သပြေညို - United Nothing မဖြစ်စေလို
(မိုးမခ) နို၀င်ဘာ ၂၉၊ ၂၀၂၁
ဖေဖော်ဝါရီတစ်ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂဆိုသည့်စကားလုံးသည် မြန်မာပြည်သူများအကြားအပြောများလာခဲ့သည်။အစပိုင်းကတော့မ်ျှောလင့်အားကိုးသည့်အနေနှင့်၊နောက်တော့ စိတ်ပျက်၊လှောင်ပြောင်သည့်အနေဖြင့်သုံးနှုန်းလာခဲ့ကြသည်။မည်သို့ရှိစေ မြန်မာပြည်သူတွေ၏လျှာဖျားပေါ်မှာတော့ UNခေါ် ကုလသမဂ္ဂဆိုသည့်စကားလုံးသည် နေရာယူခဲ့တာတော့အမှန်ပင်။
ကုလသမဂ္ဂဆိုသည့် နိုင်ငံပေါင်းချုပ်အသင်းကြီးသည်လူသန်းပေါင်းများစွာသေကျေပျက်စီးကာအတိဒုက္ခရောက်စေခဲ့သည့်ဒုတိယကမ္ဘာစစ်မီးကြီးကိုတားဆီးနိုင်စွမ်းမရှိခဲ့ပေ။
ထို့အတွက်ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ထိရောက်မှုမရှိတော့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီးကိုဖျက်သိမ်းပစ်လိုက်သည်။ ၎င်းနေရာတွင် တတိယကမ္ဘာစစ်ကြီးကိုတားဆီးနိုင်မည့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် စုပေါင်းတာဝန်ယူနိုင်မည့် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုတည်ထောင်နိုင်ဖို့ ရည်သန်ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် မဟာမိတ်နိုင်ငံများက ဒုတိယကမ္ဘာစစ်မပြီးခင်မှာပင် ပဋိဉာဥ်ရေးဆွဲခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်နှင့် တရုတ်တို့က ၁၉၄၄ ၌ ဒန်ဘာတန်အုခ်ညီလာခံတွင် ကုလပဋိဉာဥ်မူကြမ်းရေးဆွဲခဲ့ကြသည်။ သည့်နောက် ယဲလ်တာညီလာခံတွင် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း မဲပေးခြင်းစနစ်နဲ့ပတ်သတ်ပြီး အတည်ပြုသဘောတူညီခဲ့ကြသည်။ ထို့နောက် ဤလေးနိုင်ငံကပင် ကုလပဋိညာဥ်ကိုအပြီး သတ်အတည်ပြုရန်အတွက် တခြားသောနိုင်ငံများကို ဆန်ဖရန်စ္စကိုညီလာခံသို့ ဖိတ်ကြားခဲ့သည်။ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ပြီး ၁၉၄၅၊ ဇွန် ၂၆ တွင် ကုလသမဂ္ဂပဋိညာဥ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၄၅ အောက်တိုဘာ ၂၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းရန်အလို့ငှာ ကုလသမဂ္ဂဆိုသည့် ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့ပါတော့သည်။
◾️ ကုလရဲ့ရည်ရွယ်ချက်များ
ထိုကဲ့သို့ ကုလပဋိညာဥ်အရပေါ်ပေါက်လာသည့် အဖွဲ့အစည်းကြီး၌ ရှေ့လျှောက်မည်သို့ခရီးသွားမည်ဆိုသည့်ရည်မှန်းချက်များချမှတ်ထားသည်ကို တွေ့ရှိရသည်။ ထိုအချက်များကို ကုလပဋိဉာဉ်၏ အပိုဒ် (၁) တွင် ယခုလိုဖော်ပြထားသည်။
"ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးကိုခြိမ်းခြောက်မှုများအား ဖယ်ရှားရန်၊ တားဆီးရန်၊ကျူးကျော်ရန်စခြင်း သို့တည်းမဟုတ် အခြားနည်းများဖြင့် ငြိမ်းချမ်းရေးချိုးဖောက်မှုများအား စုပေါင်းအရေး ယူရန်၊ ငြိမ်းချမ်းရေးကိုထိခိုက်စေသည့် မည်သည့်ပဋိပက္ခများကိုမဆို ငြိမ်းချမ်းသောနည်းများ၊ တရားမျှတမှုအခြေခံမူများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဖြေရှင်းရန်တို့ဖြစ်၏။ "ထို့အပြင် နိုင်ငံအချင်းချင်းကြား ရင်းနှီးသည့်ဆက်ဆံရေးများ တိုးမြှင့်ဖို့၊ လူ့အခွင့်အရေး၊ ယဥ်ကျေးမှု၊ စီးပွားရေး၊ လူသားချင်းစာနာမှုပြဿနာများတွင် နိုင်ငံအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းကြဖို့ဆိုသည့် ရည်ရွယ်ချက်များကိုလည်း ထည့်သွင်းဖော်ပြထားသေးသည်။
◾️ မြန်မာ့အရေး
ထိုကဲ့သို့ ကြီးကျယ်လှသော ရည်ရွယ်ချက်များနှင့်ဖွဲ့စည်းထားသော အနှီကုလအဖွဲ့အစည်းကြီးသည် မြန်မာ့အရေးနှင့်ပတ်သက်လျှင် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုတာ စိတ်ဝင်စားဖို့ကောင်းသည်။ အားလုံးသိသည့်အတိုင်း ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ စစ်အာဏာသိမ်းမှုအပေါ်ကန့်ကွက်ရှုတ်ချရာတွင် ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများလည်း ပါဝင်ခဲ့ကြသည်။ ထိုအထဲတွင် ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့၊ လူသားချင်းစာနာထောက်ထားမှုတွေပေးဖို့၊ လူ့အခွင့်အရေးတွေကိုထိန်းသိမ်းကာကွယ်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့ ကုလအဖွဲ့ကြီးလည်း ထိပ်ဆုံးမှပါဝင်ခဲ့သည်။ လူ့အခွင့်အရေးများဆုံးရှုံးနေသော၊ လူသားချင်းစာနာထောက်ထားမှုများ အရေးတကြီးလိုအပ်နေသော၊ စစ်တပ်၏မတရားဖမ်းဆီး၊ သတ်ဖြတ်အကြမ်းဖက်ခံနေရသော၊ မြန်မာပြည်သူတွေအတွက် အနှီကုလသမဂ္ဂက ဘာများလုပ်ဆောင်ပေးပါသနည်း။ ထိုမြန်မာ့အရေးနှင့်ပတ်သက်၍ ကုလ၏တုံ့ပြန်ချက်များကို လက်လှမ်းမှီသ လောက် ဖော်ပြရလျှင် (သတင်းတွေကျန်ရှိခဲ့ရင်တောင် အာဘော်တွေ၊ ဆိုလိုရင်းတွေက မတိမ်းမယိမ်းပဲဖြစ်ကြောင်းပါ။)
- ကုလ လူ့အခွင့်အရေးကောင်စီတွင် အာဏာသိမ်းမြန်မာစစ်တပ် ပြစ်တင်ရှုတ်ချခံရ (12 February 2021 ဧရာဝတီ)
- မြန်မာတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးမှုတွေအတွက် ကုလအကြီးအကဲ အပြင်းထန်ဆုံး ရှုတ်ချ (27 မတ်၊ 2021 VOA)
- လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် လျှင်မြန်စွာ ယိုယွင်းပျက်ပြားလာသောအခြေအနေကို များစွာ စိုးရိမ်ပူပန်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သားများ ရာနှင့်ချီ၍သေဆုံးရမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။
(United Nations Myanmar fb page, April 2)
- (ရန်ကုန်၊ ၂၁ မေ ၂၀၂၁)။ မြန်မာနိုင်ငံ အနောက်ဘက်ရှိ ချင်းပြည်နယ် မင်းတပ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခြင်းများနှင့် အရပ်သားများထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရပါသည်။ ယင်းကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများ၏ အကျိုးဆက်များအပေါ် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂက စိုးရိမ်လျက်ရှိပါသည်။
