အိုက်နီ(ဖြူး) - 7 July ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံက မွေးဖွားလာတဲ့ ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး
ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး
အိုက်နီ(ဖြူး)
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၃
ရန်ကုန်တက္ကသိုလ်ဝန်းထဲက စိန်ပန်းနီနီတွေနဲ့အတူ ရောယှက်လျက် သွေးနံ့တသင်းသင်းပျံ့လွင့်နေခဲ့သည်မှာ ၆၁ နှစ်တိုင်ခဲ့ပြီ။ လူမသိသူမသိကျဆုံးသွားခဲ့ရတဲ့ ကျောင်းသားအာဇာနည်တွေရဲ့အမည်နာမတွေကို ရေရွတ်ဖို့ ခုချိန်ထိ ကျဆုံးရဲဘော်တွေရဲ့ အမည်တွေဖော်ထုတ်ခွင့်မရခဲ့သည်မှာလည်း ၆၁ နှစ်တိုင်ခဲ့ပါပြီ။ (၇) ဇူလိုင်ကျောင်းသားအရေးတော်ပုံဟာ ကျောင်းသားအရေးသီးသန့်ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားအရေးတော်ပုံတခုတော့မဟုတ်ပါဘူး။ ဗမာ့မြေပေါ်မှာ စစ်အာဏာရှင်စနစ်ကို အစောဆုံးဆန့်ကျင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခုပါ။ ဗိုလ်နေဝင်းရဲ့ စစ်ဘီလူးမျက်နှာဖုံးကိုခွာချပစ်တဲ့ အရေးတော်ပုံတခုဖြစ်ပါတယ်။ ၁၉၆၂ ခုနစ်မတ်လ (၂) ရက်နေ့ အာ ဏာသိမ်းပွဲကို အစောဆုံးအုံ့ကြွပုန်ကန်မှုတရပ် ဖြစ်ပါတယ်။
မတ်လ ၄ ရက်နေ့မှာ ဗကသ၊ တကသ၊ ရကသ၊ လူမျိုးစုကျောင်း သားသမဂ္ဂတို့ရဲ့ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်မဟုတ်ခဲ့ဘဲ ကျောင်းသားအရေးသီးသန့်၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ လူထုလူတန်း စားအရေးဆိုတဲ့ ကန့်လန်ကာကိုဆွဲဖြဲထုတ်ပစ်ခဲ့ပြီး လူထုလူတန်းစားအရေး၊ တပြည်လုံးအရေးဆိုတာ အားလုံးနဲ့ဆက်စပ်နေတာလို့ အသက်သွေးနဲ့ရင်းကာဖော်ထုတ်တဲ့လှုပ်ရှားမှုတရပ်ဖြစ်ပါတယ်။ မေလ(၉)ရက်နေ့ ဒတ်ချ်သံရုံးရှေ့ဆန္ဒပြပွဲအပြီးမှာ ဗိုလ်နေဝင်းဟာ ဥပဒေအမှတ် (၃) နှင့် (၄) ကိုထုတ်ပြန်ပြီး တက္ကသိုလ်အက်ဥပေဒကို ရုတ်သိမ်းခဲ့တယ်။
မေလ(၁၄)ရက်နေ့မှာ စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရက တက္ကသိုလ်ကောင် စီပြန်ဖွဲ့စည်းခဲ့တဲ့အခါ တက္ကသိုလ်အဓိပတိအဖြစ် စစ်တပ်မှလာတဲ့ ဗိုလ်မှူးချုပ်သန်းဖေကိုခန့်အပ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန်တို့ကိုခန့်အပ်တဲ့အပြင် ဦးကာကို တက္ကသိုလ်ပါမောက္ခချုပ်အဖြစ်ခန့်အပ်တာဟာ တိုင်းပြည်ကို စစ်အာဏာသိမ်းတဲ့အပြင် တက္ကသိုလ်ကိုပါ ထပ်မံအာဏာသိမ်းလိုက်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဇွန်လ (၁၈) ရက်နေ့မှာ စစ်အာဏာသိမ်းပွဲကို ဆန့်ကျင်ခဲ့တဲ့ကျောင်းသားထုကို တင်းကြပ်တဲ့ကျောင်းဆောင်စည်းကမ်း (၂၂)ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစည်းကမ်းချက်တွေဟာ ကျောင်းကို အကျဉ်း ထောင်သဖွယ်လုပ်ဆောင်လာတာဖြစ်လို့ ကျောင်းသားတွေရဲ့ ဒေါသကိုအထွတ်အထိပ် ရောက်စေခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့မှာ တက္ကသိုလ်သမဂ္ဂအဆောက်အဉီးမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂကကြီးမှူးပြီး ရန်ကုန်မြို့မအထက်တန်းကျောင်းသားထုနဲ့တက္ကသိုလ်ကျောင်းသားထုအစည်းအဝေးတရပ်ကျင်းပပြီး “ ကမောက် ကမ ပညာရေးစနစ်ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်းချက်တွေ ရုတ်သိမ်းရေး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြပွဲကြီးပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီဆန္ဒပြပွဲဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ ဇူလိုင်လ (၆) ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အစိုးရက တက္ကသိုလ်ကောင်စီကို စိတ်တိုင်းကျပြင်ဆင်ဖွဲ့စည်းတာကိုအကြောင်းပြုပြီး ရွှေဘိုဆောင်ကနေ အဆောင်အပြင်ဘက် တက္ကသိုလ်ဝန်းအတွင်းငြိမ်း ချမ်းစွာဆန္ဒပြပွဲကို တက္ကသိုလ်အဆောင်တိုင်းကပါဝင်ခဲ့တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးက တက္ကသိုလ်ဝန်းအတွင်းဆန္ဒပြသည့်အပြင် တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်နဲ့ ပါမောက္ခချုပ်ဦးကာ အိမ်ရှေ့ကိုဝိုင်းကာ ဆန္ဒဖော်ထုတ်သည်အထိ ကျယ်ပြန့်ကြီးမားခဲ့တဲ့ ကျောင်းသားထုရဲ့ညီညွတ်ရေးအားကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဇူလိုင်လ (၇) ရက်နေ့မှာ သမဂ္ဂအဆောက်အဦကနေ တက္ကသိုလ်ဝင်းအတွင်း ထပ်မံဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့အင်အားအလုံးအရင်းနဲ့ ဗကသဥက္ကဋ္ဌ ကိုသက်၊ တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ရကသအတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင် သမဂ္ဂခေါင်းဆောင်အများအပြားကို ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ လုံထိန်းရဲတွေရဲ့ အကြမ်းဖက်ရိုက်နှက်ဖြိုခွဲတဲ့အပြင် ညနေ ၄ နာရီမှာ စစ်ကား (၂) စီးနဲ့ တပ်ရင်း (၄) မှ စစ်သားတွေဟာ အစွယ်ငေါငေါထွက်နေတဲ့ စစ်ဘီလူးသဖွယ် တက္ကသိုလ်ဝန်းတခုလုံးကို စစ်ပြေပြင်သဖွယ် ပိတ်ဆို့ထားလိုက်ပါတော့တယ်။ ချေမှုန်းရေးရိုင်ဖယ်များ၊ G3 ဂျီသရီး သေနတ်တွေနဲ့ လက်နက်မဲ့ကျောင်းသားထုကို စစ်မြေ ပြင်သဖွယ် စာနာမှုမရှိ လူစိတ်မရှိစွာ၊ အညှာအတာကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတော့တယ်။ ဇူလိုင်လ မနက် (၄) နာရီဝန်းကျင် လင်းအားကြီးချိန်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲအဆက်ဆက်ခေါင်းဆောင်တွေကို သန္ဓေတည်မွေးထုတ်ပေးခဲ့တဲ့ အမိ တကသ သမဂ္ဂအဆောက်အဉီးကို ကွန်မြူနစ်တွေခိုအောင်းရာအဆောက်အဉီးလို့ တံဆိပ်ကပ်ကာ ဒိုင်းနမိုက်နဲ့ ဖြိုခွင်းပစ်ခဲ့တယ်။ အမိတကသအဆောက်အဉီးဟာ မြေပြင်သို့ ပြိုလဲကျဆင်းသွားပြီး သွေးရေအလူးလူးနဲ့ ကျောင်းသားလူငယ်တွေ ရာနဲ့ချီ သွေးရည်တွေဟာ သွေးမြစ်တွေသဖွယ် တက္ကသိုလ်ဝင်းအတွင်းက စိန်ပန်းပွင့်တွေနဲ့ ရောယှက်ကာ ရဲရဲနီခဲ့ပါတော့တယ်။ တက္ကသိုလ်ဝန်းအတွင်းက စိန်ပန်းပွင့်တွေကောက်ခဲ့မယ်ဆိုရင် အချို့စိန်ပန်းပွင့်တွေဟာ ပန်းပွင့်တွေအစား ညှီစို့စို့နဲ့ ခဲပျစ်နေတဲ့ အနီရောင်အရေတွေအဖြစ်သာ ကောက်မိရတော့သည်အထိ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းစာမျက်နှာအဖြစ် ထင်ကျန်နေခဲ့မှာပဲ ဖြစ်ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျောင်းသားရဲဘော်တွေဟာ တိမ်းရှောင်ပုန်းခိုနေရင်း မြောင်းမြကိုကျော်ဝင်း မန္တလေးအဆောင်မှာ သွေးနဲ့ရေးသားခဲ့တဲ့ “ ၇.၇.၆၂မမေ့ကြနဲ့ ” ဆိုတဲ့ (၇)ဇူလိုင်စိတ်ဓာတ်တွေက နောင်လာမယ့် အရေးတော်ပုံအတွက် ပြာဖုံးနေတဲ့ မီးခဲတွေအဖြစ်ရောက်ရှိခဲ့ပါတယ်။
၁၉၆၃ ခုနှစ် ဧပြီ (၁) ရက်နေ့မှာ စစ်အာဏာရှင်ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပြီး အကျဉ်းထောင်အသီးသီးက နိုင်ငံရေးသမားများ၊ ကျောင်းသားများနဲ့ လကျန်၊ နှစ်ကျန်အကျဉ်းသားတွေ စုစုပေါင်း (၁၂,၀၀၀) ကို လွှတ်ပေးပြီး လူသတ်သမားဗိုလ်နေဝင်းဟာ သမိုင်းအမည်းစက်ကို ချေဖျက်လို့ရလိုရငြားဆောင်ရွက်တဲ့အပြင် ဇွန်လ ၁၁ ရက်နေ့မှာ တောတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ယူခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗမာပြည်ကွန် မြူနစ်ပါတီ၊ အလံနီကွန်မြူနီပါတီ၊ ကရင့်အမျိုးသားအစည်းအရုံး၊ ကရင့်တော်လှန်ရေးကောင်စီ (စောဟန်သာမွှေး)၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ ၊ ရှမ်းပြည်လွတ်လပ်ရေးတပ်ပေါင်းစု/ ရှမ်းပြည်လွတ် မြောက်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရခိုင်ပြည် ပြည်သူ့မျိုးချစ်ပါတီ၊ ရခိုင်ပြည်ကွန် မြူနစ်ပါတီ၊ ရခိုင်အလံနီ (ဦးကျော်ဇံရွှေး)တို့တက်ရောက်ဆွေးနွေးကြပေမယ့် ကရင့်တော်လှန်ရေးကောင်စီ စောဟန်သာမွှေးတဖွဲ့နဲ့သာ သဘောတူညီမှုရရှိပြီး သဘောထားမမှန်ကန်တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ အတု အယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရသည်။
(၇) ဇူလိုင်အရေးတော်ပုံမှာတက်ကြွစွာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ လူမျိုးစုကျောင်းသားသမဂ္ဂအတွင်းရေးမှူးကယန်းလူမျိုး ဦရွှေအေး (ခ) ငိန်းကယန်းထန်ဟာ (၆) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲမှာ လူမျိုးစုကျောင်း သားသမဂ္ဂအလံကိုကိုင်ဆွဲပြီး ဗိုလ်နေဝင်းစစ်အုပ်စုကို (၇) ဇူလိုင်အရေးတော်ပုံရဲ့ အခန်းဆက်တိုက်ပွဲအဖြစ် ရဲဝင့်စွာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဦးရွှေအေး(ခ) ငိန်းကယန်းထန်ဟာ (၇) ဇူလိုင်အရေးတော်ပုံမှာ အသက်ရှင်ကျန် ရစ်ခဲ့သူတွေထဲက ခေါင်းဆောင်တဉီးဖြစ်ပြီး ကယန်းလူမျိုးတဦးလည်း ဖြစ်ပါတယ်။ လူမျိုးစုကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟာ ပေါ်ထွက်မလာတာကြောင့် တိုက်ပွဲအတွင်းကနေပဲ ဦးရွှေအေး(ခ)ငိန်းကယန်းထန်ကို လူမျိုးစုကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါတော့တယ်။ ဩဂုတ်လ (၉) ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုဟာ လူဖမ်းပွဲစတင်ကျင်း ပတာကြောင့် ဦရွှေအေး(ခ)ငိန်းကယန်းထန်ဟာ လက်နက်ကိုင်တော်လှန် ရေးဆင်နွှဲမှသာ ဗိုလ်နေဝင်းစစ်အုပ်စုကို ဖြိုချဖျက်ဆီးနိုင်မည်ဆိုတာ နား လည်သဘောပေါက်ပြီး လက်နက်ကိုင်တော်လှန် ရေးအပေါ် ကျောက်စိုင်ကျောက်ခဲပမာ ခိုင်မြဲစွာလက်ခံယုံကြည်ပြီး လက်နက်ကိုင်တော်လှန်ရေးနယ်မြေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံခဲ့ပါတယ်။ ကရင့်အမျိုးသားအစည်းအရုံးနဲ့ မဟာမိတ်ဆက်ဆံရေးဆွေး နွေးခဲ့ရာ ကယန်းလူမျိုးများကိုအခြေပြုတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်မတော်တရပ်ပေါ် ပေါက်လာရန် နေထိုင်ရာကယန်းတောင်တန်းဆီကို ပြန်လာခဲ့ပါတယ်။
၁၉၆၄ ခုနှစ်မှာ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရက (၅၀) ကျပ်တန်နဲ့ (၁၀၀) ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေ ညာဖျက်သိမ်းလိုက်တာကြောင့် တပြည်လုံးအပါအဝင် ကယန်းလူမျိုးတိုင်းရင်း သားတွေဟာ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲရေကာတာတည်ဆောက်ရာမှာ ကယန်းပြည်သူထောင်နဲ့ချီ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ ကယန်းကျေးရွာပေါင်း (၆၀) ကျော် ရေနစ်ပျက်ဆီးခြင်း၊ လယ်ယာမြေများရေနစ်ပျက်ဆီးခြင်း အစရှိတဲ့ ဆုံးရှုံးနစ်နာမှုနဲ့ ငွေစက္ကူတွေဖျက်သိမ်းခြင်းဒဏ်တွေကြောင့် ခေါင်းမဖော်နိုင်အောင် ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ တပ်မှူးဟောင်း ဗိုလ်ပျန်ရဲ့ ခေါင်းဆောင်မှုနဲ့ စုစည်းမိလာတဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ ဝါရီ၊ လွိုင်ကော်ဒေသခံကယန်းလူထုနဲ့ ကျောင်းသားခေါင်းဆောင်ဦးရွှေအေး (ခ) ငိန်းကယန်းထန်ပေါင်း စည်းမိပြီး ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးကို ဇွန်လ (၄) ရက်နေ့မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
ဇွန်လ (၄) ရက်နေ့မှာ ဖယ်ခုံမြို့နယ်ထဲက ပီကင်းရဲစခန်းကို ရရာလက်နက်စွဲကိုင်ထားတဲ့ အရပ်သားကယန်းပြည်သူတွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သေနတ်သံဟာ ကယန်းဒေသအနှံ့အပြားပျံ့လွင့်သွားပါတော့တယ်။ လက်နက်ကိုင်တော်လှန်ရေးပေါ် ပေါက်ပြီး ဩဂုတ်လ (၈) ရက်နေ့မှာ နိုင်ငံရေးခေါင်းဆောင်မှုပေးရန် ကယန်းပြည်သစ်ပါတီကိုဖွဲ့စည်းခဲ့ပြီး ကယန်းအမျိုးသားလက်နက်ကိုင်တော် လှန်ရေးက ပေါ်ထွက်လာတဲ့ ကယန်းပြည်သူတွေကို ကယန်းပြည်သစ် တပ်မတော်အဖြစ် စုစည်းဖွဲ့စည်းခဲ့ပါတယ်။ အခြေခံမူ(၁၂) ချက်နဲ့ကယန်းပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ပျန်၊ အတွင်းရေးမှူးအဖြစ် ဦးရွှေအေး(ခ) ငိန်းကယန်းထန်တို့က ခေါင်း ဆောင်ခဲ့ပါတယ်။ ကယန်းပြည်သစ်ပါတီထူထောင်အပြီး (၂)လတာအကြာမှာ ရန်သူရဲ့ကြီးမားတဲ့ချေမှုန်းရေး ထိုးစစ်တွေကြောင့် ပါတီဥက္ကဋ္ဌ ဗိုလ်ပျန်နဲ့ ဗဟိုကော်မတီအများစုဟာ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားကြပါတယ်။ အတွင်းရေးမှူး ဦးရွှေအေး (ခ) ငိန်းကယန်းထန်ဟာ ရန်သူ့ထံလက်နက်ချအညံ့ခံမှုအလျဉ်းမရှိဘဲ ပါတီဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရင်း ပါတီရှင်သန်ရေး၊ မဟာမိတ်ရှာ ဖွေရေးကို မနားမနေကြိုးစားရင်း ကယန်းအမျိုးသားလက်နက်ကိုင်တော် လှန်ရေးအလံကို ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ခဲ့ပါတယ်။
၁၉၆၈ ခုနှစ်မတ်လမှာ ဗိုလ်အိုင်ကံဖြူ၊ ဦးသန်းစိုးနိုင်တို့ ညီအကိုတွေဟာ ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအတွင်းရောက်ရှိလာခဲ့ရာ အချိန်တိုအတွင်း တောင့်တင်းခိုင်မာတဲ့ ကယန်းပြည်သစ်ပါတီအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလအကုန်မှာ ကရင့်အမျိုးသားအစည်းအရုံးပါတီ (KNUP)၊ ကရင် နီအမျိုးသားတိုးတက်ရေးပါတီတို့နဲ့ အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစုကိုဖွဲ့စည်းခဲ့ပြီး ၁၉၆၉ ခုနှစ် နွေဦးအရောက်မှာရန်သူရဲ့ထိုးစစ်ကိုပူးတွဲစစ်ဆင်ချေမှုန်းမှုတွေဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း ကယန်းဒေသမြောက်ဖက်မှာလှုပ်ရှားနေတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးအဖွဲ့ (ရလလဖ) နဲ့ပူးတွဲစစ်ရေး ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဗိုလ်အိုင်ကံဖြူဦးဆောင်တဲ့ကိုယ်စား လှယ်အဖွဲ့ဟာ မြန်မာအမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မ.ဒ.တ) အဖွဲ့မှာအဖွဲ့ဝင်အဖြစ် စစ်ရေးပူးတွဲဆင်နွှဲနိုင်ခဲ့တဲ့အပြင် ၁၉၇၈ ခုနစ်မှာ စစ်ရေး နိုင်ငံရေး ပိုမိုဆောင်ရွက်နိုင်ရန် ဗမာပြည်ကွန်မြူနစ်ပါတီတည်ရှိရာ ပန်ဆန်းသို့ ချီတက်ခဲ့ပါတယ်။ ဗမာပြည်ကွန် မြူနစ်ပါတီခေါင်းဆောင်ပြီး ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ၊ ကရင်နီ ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တို့ပါဝင်တဲ့ စစ်နယ် (၄) နယ်အဖြစ် အလယ်ပိုင်းစစ်ဒေသကို ဖွဲ့စည်းခဲ့ပါတယ်။ ပျဉ်းမနားစစ်နယ်တာဝန်ခံကို ဦးသန်းစိုးနိုင် (ကယန်းပြည်သစ်ပါတီ)၊ လွိုင်ကော်စစ်နယ်တာဝန်ခံကို ဉီးညာမောင်မဲ (ကလလတ)၊ မိုးနဲစစ်နယ်တာဝန်ခံကို ဦးစိုးအောင်မြင့် (ရလလဖ)၊ တောင်ကြီးစစ်နယ်တာဝန်ခံ ဦးအောင်မြင့် (ရလလဖ)တို့က ဦးစီးဆောင်ရွက်ကြပြီး ရန်သူကိုထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ပါတယ်။ ၁၉၈၉ တွင် ဗမာပြည်ကွန်မြူ နစ်ပါတီအတွင်း အာဏာ သိမ်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် နိုင်ငံရေးခေါင်းဆောင်မှုကို စုပေါင်းခေါင်းဆောင်မှုအဖြစ် လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (လပဒတ )ကို ဖွဲ့စည်းခဲ့တယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံအတွင်းကကျောင်းသားလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့တွေဟာ (လပဒတ)နယ်မြေအတွင်းကို ခိုလှုံလာခဲ့ကြပါတယ်။
၁၉၉၁ ခုနစ်မှာ “ ခိုင် တိုး ဆက် စစ်ဆင်ရေး ” လို့ အမည်ပေးတဲ့တပ်ပေါင်းစုစစ်ရေးစီမံကိန်းတခုဖော်ထုတ်ခဲ့ပါတယ်။ “ ခိုင် ” ဆိုတာက အခြေခံဒေသ ခိုင်မာရေး၊ “တိုး” ဆိုတာက အခြေခံဒေသ တိုးချဲ့ရေး၊ “ဆက်” ဆိုတာက ပြည်မရှိ ဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်စပ်ရေးပဲ ဖြစ်ပါတယ်။
၁၉၉၂-၁၉၉၃ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဦးအေးဆောင်ခေါင်းဆောင်တဲ့ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (PLF)၊ ဒီမိုကရေစီပြည်ချစ်တပ်မတော် (DPA)၊ DNA၊လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) အဖွဲ့တို့က (လပဒတ)တပ်ပေါင်းစုမှာ အားဖြည့်ပူးပေါင်း ပါဝင်ခဲ့ကြတယ်။ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေးတွေကြောင့် (လပဒတ) ဟာ မှေးမှိန်ခဲ့ရပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ကယန်းအမျိုးသားလူငယ်တွေဟာ ဗိုလ်မင်းအောင်လှိုင်ရဲ့စစ်အာဏာသိမ်းမှုကို ရရာလက်နက်စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်ရေးဟာ (၇) ဇူလိုင်အရေးတော်ပုံက ကယန်းအမျိုးသားခေါင်း ဆောင် ဦရွှေအေး(ခ)ငိန်းကယန်းထန်ချမှတ်ခဲ့တဲ့ နိုင်ငံရေးသန္ဓေကိုဆက်ခံကာ တော်လှန်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ကယန်းအမျိုးသားအများစုပါဝင်နေတဲ့ စစ်အစိုးရနဲ့ (၂၉) နှစ်ကြာအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ထားတဲ့ BGF ခံယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့မှာ စစ်ကောင်စီအစိုးရကို ဆန့်ကျင်တော်လှန်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ဆင်နွှဲနေတဲ့လက်နက်ကိုင်တော်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်အစိုးရတိုက်ဖျက်ရေး၊ စစ်ယန္တရားကိုဖျက်ဆီးရေးဆိုတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးဟာ စစ်အာဏာရှင်အဆောက်အအုံကြီးတခုလုံးပြိုလဲအောင် တိုက်ပွဲဝင်ကြရမယ့်အချိန်ကာလ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပြည်သူတွေပါဝင်တဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးတည်ဆောက်ပြီး (၇) ဇူလိုင်စိတ်ဓာတ်ကိုင်စွဲကာ တပ်ပေါင်းစုနည်းဖြင့်သာ အောင်ပွဲ ခံနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ပါတယ်။
အိုက်နီ(ဖြူး)
၂၀၂၃ ခုနစ်၊ ဇူလိုင်လ(၇)ရက်နေ့
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar