Breaking News

မောင်စွမ်းရည် - အမေရိကမှာ ဈေးဝယ်ခြင်း



မောင်စွမ်းရည် - အမေရိကမှာ ဈေးဝယ်ခြင်း

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၀

ကျွန်တော်တို့မိသားစုဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြောက်မှာ နေထိုင်ပါတယ်။ ဘယ်မြို့၊ ဘယ်အရပ်မှာပဲ နေနေ၊ အနီးအနားမှာပဲ စူပါမားကက် ခေါ်တဲ့ ကုန်စုံဆိုင်ကြီးတွေ ရှိတတ်ပါတယ်။ မီနီမားကက် ခေါ်တဲ့ ကုန်စုံဆိုင် အသေးစားလေးတေွလည်း အနီးအနားမှာ ရှိတတ်ပါတယ်။ စူပါမားကက်ကြီးတွေက တရုတ်ဆိုင်ကြီးတွေ ဖြစ်တတ်ပြီး မီနီမားကက်ကလေးတွေကတော့ ကုလားဆိုင်တွေ ဖြစ်တတ်ပါတယ်။ အမေရိကန် ရောင်းတဲ့ဆိုင်ကတော့ အရက်ဆိုင်ပဲ တွေ့ဖူးပါတယ်။

ကျွန်တော်တို့ကတော့ အနီးအနားက စူပါမားကက်ကြီးတခုကိုပဲ သွားပြီး ဝယ်ပါတယ်။ ရပ်ကွက်တိုင်းမှာလိုလို နာမည်တူတူ စူပါမားကက်ကြီးတွေ ရှိတတ်ပါတယ်။ တခြားမြို့ကြီးတွေကို သွားရင်လည်း နာမည်တူ စူပါမားကက်ကြီးတွေ တွေ့ရတတ်ပါတယ်။ တရုတ်သူဌေး တဦးတည်းပိုင်တာလား၊ အစုစပ်ကုမ္ပဏီတစုက ပိုင်တာလား မပြောတတ်ပါ။ ဈေးရောင်းသူနဲ့ ဈေးသန့်ရှင်းရေးသမား၊ ဈေးတံခါးစောင့်က အစ တရုတ်တွေချည်းပါပဲ။ ဈေးဝယ်သူတွေထဲမှာလည်း တရုတ်၊ ကုလားတွေ ပါတယ်။ တရုတ်ပြည်နဲ့ ကုလားပြည်(အိန္ဒိယ)တို့ဟာ တိုင်းပြည်ကလည်း ကြီးသလောက်၊ လူဦးရေကလည်း များပါတယ်။ မွေးဖွားနှုန်းကလည်း သူတို့ပဲ အများဆုံး ဖြစ်ပုံရပါတယ်။ တကမ္ဘာလုံး ဘယ်သွားသွား တရုတ်၊ ကုလားတွေချည်းပါပဲ။

ဈေးဆိုင်ထဲမှာ အရောင်းပစ္စည်းတွေကို ပစ္စည်းအမည်နဲ့ ဈေးနှုန်း ရေးကပ်ထားပါတယ်။ အမျိုးတူပစ္စည်း အများအပြားကို အကန့်တခုထဲမှာ ထည့်ထားရင်တော့ အဲဒီအကန့်မှာ ပစ္စည်းအမည်နဲ့ ဈေးနှုန်းအမည်တို့ကို စာတန်းလေးတွေ ချိတ်ဆွဲထားပါတယ်။ မြန်မာပြည်မှာလို ဈေးဆစ်လို့လည်း မရ၊ အဆစ်တောင်းလို့လည်း မရတော့ ဗမာမတွေမှာ ဈေးဝယ်သူ အရည်အသွေးတွေ ကျဆင်းကုန်ရပါတယ်။ ဒီအထဲကကိုပဲ ငွေချေတဲ့နေရာမှာ၊ ပြန်အမ်းတဲ့ ငွေစက္ကူက နွမ်းနေလို့ လဲပါဦး၊ အကြွေများများ ပေးပါဦး ဆိုတာမျိုး ကြံဖန်ဈေးဆစ်တတ်ကြပါသေးတယ်။

ကျွန်တော်တို့ ဈေးဝယ်သွားတယ် ဆိုတာ အများအားဖြင့်တော့ ဟင်းချက်စရာ၊ မီးဖိုချောင်သုံးပစ္စည်း ဝယ်ရတာ များပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဆီ၊ ဆန်၊ ဆား၊ ဟင်းသီးဟင်းရွက်တို့ကို ဝယ်ရတာပါ။ အရောင်းပစ္စည်းတွေကို ကြည့်လိုက်ရင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ် တို့က လာတဲ့ ပစ္စည်းတွေ များပါတယ်။ မြန်မာပြည်ကလာတဲ့ ပစ္စည်း မတွေ့ရပါ။ တခါပဲ မြန်မာပြည်က ပေါ်ဆန်းမွှေးဆန် အိတ်ကလေးတအိတ် တွေ့ရဖူးပေမဲ့ နောက်ထပ် မတွေ့ရတော့ပါ။

စူပါမားကက်ကြီးတွေမှာ အေရှန်တွေ စားတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆန်၊ ဆား ဆိုတာတွေအားလုံး ရပါတယ်။ ဝါရှင်တန် ဆင်ခြေဖုံးရပ်ကွက်တွေမှာ မြန်မာပြည်က တိုင်းရင်းသား ချင်းလူမျိုးတစုက ချဉ်ပေါင်ပင်တွေ စိုက်ပြီး တခြားမြို့တွေကိုတောင် ဂျပ်စက္ကူပုံးတွေနဲ့ ထည့်ပြီး တင်ပို့ရောင်းချနေတယ်လို့ ကြားသိရပါတယ်။ ဗမာလူမျိုး နိုင်ငံရေးခိုလှုံသူတွေ များတဲ့ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့နဲ့ နိုင်ယာဂရာရေတံခွန်နားက ဘတ်ဖဲလိုးမြို့တို့မှာတော့ ဗမာတွေက ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချကြတယ်လို့ ကြားဖူးပေမဲ့ ကိုယ်တိုင် မတွေ့ဖူးပါ။ ဝါရှင်တန်က ချဉ်ပေါင်ရွက်ကိုတော့ ဂျပ်သေတ္တာလိုက် အော်ဒါမှာယူ စားဖူးပါတယ်။ စိုက်စရာ မြေကွက်လပ်ရှိရင်တော့ ဗမာတွေလည်း ကိုယ့်မြေကွက်ထဲမှာ ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ ခရမ်းချဉ်ပင်၊ ငရုတ်ပင်လောက်တော့ စိုက်ထားတတ်ကြတာချည်းပါပဲ။ ဗမာလူမျိုးတို့ ထုံးစံအတိုင်း ဈေးကွက်ဝင်အောင်တော့ မလုပ်နိုင်ကြပါ။

ကျွန်တော်တို့ ဈေးလိုက်တဲ့အခါ မန်ကျည်းသီးကို အခဲလိုက်ရော၊ အရည်ရော ဝယ်လေ့ရှိပါတယ်။ မန်ကျည်းရွက်နုနုလေးတွေကိုလည်း စည်သွတ်ဘူးနဲ့ ဝယ်လို့ ရပါတယ်။ မန်ကျည်းရွက်၊ မဲဇလီရွက်၊ ထန်းသီးဆံ၊ အုန်းသီးဆံ၊ အုန်းရည်တို့လည်း ဘူးလေးတွေနဲ့ ဝယ်လို့ရပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဒါတွေက စားနေကျ၊ ဝယ်နေကျတွေ မဟုတ်လား။ ဒါပေမဲ့ ဒါလေးတွေက ကိုယ့်ရပ် ကိုယ့်ရွာက တင်ပို့ရောင်းချာတာ တခုမျှ မပါရှိပါ။ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားတို့က လာကြတာတွေပါ။ အများဆုံးကတော့ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံက လာတာပါ။ မန်ကျည်းရွက်၊ ဘူးတို့၊ ထန်းသီးဆံဘူးတို့ တွေ့ရင်တော့ အလွန်အသည်းယားပါတယ်။ ဝယ်ချင်လို့ လက်ယားတဲ့အပြင် ဪ… တို့ မြန်မာပြည်မှာ ဒါတွေ ပေါများပါလျက်နဲ့ နိုင်ငံခြားကို တင်ပို့တာလေးတွေတောင် မလုပ်နိုင်သေးပါလားလို့။

သားငါး ဝယ်ချင်ရင်တော့ ကုလားတန်း ဈေးဆိုင်တွေကို သွားဝယ်ရပါတယ်။ အထူးသဖြင့် ဘင်္ဂလားက လာတဲ့ ငါးအမျိုးမျိုးကို ကုလားတန်မှာ ဝယ်လို့ရပါတယ်။ စုံစမ်းသိရှိရတာက အဲဒီ ကုလားတန်းက ငါးတွေကတော့ မြန်မာပြည် ဘင်္ဂလားပင်လယ်အော်ထဲက ငါးတွေတဲ့။ ဒါပေမဲ့ မြန်မာတွေ တင်သွင်းတာ မဟုတ်ပါ။ ဘင်္ဂါလီကုလားတွေ ဖမ်းယူ တင်ပို့ ရောင်းချတာ ဖြစ်ပါတယ်။

တခါတရံ ဗမာ မိတ်ဆွေတွေ စုမိကြပြီး စကားဝိုင်းဖွဲ့ ပြောကြတဲ့အခါ ဈေးဝယ်တဲ့ကိစ္စလည်း စကားဝိုင်းမှာ ပါလာတတ်ပါတယ်။ ငါတို့ မြန်မာပြည်က စစ်ဗိုလ်တွေ မြေကြီးပါ တူးပြီး ရောင်းချလို့ ကုန်ပြီဆိုပေမဲ့ ဘာမှ စိုက်ပျိုးရောင်းချလို့ မရအောင်တော့ မဟုတ်သေးပါဘူးလို့ ကျွန်တော်က ညည်းညူမိပါတယ်။ မိတ်ဆွေတယောက်က တရုတ်နယ်စပ်၊ ကချင်ပြည်နယ်ဘက်မှာ အသီးအနှံတွေ၊ ကျောက်သံပတ္တမြားတို့ကို တရုတ်ပြည်ကို တင်ပို့ရောင်းချနေကြကြောင်း၊ ဒါပေမဲ့ ရောင်းသူ ဝယ်သူက တရုတ်တွေချည်း ဖြစ်ကြောင်း ပြောပြပါတယ်။

တယောက်က ဝင်ပြီး ဗမာအလုပ်သမားတွေလည်း ခေါ်ပါတယ်။ ဈေးပေါတာကိုး။ ဒါကြောင့် မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးသူနဲ့ ထန်းသမားတောင် ရှားနေပြီတဲ့။ မြေယာကလည်း စစ်တပ်က သိမ်းလို့ကုန်ပြီဆိုပဲ။ သူတို့က မစိုက်မပျိုးဘဲ မြေပိုင်ရှင် နာမည်သက်သက်ပဲ ထင်ပါရဲ့တဲ့။ နောက်တယောက်က ငါတို့ မြန်မာပြည်က ထိုင်းဘက်ကို အများဆုံး တင်ပို့တာ ထန်းပင်ထွက်ပစ္စည်းမျိုးပဲတဲ့။ ဘာလဲဆိုတော့ ‘ဖာ’တဲ့။ ဖာ ဖာ ဖာ… ထန်းခေါက်ဖာလား၊ ဝါးဖာလား မမေးလိုက်မိပါ။

မောင်စွမ်းရည်
၁ စက်တင်ဘာ ၂၀၂၀
နယူးယောက်