(United Nations Myanmar fb page, May2021)
- မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ယိုယွင်းကျဆင်းမှု မြန်မာရှိ ကုလသမဂ္ဂအဖွဲ့အစည်းများက စိုးရိမ်ထိတ်လန့်နေကြောင်း ကုလသမဂ္ဂမြန်မာက သတင်းထုတ်ပြန်သည်။ (ခေတ်သစ်မီဒီယာ ဇွန် ၁၇)
- မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေဖြစ်ပွါးစဉ် သေဆုံးရတဲ့အရပ်သားက ၁၀၀၀ ကျော်နေပြီဖြစ်ပြီး စစ်တပ်နဲ့ရဲ လုံခြုံရေးတွေအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးကြဖို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂအဖွဲ့တွေက ဆက်လက်တောင်းဆိုကြောင်း" ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ (23 သြဂုတ်၊ 2021 DVB)
- မြန်မာပြည်မြောက်ပိုင်းက စစ်ရေးအခြေအနေ ကုလစိုးရိမ်
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ချီတက်နေရာယူနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ပေါ် ပေါက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စနေနေ့က သတိပေးပြောဆိုလိုက်ပါတယ်။ (2021-10-23,RFA)
- မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို အလွန်စိုးရိမ်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန် (ခေတ်သစ်မီဒီယာ Nov 12th)
အဆိုပါအချက်အလက်များအရ ကုလသမဂ္ဂသည် အတိဒုက္ခခံစားနေရသည့် မြန်မာပြည်သူတွေကို မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်းတွေ့ရှိရပါသည်။ စိုးရိမ်၊ စိတ်ပူ၊ ပြစ်တင်ရှုတ်ချ၊ တောင်းဆို စသည့်ကြေညာထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပြီးလက်တွေ့၌လည်းဘာမှထိထိရောက်ရောက်လုပ်ပေးခဲ့တာမျိုးလည်းမရှိခဲ့ပေ။ဤနည်းနှင်နှင်နှင့်ပင် အာဏာသိမ်းကာလ၈လကျော်လာခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း စစ်တပ်ကြောင့် သေဆုံးသူ၊ ဖမ်းဆီးနှိပ်စက်ခံရသူ၊ အိုးပစ်အိမ်ပစ်စစ်ဘေးဒုက္ခသည်များက တနေ့တခြား ပိုမိုများလာခဲ့သည်။ AAPP ၏ November 20 အထိ စာရင်းအရဆိုလျှင် စစ်တပ်ကြောင့် သေဆုံးသည့်ပြည်သူ ၁၂၈၁ ဦး၊ ဖမ်းဆီးခံရသူ ၇၄၃၆ ဦး (AAPP ၏ Nov 20 စာရင်းအရ၊ မြေပြင်တွင် ယခုထက်ပိုများမည်) ရှိလာသည်ဟုသိရသည်။ (တကယ်တော့ ဒီထက်ပိုများဦးမည်။)နောက်ဆုံးတွင် သိလိုက်ရသည်မှာက ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းမည်ဟုဆိုသော၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို ကာကွယ်မည်ဟုရှေ့ရှုထားသော အနှီကုလသမဂ္ဂကြီးသည် အဲယားကွန်းခန်းကြီးများထဲတွင် စမတ်ကျကျထိုင်ရင်းကြေညာချက်များသာ ထုတ်ပြန်နေပေတော့သည်။ ဤအတွက်ကြောင့် ပြည်သူများ၏စိတ်ပျက်မှု၊ လှောင်ပြောင်မှုများကိုခံရသည်မှာ ဘာမှမထူးဆန်း။ နည်းတောင်နည်းသေးသည်ဟုပင် ပြောရပေမည်။
◾️ ကုလအပေါ်ဝေဖန်မှုများ
စင်စစ် ကုလ၏စွမ်းဆောင်မှုများအပေါ် မေးခွန်းထုတ်ခဲ့ကြသည်မှာ ယခုမှမဟုတ်။ ယခင် စစ်အေးကာလကတည်းကပင် ရှိခဲ့သည်။ အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခ၊ ကုလဖွဲ့စည်းပုံဆိုင်ရာပြဿနာ၊ ဘက်လိုက်မှု၊ ချစားမှုများသည် ကုလဆိုသည့်အဖွဲ့အစည်းအတွင်း ထွေးလုံးရစ်ပတ်ရှိနေခဲ့သည်။သာဓကပြရလျှင် လုံခြုံရေးကောင်စီကိုကြည့်ပါ။ လုံခြုံရေးကောင်စီသည် နိုင်ငံများ၏ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် တာဝန်ရှိ၏။ ကုလ၏ တခြားသောအဓိကအဖွဲ့အစည်းငါးခု (အထွေထွေညီလာခံ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ...) တို့နှင့်မတူသည်မှာ လုံခြုံရေးကောင်စီသည် ကမ္ဘာ့ရေးရာများတွင် အကြံပြုချက်ပေးနိုင်ရုံသာမက စည်းနှောင်မှုရှိသည့်ဆုံးဖြတ်ချက်များကိုပါ ချမှတ်ပေးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တချို့က လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ၏လက်ရုံးတပ်ဟုပင် ခေါ်ဝေါ်ကြသည်။ သို့တိုင် အနှီလုံခြုံရေးကောင်စီ၌ ကြီးစွာသောအားနည်းချက်ကြီးရှိနေသည်။ ယင်းမှာ တခြားမဟုတ်။ တရုတ်၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ဗြိတိန်ကဲ့သို့ အင်အားကြီး ၅ နိုင်ငံမှ လုံခြုံရေးကောင်စီတွင် အမြဲတမ်းနေရာယူထားခြင်းဖြစ်သည်။ ထို့မျှမက ထိုအင်အားကြီးငါးနိုင်ငံသည် ဗီတိုအာဏာကိုပါသုံးစွဲခွင့်ရခြင်းပင်ဖြစ်သည်။ ကုလအထွေထွေညီလာခံတွင် ဆိုလျှင် တစ်နိုင်ငံတစ်မဲနှင့် မဲများရာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရသည့်တိုင် လုံခြုံရေးကောင်စီတွင်တော့ အနှီအင်အားကြီးငါးနိုင်ငံလုံး (ဝါ) အမြဲတမ်းတမ်းအဖွဲ့ဝင်ငါးနိုင်ငံစလုံး၏ တညီတညွတ်တည်းသဘောတူညီချက်ရမှသာလျှင် ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပင်ဖြစ်သည်။ ယခု မြန်မာ့အရေးနဲ့ပတ်သက်ရင်လည်း ဤသဘောပင်။ လုံခြုံရေးကောင်စီတွင်မဲခွဲဆုံးဖြတ်ကြရာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့က သဘောတူသည့်တိုင် တရုတ်နဲ့ရုရှားလို အာဏာရှင်နိုင်ငံများကသဘောမတူရင် (ဝါ) ဗီတိုအာဏာသုံးဖယ်ရှားခဲ့မည်ဆိုလျှင် ခဲလေသမျှ သဲရေကျရသည့်အဖြစ်ကိုရောက်ရှိသွားမှာပင်ဖြစ်သည်။ တကယ်လည်း သဲရေကျခဲ့ရသည်မဟုတ်ပါလား။ လူသားမျိုးနွယ်အပေါ်ဆန့် ကျင်သည့်ပြစ်မှုများ၊ ဂျီနိုဆိုက် စသည့်ကိစ္စရပ်များတွင် ကုလ၏ ထိရောက်စွာ မကိုင်တွယ်နိုင်သည့်အကြောင်း ရင်းများတွင် ဤကဲ့သို့ ဖွဲ့စည်းပုံပိုင်းဆိုင်ရာပြဿနာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ အနှီကဲ့သို့သောကုလကို အမေရိကန်သမ္မတဟောင်း အိုဘားမားကပင် ဝေဖန်ထားပါသေးသည်။ ပြီးခဲ့သည့်နှစ် ၂၀၂၀ တွင် ထွက်ရှိခဲ့သော သူ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်"A promised landစာ အုပ်၌ ကုလသမဂ္ဂနှင့်ပတ်သတ်ပြီး ယခုလို ရေးသားထားသည်။
"စစ်အေးခေတ်တစ်လျှောက်လုံးတွင်ပင် ကုလသမဂ္ဂတွင်း အဖွဲ့ဝင်အင်အားကြီးနိုင်ငံများကြား ဘုံသဘောတူညီမှုရရှိနိုင်ရန်မှာ အခွင့်အလမ်းနည်းပါးခဲ့သည်။ သို့ကြောင့်ပင် ဟန်ဂေရီသို့ ဆိုဗီယက်တင့်ကားများ ကျူးကျော်ခဲ့စဥ်ကလည်းကောင်း၊ ဗီယက်နမ်၏ကျေးလက်ဒေသများသို့ အမေရိကန်လေယာဥ်များဗုံးကြဲချစဥ်ကလည်းကောင်း UN သည် ကျောက်ရုပ်ကဲ့သို့ တုပ်တုပ်မျှမလှုပ်ရှားနိုင်ခဲ့။ စစ်အေးကာလပြီးသွားသော်လည်းကုလသမဂ္ဂအတွင်း အကွဲအပြဲများက ၎င်း၏ကမ္ဘာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို အားအင်ချိနဲ့စေခဲ့ပြန်ပါသည်။ ယင်း၏အဖွဲ့ဝင်နိုင်ငံများသည် ဆိုမာလီယာကဲ့သို့ ကျရှုံးနိုင်ငံများအား ပြန်လည်ထူထောင်ဖို့၊ သီရိလက်ာ ကဲ့သို့ လူမျိုးစုအလိုက်သတ်ဖြတ်မှုများကို တားဆီးကာကွယ်ဖို့အတွက်လည်း ပျက်ကွက်ခဲ့ကြပါသည်။"
၁၉၉၄ တုန်းကလည် းကုလအတွင်းရေးမှူးချုပ်ရုံး၏ အထူးသံတမန် မိုဟာမက်ဆန်နောင်းက ၎င်း၏ "Somalia: The Missed Opportunities" ဆိုသည့်စာအုပ်တွင် ၁၉၉၂ ၌ ဆိုမာလီယာအရေးတွင် ကုလဝင်ရောက်ဖို့ပျက်ကွက်ခဲ့သည့်အကြောင်း ဖော်ပြခဲ့သည်။
"ဆိုမာလီယာပြည်တွင်းစစ် စတင်သည့် ၁၉၈၈ နှင့်စစ်ပွဲပြီးသည့် ၁၉၉၁ ဇန်နဝါရီလကာလအတွင်း ကုလသမဂ္ဂသည် ဆိုမာလီယာနိုင်ငံသားတို့၏ ကံဆိုးမိုးမှောင်ကျမှုအား တားဆီးရန် အခွင့်အရေးသုံးကြိမ်တိုင်တိုင်ရရှိခဲ့ပါသည်။ သို့တိုင်ပျက်ကွက်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်ကြိုးပမ်းသည့်အချိန်မှာတော့ အနှီကုလသမဂ္ဂသည် NGO များလောက်ပင် အဆင့်မရှိတော့ပေ။ ထို့အတွက်ကြောင့်ပင် ကုလသမဂ္ဂသည် အခြေခံကျသည့်ပြောင်းလဲမှုများလုပ်ဆောင်မှုမရှိပါက နောက်နောင်တွင် ဤကဲ့သို့အရေးအခင်းများကြုံလျှင်လည်း ဖြစ်ကတတ်ဆန်းလုပ်ဆောင်မှုများနှင့်သာ ခရီးဆက်နေရဦးမည်ဖြစ်ကြောင်း သတိပေးရေးသားထားပါသည်။
ယခုမြန်မာ့အရေးတွင် မြန်မာပြည်သူတို့သည် အစောပိုင်းက ကုလသမဂ္ဂကိုမျှော်လင့်ခဲ့သည်၊ အားကိုးခဲ့သည် မှာ အမှန်။ သို့သော် နောက်ပိုင်းတွင် မျှော်လင့်သလိုဖြစ်မလာခဲ့သည့်အတွက် ကုလသမဂ္ဂကိုစိတ်ကုန်သွားပြီဖြစ်သည်။ ကုလမကူညီရင်လည်း ကိစ္စမရှိ။ ငါတို့ဘာသာလုပ်မည်ဆိုသည့် ပိုင်းဖြတ်ချက်နှင့် ကိုယ့်အား ကိုယ်ကိုးပြီး စစ်အုပ်စုကိုတော်လှန်နေကြပြီဖြစ်သည်။ ရည်ရွယ်ချက် ကြီးကြီးကျယ်ကျယ်များဖြင့်ရေးသားထားသည့် ကုလသမဂ္ဂသည်သာ လက်တွေ့တွင် ဘာမှလုပ်ဆောင်မှုမရှိသည့်အဖွဲ့ဖြစ်နေသည်။ ရှက်စရာပင်။ သမိုင်းခေတ်ကိုဖြတ်သန်းနေသည့် ယနေ့အချိန်တွင် မတရားမှုကို ခါးစီးခံနေရသည့် ဗမာပြည်သူတို့သည် ကိုယ့်အားကိုယ်ကိုးနေချိန်တွင် ကူညီနိုင်သည့်အနေအထားတွင်ရှိသော ကုလသမဂ္ဂသည် ဘာမှထိထိရောက်ရောက်မလုပ်လုပ်နိုင်သည့် United Nothing မဖြစ်စေဖို့ အထူးစိုးရိမ်မိပါတော့သည်။
သပြေညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar