Breaking News

ဆိုင်ကလုန်း နဲ့ နိုင်ငံရေး

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၁ မြင်ကွင်း

(မိုးမခ) မေ ၁၂၊ ၂၀၂၃

ဆိုင်ကလုန်း နဲ့ နိုင်ငံရေး 

လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဆိုင်ကလုံးမုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ နေ့စဥ်ရက်ဆက်ဆိုသလို ဖော်ပြနေကြပြီး မိုးလေဝသ ပညာရှင်တွေကလည်း ခန့်မှန်းချက်တွေ သတိပေးချက်တွေကို ဆိုရှယ်မီဒီယာမှာ သတင်းဌာနတွေနဲ့ အမေးအဖြေတွေကတဆင့် အသိပေး နှိုးဆော်နေခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကြာ ၂၀၀၈ ခုနှစ်တုန်းက အခြေအနေနဲ့ ပြန်ပြောင်းနှိုင်းယှဥ်ကြည့်တဲ့အခါ အင်တာနက် တွင်တွင်ကျယ်ကျယ် သုံးစွဲလာနိုင်တာနဲ့ ဆိုရှယ်မီဒီယာကတဆင့် လွယ်လွယ်ကူကူ တင်ပြလာနိုင်တာတွေက သိသိသာသာ ကွာခြားသွားတဲ့ အနေအထားကို တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို မဝင်ခင်မှာ အခုလို မုန်တိုင်းဖြစ်နိုင်ခြေ၊ လမ်းကြောင်း၊ ပြင်းထန်မှုနဲ့ ပတ်သက်ပြီးလူထုအနေနဲ့ အုံးအုံးကျွက်ကျွက် ပြောဆိုဖလှယ်ကြတာမရှိသေးပါဘူး။

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်မှု ရှိနေပြီဆိုပေမယ့်လည်း လူအများစုက အိမ်မှာ၊ လက်ကိုင်ဖုန်းပေါ် မှာ အင်တာနက် သုံးနိုင်တဲ့ အနေအထားမဟုတ်သေးပါဘူး။ ရန်ကုန်လိုမြို့မှာတောင် အင်တာနက်ဆိုင်တွေမှာ သွားရောက်သုံးစွဲကြရတဲ့ ကာလဖြစ်ပါတယ်။ နယ်မြို့တွေအနေနဲ့က ပိုအလှမ်းဝေးပြီး အင်တာနက် မြန်နှုန်းကလည်း အခုနဲ့ နှိုင်းယှဥ်ရင် အဆပေါင်းများစွာ နှေးကွေးပြီး မိုးလေဝသဆိုင်ရာ အက်ပ် စတွေ သုံးနိုင်တဲ့အခြေအနေမျိုး စိတ်ကူးတောင် မယဥ်နိုင်တဲ့အနေအထား ဖြစ်ပါတယ်။ အစိုးရ သတင်းစာ၊ ရုပ်သံ ရေဒီယိုနဲ့ ပြည်ပက ထုတ်လွှင့်တဲ့ မြန်မာပိုင်းသတင်းတွေကိုသာ အားကိုးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ 

အခုလက်ရှိမှာတော့ မြို့နဲ့ ကျေးလက်ဒေသက သူတချို့ကိုယ်တိုင် အင်တာနက်ကို ဖုန်းကတဆင့်သုံးနိုင်တာမို့လို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်မယ့် သတိပေးနှိုးဆော်မှုတွေကို လက်လှမ်းမီလာတဲ့ အနေအထားဖြစ်ပါတယ်။ မိုးလေဝသ ခန့်မှန်းချက်၊ အသိပေးနှိုးဆော်ချက်နဲ့ပတ်သက်လို့ နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်တာကိုပဲ အားကိုးစရာမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာ့မိုးလေဝသ ပညာရှင်တချို့က နေ့စဥ် စောင့်ကြည့် အသိပေးနေတဲ့ ခန့်မှန်းချက်တွေကို သာမန်လူတွေလည်း အင်တာနက်ပေါ်မှာ ကြည့်ရှုနိုင်တဲ့အနေအထား ရောက်နေတာက ၂၀၀၈ တုန်းကထက် အားသာချက်လို့ ဆိုနိုင်ပါတယ်။ 

လူထုရဲ့ နိုးကြားမှု သဘာဝဘေးနဲ့ပတ်သက်လို့ စောင့်ကြည့် နားစွင့်နေတဲ့ အနေအထား၊ အင်တာနက် ဆိုရှယ်မီဒီယာမှာ အသိပေးနှိုးဆော်ချက်တွေကို ရပ်ကွက်၊ ကျေးရွာထဲမှာ ပြန်လည်မျှဝေ ဖြန့်ချိပေးတဲ့ သူတွေလည်း လူမှုအသိုင်းအဝိုင်းမှာ ရှိနေကြလို့ အားသာချက် တခုဖြစ်ပါတယ်။ သို့ပေမယ့် ချွင်းချက်အဖြစ် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီက လ၊ နှစ် နဲ့ချီပြီး အင်တာနက် ဖြတ်တောက်ထားတာတွေ ရှိလို့ ပလက်ဝလို၊ မတူပီလို ရခိုင်ရဲ့အချို့ဒေသတွေ ၊ မကွေးတိုင်းမြောက်ပိုင်း အစရှိတဲ့ ဒေသက ဒေသခံတွေအဖို့ သတင်းအချက်အလက် အချိန်မီမရနိုင်တဲ့ ပြဿနာလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေအထိ ဆွေးနွေးလာတာက သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ဆိုင်းကလုန်းနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရရှိမှု နှိုးဆော်မှုအပိုင်းဖြစ်ပါတယ်။ သတင်းအချက်အလက်ရရှိပြီးနောက်မှာ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေမှာ ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းနေရာချရေး၊ မုန်တိုင်းအကာအကွယ် စတာတွေ လုပ်နိုင်တဲ့ အင်အားရှိရဲ့လား၊ အခုလို တိုင်းပြည်မှာ နိုင်ငံရေးအရ ကြီးမားနက်ရှိုင်းတဲ့ စိတ်ဝမ်းကွဲပြားမှု၊ ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေချိန်မှာ နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားပြီး ကယ်ဆယ်ရေး၊ ကာကွယ်ရေးယန္တရားကို စီမံခန့်ခွဲနေတဲ့ စစ်ကောင်စီလို အစိုးရမျိုးကို ဒေသခံ လူထုရဲ့ မယုံကြည်မှု၊ အချို့ဒေသတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးလည်း မရှိသလို PDF တွေအနေနဲ့ အုပ်ချုပ်ထားပေမယ့် အခြားဒေသတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အခြေအနေမရှိခြင်းတွေကြောင့် လာမယ့် ၃ ရက်အတွင်း တနာရီကို မိုင် ၉၀ ကနေ ၁၀၀ ကျော် တိုက်ခတ်နိုင်တဲ့ အဆင့်သတ်မှတ်ချက် ၃ အဆင့် ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကို ဘယ်လို ရွှေ့ပြောင်း ကယ်ဆယ်ကြမလဲဆိုတာ တွေးကြည့်လို့ အဖြေမရှိတဲ့ အနေအထားဖြစ်ပါတယ်။ 

နောက်ဆုံး ခန့်မှန်းချက်တွေအရ မိုခါ လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တော နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားအနီးကနေ ကုန်းတွင်းဝင်ရောက်မယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးမှုနည်းတဲ့ဒေသ၊ မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်ကြတဲ့ ကော့ဘဇား၊ မကြာခင်နှစ်တွေအတွင်း လက်နက်ကိုင် ပဋိပက္ခဒဏ် ဖြတ် ၄ ဖြတ် ပိတ်ဆို့မှု ဒဏ်တွေ ခံစားခဲ့ကြရတဲ့ ဒေသ၊ မုန်တိုင်းက ကမ်းတက်ပြီးနောက် ကုန်းတွင်းဝင်ရောက်တဲ့အခါ ရခိုင်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်း မတူပီဒေသ ဆိုရင်လည်း လက်နက်ကိုင်တိုက်ပွဲတွေ အကြားက ပဋိပက္ခဧရိယာဖြစ်သလို ဆက်ပြီး အားပျော့ မပျက်ပြယ်မီ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်တိုက်ခတ်ခံရနိုင်တာ မကွေးတိုင်း မြောက်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ သက်ရောက်ခံစားရမယ့် သူအရေအတွက်က ၂ သန်း နီးပါးရှိတယ်လို့ နိုင်ငံတကာ သဘာဝဘေးအန္တရာယ် သတိပေးစနစ်က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီဒေသ ၄ ခုစလုံးမှာ လက်နက်ကိုင် ပဋိပက္ခလက်ရှိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာနဲ့ ဖြစ်ပွားပြီးစ ဒေသတွေဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ 

အခုလို မုန်တိုင်း အန္တရာယ် ကျရောက်မယ့်အချိန်မှာ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ကယ်ဆယ်ရေး ရွှေ့ပြောင်းရေးတွေကို လက်နက်ကိုင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ခဏဘေးချထားပြီး ပူးပေါင်းဆောင်ရွက်ကြမယ့် အလားအလာတွေ မတွေ့ရပါဘူး။ အဲဒီဒေသတွေမှာ တနေရာနဲ့တနေရာ သွားလာတာကို လုံခြုံရေးအရ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်လို့ မုန်တိုင်း ဝင်ရောက်ဖို့ ၃ ရက်မပြည့်တော့တဲ့အချိန်အထိ အဆိုပါဒေသတွေက လူထုတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြတဲ့ သတင်းတွေ မကြားရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခု မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေထဲမှာ လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖွဲ့က သတ်သတ်မှတ်မှတ် နိုင်နိုင်နင်းနင်း အုပ်ချုပ်ထားနိုင်တဲ့ အခြေအနေ မဟုတ်တာ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းမယ့် ဒေသကို သွားရောက်ဖို့ လုံခြုံရေးဆိုင်ရာ စစ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေက အတားအဆီးဖြစ်နေတာ အခြေအနေမပေးတာတွေလည်း ရှိနေနိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး မကြာခင်ရက်ပိုင်းက အစည်းအဝေးတွေ ကျင်းပနေတာ သတင်းထဲ တွေ့ရပေမယ့် မြေပြင်မှာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ နှိုးဆော်ချက်မျိုးထက် မပိုတဲ့ အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သဘာဝဘေး အန္တရာယ် ကျရောက်နိုင်ခြေရှိနေတဲ့အခါ နိုင်ငံရေးအရ အကျပ်အတည်း အခြေအနေမဟုတ်တဲ့ အခြားနိုင်ငံတွေလို ဒေသခံလူထု သိန်း၊ သန်းနဲ့ချီတဲ့ပမာဏကို အစိုးရရဲ့ အကူအညီနဲ့ ဘေးလွတ်တဲ့ ဒေသတွေအထိ ရွှေ့ပြောင်းဖို့ ကယ်ဆယ်ရေးတွေ လက်ရှိ မြန်မာနိုင်ငံမှာ တွေ့ရဖို့ မဖြစ်နိုင်တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက နာဂစ်ဒဏ် အဆိုးရွားဆုံးခံစားခဲ့ဖူးတဲ့ လပွတ္တာမြို့နယ်ထဲက ပင်လယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက ဒေသခံတွေ ထောင်နဲ့ချီ လပွတ္တာမြို့ကို မိမိတို့အစီအစဥ်နဲ့ ယာယီရွှေ့ပြောင်း နေထိုင်ကြတဲ့ အဖြစ်အပျက်တွေသာ ကြားသိရပြီး ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ပတ်သက်တဲ့ ရွှေ့ပြောင်းမှု သတင်းတွေ မကြားသိကြရသေးပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar