပေါ့ဆညံ့ဖျင်းတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဆရာတို့က ဆက်လက်ပြီး အားပေးနေပါတယ်။ ကျွန်တော်တို့ မန်းတက္ကသိုလ် ကလောင်ရှင်များအနေနဲ့ တက္ကသိုလ်က ထွက်ခဲ့ပြီးနောက် ဦးလေး လူထုဦးလှကလည်း သမဝါယမ စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကြပါလို့ တိုက်တွန်းတယ်။ နှစ်စဉ် စာဆိုတော်နေ့ သက်ကြီး စာရေးဆရာကြီးများ ပူဇော်ပွဲနဲ့ စာတမ်းဖတ်ပွဲ လုပ်ရာမှာလည်း ဒီကိစ္စကို နှစ်စဉ်လိုပဲ တိုက်တွန်း တယ်။ ဒီသတင်းတွေကိုလည်း ရန်ကုန်က ဆရာကြီးများ ကြားသိနေမှာပါပဲ။ စာအုပ်ထုတ်ဝေရေး ဝါသနာပါတဲ့ တင်မိုးက သူငယ်ချင်းတေွအားလုံးကို နောက်ခံထားပြီး စာအုပ်တိုက် ထောင်တယ်။ လက်တွေ့မှာတော့ ရေစကြိုက လာတဲ့ သူ့တပည့်တဦးနဲ့အတူ သူကပဲ ဦးဆောင်လုပ်ကိုင်တယ်။ သူ့တပည့်တွေက ‘ကမ္ဘာ့ခေတ်’စာပေတိုက်လို့ အမည်ခံပြီး အုပ်စီးတယ်။ ဆရာကြီးများက ဆက်လက်အားပေးကြပါတယ်။

ဆရာဇော်ဂျီက ‘ရသစာပေနိဒါန်း’ အမည်နဲ့ ဆရာ့ရဲ့ စာပေ ဆောင်းပါးတွေကို စုပြီး စာအုပ်၊ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ပန်းနှင့်ပင်စည်’ ဆောင်းပါးပေါင်းချုပ်၊ မောင်ထင် ဝတ္ထုတိုပေါင်းချုပ်၊ ကမ္ဘာကျော်ဝတ္ထုတိုများ ဘာသာပြန်) လည်း ‘ပန်းနဲ့ပင်စည်’ စာအုပ်မှာ ကြော်ငြာထည့်ခဲ့တာ မှတ်မိတယ်။ ၁၉၆၅ ခုနှစ်က ထုတ်တာပါ။ မောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ’ ကဗျာစာအုပ်နဲ့ မရေးရသေးတဲ့ ကလေးစွယ်စုံကျမ်းပဲ ကြော်ငြာထားတယ်။ ‘အနီနှင့်အပြာ’ကတော့ ကံကောင်းတယ် ဆိုရမှာပေါ့။ သူ့တပည့် ရေစကြိုလေးသာ ထုတ်ဖြစ်ရင် ဘယ်လို ဒုက္ခပေးမယ် မသိ။ ခု ထုတ်ဖြစ်တော့ တပုဒ်ပဲ ဦးစီးပြီး သူ့သူငယ်ချင်း တောင်သာသား ကိုညိုကြီးနဲ့ အတူတည်ထောင်တဲ့ ‘သပြေစာအုပ်တိုက်’က ထုတ်ဖြစ်ခဲ့ပါတယ်။

တင်မိုးက ‘ကမ္ဘာ့ခေတ်’စာအုပ်တိုက်၊ ‘သပြေ’စာအုပ်တိုက်၊ ပြီးတော့ ‘ဖန်မီးအိမ်’ စာအုပ်တိုက် ဆိုပြီး ပုံနှိပ်စက်ပါ တွဲဖက်တည်ထောင်လိုက်ပါသေးတယ်။ ရန်ကုန်ပြောင်းတော့မှ အကုန်ဖြုတ်ပစ်ခဲ့ရပါ တယ်။ မောင်မိုးသူကလည်း ‘မိုးဦးပန်း’ ဆိုတဲ့ စာအုပ်တိုက်ထောင်တော့ ပထမဦးဆုံးထုတ်တဲ့ စာအုပ်က ရန်ကုန်က ဆရာကြီးတဦးရဲ့ စာအုပ်ပါ။ ဒီတခါ စာအုပ်က ခေတ်စမ်းနောက်ဆက်တွဲလို့ ဆိုရမယ့် ဆရာတက်တိုးရဲ့ စာအုပ်ပါ။ ‘မိုးဦးပန်း’ စာပေတိုက်လည်း မောင်မိုးသူ ရန်ကုန်ကို ဆင်းတော့မှ ရပ်သွားခဲ့ပါတယ်။

ရန်ကုန်ကို မရောက်ဖူးတဲ့ တောသားများ ဖြစ်ကြတဲ့ မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စွမ်းရည်တို့လည်း ရန်ကုန်ကို သွေးတိုးစမ်းပြီး သွားရောက်လည်ပတ်ကြပါတယ်။ ဒီလိုသွားရင် ရန်ကုန်က စာရေးဆရာကြီးများထံကို ဝင်ရောက်ဂါရဝပြုကြပါတယ်။ ဆရာဇော်ဂျီက သူ့အိမ်ကို ဖိတ်ပြီး ထမင်းကျွေးပါတယ်။ ဆရာတိုက်စိုးကတော့ ဆိုင်မှာ ကျွေးပါတယ်။ ဆရာဒဂုန်တာရာကတော့ ကောလိပ်ဂျင်နေဝင်းနဲ့ ကိုဇေယျ သမီးခင်မာလာတို့ အိမ်မှာနေတာဆိုတော့ သူ နေတဲ့အခန်းက စာအုပ်တွေနဲ့ ပြည့်နေပြီး ဧည့်ခံစရာ နေရာမရှိပါ။ နီးရာ လက်ဖက်ရည်ဆိုင်ကိုပဲ ခေါ်သွားလေ့ရှိပါ တယ်။

သိပ်မကြာဘူး။ မောင်သာနိုး၊ ပန်းချီဝင်းဖေ၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ တင်မိုး၊ အားလုံး ရန်ကုန် ပြောင်းကုန်ကြတော့ မောင်စွမ်းရည်လည်း လိုက်ပြီး ပြောင်းတော့တာပါပဲ။ ရန်ကုန်ကျတော့လည်း ခေတ်စမ်းဆရာကြီးတွေ အိမ်ကိုရော၊ ရုံးကိုရော ကျွန်တော်တို့အရောက်အပေါက် များပါတယ်။ ဆရာကြီးမင်းသုဝဏ်ကဆိုရင် ကျွန်တော့်ကို သူ့ရုံးမှာ ခေါ်ပါတယ်။ နေရာ သုံး လေးနေရာ လစ်လပ် လို့ မောင်လင်းယုန်(ရှမ်းပြည်)၊ အင်းလေးမောင်တင်မြိုင်နဲ့ မောင်စွမ်းရည် သုံးယောက်ကို ခေါ်ရာ ဆရာကြီးမင်းသုဝဏ်ရဲ့ လက်ထောက် ဦးတင်အေး(တင်အေး၊ရှမ်းပြည်၊)၊ ကျော်အောင်၊ မင်းကျော်၊ မင်းမော်၊ ညွန့်ကြူး၊ တင်မိုး စတဲ့ စာရေးဆရာတွေချည်း များနေပြီဖြစ်လို့ နောက်ထပ် စာရေးဆရာတွေ မခန့်ဖို့ ကန့်ကွက်တာနဲ့ မောင်စွမ်းရည်ဟာ ပညာရေးသုတေသနဌာနကို ဝင်လိုက်ရပါတယ်။

ရန်ကုန်မှာ ကျော်အောင်၊ မင်းကျော်၊ မင်းမော် စတဲ့ စာပေသမားတွေ ဆရာကြီးများရဲ့ တပည့်ရင်း တွေပါ။ ဒါပေမဲ့ ဆရာကြီးမင်းသုဝဏ်က ခရစ်ယာန်ဆရာကြီးဦးဖေမောင်တင်ရဲ့ တပည့်အဖြစ်နဲ့ ဗိုလ်နေဝင်းကို အလုပ်ဖြစ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးရဲ့ ကျန်ရစ်တဲ့ တပည့်များက ဆရာကြီး အိမ်ကို မန္တလေးတပည့်များလောက် အဝင်အထွက် မများပါ။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပေါင်းချုပ်နဲ့ မောင်သာနိုးနဲ့ တင်မိုးက စုစည်းစီစဉ် ထုတ်ဝေတာပါ။ ဘာသာရေးစာအုပ်တအုပ် ကိုတောင် မောင်စွမ်းရည် ယူသွားပြီး မန္တလေး လူထုတိုက်က ထုတ်လိုက်ပါသေးတယ်။ ဆရာကြီး မင်းသုဝဏ်ကဆိုရင် နှစ်စဉ် ထမနဲပွဲ လုပ်ခါနီးရင် မောင်စွမ်းရည်ကို ခေါ်ပြီး “မောင်စွမ်းရည်ရေ… ၃၃ လမ်းဘက်က ကဗျာဆရာတွေကို ဗျိုးဟစ်ပြီး ဖိတ်ချေပါဦး”လို့ တာဝန်ပေးမြဲ။

ဆရာဒေါက်တာသန်းထွန်း အိမ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ စားအိမ်သောက်အိမ် ဖြစ်နေပါပြီ။ ဆရာ့ရဲ့ မြန်မာမင်းများအမိန့်တော်ပေါင်းချုပ် စာအုပ်တွဲကြီးကို တိုယိုတာဖောင်ဒေးရှင်းက ထုတ်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒေါက်တာသန်းထွန်းက … ဆရာဇော်ဂျီလည်း မန္တလေးတက္ကသိုလ်မှာ အမှုထမ်းခဲ့ဖူးပါတယ်။ မန္တလေးတက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ကောလိပ် ကျောင်းခွဲအဆင့်ကနေ သီးခြားဖြစ်လာတော့ မူလတက္ကသိုလ် မြန်မာစာဌာနက မဟာဝိဇ္ဇာတန်းနဲ့ ဂုဏ်ထူးတန်းတွေ ဖွင့်ပါတယ်။ ဒီတော့ ဆရာကြီးဦးဖေမောင်တင်ရဲ့ ခေတ်စမ်းတပည့်တွေ ဖြစ်ဖူးတဲ့ မြန်မာစာပါမောက္ခ ဦးချမ်းမြ(မြကေတု)က ဆရာကြီးဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကို ဖိတ်ခေါ်ပြီး မဟာတန်းတွေရဲ့ ကျမ်းတွေ၊ စာတမ်းတွေကို စစ်ဆေးပေးဖို့မှစပြီး လူတွေ့ စစ်မေးဖို့ ကိစ္စတွေပါ ပြုလုပ်ပေးဖို့ အကူအညီယူခဲ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့တတွေလည်း မန်းတက္ကသိုလ်တက်နေဆဲဆိုတော့ ဆရာကြီးများ အလုပ်ပြီးလို့ အပန်းဖြေခရီးထွက်ရင် မေမြို့၊ တောင်သမန်အင်း စတဲ့ နေရာဒေသတွေကို မဟာတန်းကျောင်းသား တွေနဲ့အတူ သိပ္ပံကျောင်းသားဖြစ်တဲ့ မောင်စွမ်းရည်ကိုပါ တင်မိုး၊ မောင်သိန်းနိုင်တို့နဲ့အတူ ဖိတ်ခေါ်လိုက်ပါစေပါတယ်။ ဆရာကြီးတို့နဲ့ မေမြို့ခရီးက အပြန်မှာ ကားမှောက်လို့ မောင်သိန်းနိုင် ခြေကျိုးတော့ ဆရာကြီးများကလည်း ဝိုင်းဝန်းဂရုစိုက်ကြပါတယ်။ ရန်ကုန်၊ မန္တလေး ခွဲပြီး ပြောရပေမယ့် ခေတ်စမ်းဆရာကြီးများက မန်းတက္ကသိုလ် ပြုစုပျိုးထောင်ရေးမှာလည်း ပါဝင်ခဲ့ကြပါ တယ်။

ဆရာကြီးများရဲ့ ကျေးဇူးက မကင်းရုံ မဟုတ်ပါ။ ကျေးဇူးအလွန်ကြီးလှပါတယ်။ ကျေးဇူးသိခြင်းဟာ လည်း မင်္ဂလာတပါးပါပဲ။ ကျေးဇူးကမ္ဘာ၊ ကျေးဇူးစကြဝဠာ ဆိုရမှာပါ။

မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာများမှာ တင်မိုးတို့က တင်စိုးအထိ၊ ဂျူး တို့၊ နုနုရည်(အင်းဝ) တို့အထိ ဒီဆရာကြီးတွေရဲ့ စာပေကျေးဇူး မကင်းနိုင်ပါ။ စာပေဝေဖန်သူများကတော့ မန်းတက္ကသိုလ် ကဗျာတွေကို Neo Khitson ပါပဲ။ ခေတ်စမ်းလက်သစ်ပါပဲတဲ့။ စာပေအနုပညာဆိုတာ တခေတ်ပြီး တခေတ် အမွေခံသွားကြရတာပဲ မဟုတ်ပါလား။

မောင်စွမ်းရည်
၂၀၂၀ ဖေဖော်ဝါရီ ၂၁ ရက်
နယူးယောက်