Breaking News

အိမ် အို ညီ - ဝင်းဖေ ဂါရဝ

Photo- Frontier Myanmar
ဝင်းဖေ ဂါရဝ
(မေ၂၀၊ ဆရာဦးဝင်းဖေ မွေးနေ့သို့ ချစ်ခြင်း)
အိမ် အို ညီ


ရေဒီယိုနဲ့တုန်းကရော၊ ဒီဘက်ခေတ်ခွေနဲ့ရော နားထောင်မဝဖြစ်ရတဲ့ 'ဝင်းဖေလွယ်အိတ်' ကို စာအုပ်အနေနဲ့ ပြန်ဖတ်ဖြစ်တယ်။ ရိုးမသွားတဲ့ ဆရာ့အာဝဇ္ဇန်းကို စာအနေနဲ့ပါ အရသာရှိရှိ ပြန်ခံစားဖြစ်တယ်။
ဆရာနဲ့အပြင်မှာတကြိမ်သာဆုံဖူးပါတယ်။ ဒါတောင် ဆရာနဲ့အမျိုးမကင်းတဲ့ ဒေါက်တာမြန်မာစာကိုအကြောင်း ပြုပြီး မန္တလေးကို ဆရာရောက်တုန်း သွားတွေ့ကြတာပါ။ ကျနော်ရယ်၊ တေးရေး၊ ဂီတသမား မိုးမြင့်ရယ်၊ ဓာတ်ပုံ ငွေလှိုင်းကိုမောင်လေးရယ်ပေါ့။ ပြီးတော့ ဒေါက်တာမြန်မာစာရယ်။

ဒေါက်တာမြန်မာစာက ဆရာ့ရဲ့တူတော်တယ်ထင်ပါတယ်၊ ဒေါက်တာမြန်မာစာ ပန်းချီတွေဆွဲနေတာကို ဆရာကသိတယ်၊ ''ကာဒင်စကီးကိုသိလား၊ ကာဒင်စကီးကိုမသိရင် ပန်းချီမရေးနဲ့တဲ့'' ဆရာက။ ကျနော် ငေးကြည့်နေခဲ့မိပါတယ်။
ကျနော်က ဆရာ့ကို ၈၈ တုန်းက ဆရာရေးခဲ့တဲ့ကာတွန်းတွေပါတဲ့ သပိတ်စာစောင်တွေလက်ဆောင်ပေးတော့ ဆရာက ဝမ်းသာနေတယ်။ ပြန်ကာနီးကျ ဆရာ့ကို ကန်တော့ဖြစ်ပါတယ်။ ကျနော်တို့ အမှတ်တရဓာတ်ပုံရိုက်ကျပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘယ်သူ့ဆီမှမရှိတော့တာကို ဝမ်းနည်းမိပါတယ်။
ဆရာ့အသံကြီးက သြဇာဓာတ်၊ သံလိုက်ဓာတ်ပါသလို၊ အင်မတန် ခန့်ညားကျက်သရေဖြစ်လှတာကို အမြဲ အောက်မေ့မိပါတယ်။သတိရဖြစ်ပါတယ်။
ကျနော်နေတဲ့ အမတော်ဝင်းဟာ ဆရာ့အဘိုး မြင်းဝန်စာရေးကြီးနေသွားတဲ့ ဝင်း ဖြစ်ပါတယ်။ ရွှေပြည်ဦးဘတင်ရဲ့အဖေပေါ့။ နောင်မှ ရွှေပြည်ဘက်၊ ထိုမှ ဒါးတန်းဘက်(ကျနော်အမှတ်မှားနိုင်) ပြောင်းသွားပြီး၊ အစောပိုင်းမှာ မောင်ဘတင်တယောက် ၁၉ လမ်း ရွှေပြည်ဘက် သင်္ကန်ဝတ်ရင်း တရားပွဲတွေအောင်မြင်ရာက ရွှေပြည်ကိုယ်တော်လေး ရွှေပြည်ကိုယ်တော်လေးရယ်လို့ ထင်ရှားပါတယ်။ အဲ့ဒီကမှ လူထွက်၊ အိမ်ထောင်ကျတယ်။ စာပေ၊ဂီတ၊ ပညာ ကြီးတယ်။ လိုက်စားတယ်။ နိုင်ငံရေးဘက်မှာလည်း ပါဝင်တယ်။
ရွှေပြည်ဦးဘတင်၊ ဦဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) စသ​ဖြင့်တို့ဟာ မန္တလေးနဲ့ မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်များစွာကို ထိန်းသိမ်း၊ သယ်ဆောင်၊ လက်ဆင့်ကမ်းတဲ့နေရာမှာ ကြည်ညိုဖွယ်ပညာ ရှင်ကြီးတွေထဲမှာပါရဲ့လို့ ခံစားရပါတယ်။

ရွှေပြည်ဦးဘတင်ရဲ့စာပွဲသဘင်ဟာ မန္တလေးတက္ကသိုလ်မြန်မာစာဌာနမှ ရက်ပေါင်းများစွာ ဟောချက်တွေပါ။ မန္တလေးဓမ္မဗိမာန်နဲ့ ဦးလှသိန်းဗိမာန်မှာ၊ နောက် စာဆိုတော်နေ့ပွဲတွေမှာ အကန်တော့ခံပညာရှင်ဖြစ်ပြီး၊ ဟောချက်တွေဟာ တကယ့် အနှစ်သာရတွေဖြစ်ပါတယ်။ ကျနော်တို့ နောက်မျိုးဆက်များအတွက် အင်မတန် တန်ဖိုးရှိလှပါတယ်။
ကျနော်ဟာ ကိုယ်နေထိုင်တဲ့အရပ်ကို ကြံဖန်ပြီး ဂုဏ်ယူရာမှာ ဇာတိပုည ဂုဏ်မာနဆိုဆိုရွှေပြည်ဦးဘတင်ရဲ့ဖခင်ကြီးမိသားစု၊ စောင်းဆရာကြီးဒေဝဣန္ဒြာမောင်မောင်ကြီး၊ ဦးတင်မိုး နောက် ကျနော်မမှတ်မိတော့တဲ့ နန်းတွင်းဆက်ဂီတပညာ၊ အဆိုပ ညာရှင်၊ စာပေပညာရှင်တွေနေထိုင်ခဲ့သလို ဘုရင့်အမတော်ရဲ့အုတ်ဂူတော်ရှိတဲ့ဝင်းမို့ ဘာရယ်မဟုတ်ပေမယ့် ဂုဏ်သွေးဖူးပါတယ်။
ဟိုဘက်တလမ်းကျ အိုးတော်လုပ်တန်း၊ ခင်ဇော်မြင့်တို့ ၊ ကိုထက်တည်မြင့်တို့ ရှိတယ်။ ရှေးက အဝေးရောက် မင်းဦးအောင်ကြီးတို့နေခဲ့တဲ့အရပ်ပေါ့။ ဖန်ချက်ဝန်လည်း နေထိုင်ခဲ့တာသိရတယ်။
အဝေးရောက်မင်းဦးအောင်ကြီးဆိုတာ ဦးတိုးရဲ့ရာမရကန်တို့၊ ဦးအောင်ဖြိုးရဲ့ ရာမသာချင်းတို့၊ ဦးဖျော်ရဲ့ပ လိပ်စားဧချင်းတို့၊ စတဲ့မဟာဂီတတွေကိုပိုင်တဲ့ နန်းတွင်းအဆိုပညာရှင်ကြီးပေါ့။ စာဆိုကြီးပေါ့။
ဆက်ပြီး ဆရာဦးဝင်းဖေရဲ့အနုပညာကိုပြောဖို့ ကျနော့်အဆင့်အတန်းဟာ ဆရာ့ခြေအစုံက မြေမှုန်မျှပင်မရှိပေမယ့် ကျနော် ကြိုက်ခဲ့ရတာတွေကိုတော့ သတိရတာများဆိုချင်မိတယ်။
 ရွှေပြည်ဦးဘတင် ဖဆပလခေတ်နိုင်ငံရေးတရားပွဲတွေမှာ ရာမရကန်ကို၊ ဘုန်းနှင့်ကံနှင့်ရွှေသဇင်ပေါ့လေ၊ ရွတ်တတ်ကြောင်း၊လူကြိုက်များကြောင်း ဖတ်ဖူးရာက ဆရာဦးဝင်းဖေက ပြန်ဆိုပြတဲ့ မူဘီလေးနားထောင်ရတော့ အင်မတန်ကြွေရပါတယ်။
.
နှင်းဆီနီအိပ်မက်၊ ပန်းသီတဲ့ကြိုး၊ အ ချစ်လှေ၊ စက်ဘီးကလေး၊ မဟူရာ၊ ပန်းစကား၊ ကျနော့်လူငယ်ဘဝကကြည့်ဖူးခဲ့တာတွေပါ။ တချို့ကို ရုပ်မြင်သံကြားက တနင်္ဂနွေရုပ်ရှင်ထုတ်လွှင့်မှုကနေ၊ တချို့ကို အိမ်နားက လမ်း ၂၀ ဘက်က မျိုးမြင့်ရုံ( ယခင်က သီ ပေါရုံဟု ထင်မိ)မှာပေါ့။ လွှမ်းမိုး၊ ပလေးဘွိုင်သန်းနိုင်၊ မောင်သိန်းဇော် ၊အဆို တော်၊ ဇာတ်မင်းသားစတာတွေမို့ မှတ်မှတ်သားသားဖြစ်ရတယ်။
လွန်ခဲ့တဲ့တနှစ်က စက်ဘီးကလေးကို အင်တာနက်ကနေပြန်ဒေါင်းပြီးကြည့်မိတယ်။ ဇာတ်ဆုံးတော့ရည်ကျမိတယ်။

မနေနိုင်တာနဲ့ အစ်ကိုသိန်းဇော်ကို ဖုန်းဆက်ပြီး ပြောပြမိတာကိုပါ သတိရမိတယ်။ မမသီနဲ့ဇော်၊ ခင်သီတာထွန်းရဲ့ ရှတတဲ့ ဇော် ဆိုတဲ့ခေါ်သံကို နားထဲမှတ်မိနေတယ်။.
ဇာတ်သိမ်းက မေရှင်သေတဲ့ ဦးတင်မောင်နဲ့ဇာတ်ကား၊ ချစ်ရေစင်၊ မောင်ဘုန်းမြင့်/ကိုကိုမြင့် ( အေဝမ်းဦးတင်မောင်)နဲ့ ညိုညို(မေရှင်)၊ စိုင်တမော့လည်း ပါတယ်ပေါ့လေ၊ ချစ်ရေစင်။

ခွာညိုပင်ရယ်၊ စမ်းချောင်းကလေးရယ်၊ စမ်းချောင်းကလေးကခန်း ခြောက်၊ စမ်းချောင်းကလေးခန်း ခြောက်တော့ ခွာညိုပင်လည်း ညှိုး ရော်၊ ညိုညိုရယ်လေ။ 
ချစ်ရေစင်မှာ ကိုကိုမြင့်ပြန်လာပြီဆိုတော့ ခွေခေါက်မကျန်းမာတဲ့ ညိုညို ဟာ မှန်တင်ခုံရှေ့အလှတွေထပြင်တယ်။ စက်ဘီကလေးမှာကျ ဇော်လာတယ်ဆိုတော့ မမသီတယောက် နေမကောင်းလဲနေရာကနေ အလှတွေထပြင်၊ နောက်ဆုံးကျ ညိုညိုရော၊မမသီရော သေကြတယ်။

ဇာတ်လမ်းကမတူပေမယ့် ဇာတ်သိမ်းမှာ ထိခိုက်ရပုံက နင့်နေရပုံက တူတယ်။ ဒါကို ပြောမိတယ်။ ဆရာဦးဝင်းဖေက မမသီရဲ့သားကလေး စက်ဘီကလေး ဆော့နေပုံကို ပြန်ပြတယ်။ ဇော် စက်ဘီးကလေးနဲ့ငယ်ဘဝကို ပြန်အမှတ်ရစေခဲ့တာတွေ။

ပန်းစကားကျ ကျော်ဟိန်းက ဉာဏ်ရည်ချို့တဲ့ဇာတ်ကောင်၊ ဆရာမကို ချစ်သွားတာ၊ ပန်းတွေပေးတယ်၊ ချစ်တဲ့အကြောင်းကို နှင်းဆီပန်းတွေနဲ့ပေါ့လေ။ ကျနော်ကြိုက်ခဲ့ရတာပါပဲ။ ဝင်းဖေလွယ်အိတ်မှာ ဒီဇာတ်ကားအကြောင်း ဟာကွက်တွေရှိတာ ဆရာကပြန်ပြောတာပါပါတယ်။

ဆရာမက ပန်းပေးခံရတော့ ရှက်ပြီး ကျော်ဟိန်းကိုပန်းစည်းနဲ့ပိတ်ရိုက်တာ၊ ကျော်ဟိန်းမျက်နှာမှာ တကယ်က ဆူးခြစ်ရာနဲ့သွေးစသွေးန ဖြစ်ရမှာ၊ မပါသွားဘူး။ ပန်းတွေက ဆူးကို ကိုက်ထားတာ၊ သဘာဝကမကျဘူးဖြစ်တာပေါ့။ ကျော်ဟိန်းခဗျာ တဗျစ်တောက်တောက်နဲ့ အဲ့ဒီအခန်းပြန်ရိုက်ဖို့ပူဆာတာ အဆင်မပြေခဲ့တဲ့အကြောင်းပေါ့။

ဆရာ့ရဲ့ သံမဏိလိပ်ပြာ ဇာတ်ကားကတော့ မကြာခင်ကမှ လိုင်းပေါ်က ကြည့်ဖူးတာပါ။ အချစ်လှေ၊ ပန်းသီတဲ့ကြိုးကိုတော့ စာရှည်မယ်စိုးလို့ ဆက်မပြောတော့ပါဘူး။ ကဗျာဆရာတယောက်နဲ့ ဆရာတို့ ပန်းသီတဲ့ကြိုး နာ မည်ပြဿနာဖြစ်တာကိုတော့ ကြားဖူးခဲ့ပါတယ်။ ကဗျာဆရာက သူ့ကဗျာခေါင်းစဥ် ယူပါတယ်ပေါ့။ ဆရာက မြဝတီမင်းကြီးလား၊ ပြင်စည်မင်း သားလားရဲ့ မဟာဂီတထဲက စာကို တရားရုံးမှာ ကိုးကားပြီး ပြီးသွားကြတယ်လို့မှတ်သားဖူးပါတယ်။
ဆရာဟာစွယ်စုံရအနုပညာရှင်တဦးမို့ ကျနော်တို့ ကြွေရတဲ့ ဝတ္ထုတိုတွေအကြောင်းကလည်း အများပြားဖြစ်ပါတယ်။ နာမည်ကျော်ချက်ကြီးရဲ့အရက်တခွက်ဟာ ကနေ့ထိ ပြောဖြစ်နေကြတာမျိုးပါ။ ကြ က်တူရွေးနှုတ်သီးတွေဖြတ်ပြီး ပလတ်စတစ်လုပ်တာလား အဲ့လိုဝတ္ထုကြောင်းတွေကလည်း မိုက်ပါတယ်။ ဘရဖီနဲ့အခြားဝတ္ထုတိုတွေစသဖြင့်။
ကာတွန်းကျ လူထုမှာ သူငယ်ချင်းပေါ်ဦးသက်နဲ့။ မြို့မငြိမ်း၊ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ပေါ်ဦးသက်၊ ခင်မောင်ရင်၊ မောင်မိုးသူ၊ ဝင်းဖေ လွမ်းစရာအနုပညာတွေ။ ခေတ်တွေ။

မော်ဒန်အနုပညာကို တကယ်ကျ ပန်းချီပညာရှင်တွေက စောစီးစွာထိတွေ့တာ၊ သိတာ၊ ပြောတာလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဗမာပြည်အနေနဲ့ပြောရင် ဒီလိုပဲထင်မိပါတယ်။ စာပေသမားတွေ မော်ဒန်ဆိုတာကို စမ်းတဝါး ဝါး စတင်ထိဖို့ စမ်းဖို့ အားထုတ်ချိန်မှာ ပန်းချီက အတော်ခရီးရောက်နေတယ်လို့ ထင်မိပါတယ်။ ကျနော့်အထင်မြင်ပါ။
ဗမာ့မော်ဒန်ပန်းချီကို ဦးဆောင်စ တင်ကြရာမှာ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)တို့ပထမမျိုးဆက်ကြီးများမှသည် ဆရာပေါ်ဦးသက်၊ ဝင်းဖေ၊ ခင်မောင်ရင်၊ ဗဂျီအောင်စိုး၊ ခင်ဝမ်း၊ အောင်မြင့်(အင်းလျား)၊ မောင်ဒီ၊ ညမင်းကျော်၊ တင်မောင်ဦး(မန္တ လေး)၊ ဝေချစ်ကို၊ မူးမူး၊ စိန်မြင့်၊ ကျော်မိုးသာ၊ ချမ်းအေး၊ ဖြူမွန်၊ အေးကို၊​ ကြည်ဝင်း၊ ပိုပို၊ စိုးနိုင် စသဖြင့် စသဖြင့် များပြားလှစွာသော မျိုးဆက် တဆက်ပြီးတဆက် စီးဆင်းခဲ့တယ်ယူဆပါတယ်။

ကျနော့်အဖို့ဖြင့်တော့ ဆရာ့အက်စထရက်ကားတွေ၊ စုတ်ချက်တွေ၊ နန်းဖေကာရေးတစ်ရော၊ ဖေကာပါတာရောတွေ၊ကျူးဗစ်စနစ်၊ ပက်တမ်စနစ်များနဲ့ မြန်မာ့အရသာတွေ အားလုံးကို အင်မတန်ရူးသွပ်ခုံမင်ရပါတယ်။
ပန်းချီအကြောင်းသိပ်နားမလည်ပေမယ့် ကျနော်သိသလောက် ခံစားရသလောက်နဲ့ပြောရရင် တ ကယ်တော့ ဆရာလက်ရာမှန်သမျှကို ရှေးက စာအုပ်အဖုံးပုံကအစ၊ သရုပ်ဖော်အလယ်၊ ပန်းချီကားများအဆုံးနှစ် သက်မိပါတယ်။ပညာရပ်အနေဖြင့်နားမလည်ပေမယ့် မြင်ဖူးနေကျ ကြည့်ဖူးနေကျနဲ့မတူဘဲ ထူးခြားနေတာကိုပင်ခံစားရလို့ဖြစ်ပါတယ်။
ဒီစာစုကို တထိုင်းတည်းကျနော့်ရင်ထဲခေါင်ထဲပေါ်တာတွေ ရုတ်ချည်းချရေးတာမို့ အလွဲအမှားများရှိနိုင်ပေမယ့် ဆရာ့မွေးနေ့မို့ ရေးချင်စိတ်ကြောင့် ရေးဖြစ်ပါတယ်။တောရောက်တောင်ရောက်မို့ အားနာမိပါတယ်။အမှားရှိတင်ကြို တောင်းပန်အပ်ပါတယ်။

တကယ်တော့ ဝင်းဖေလွယ်အိတ်ကိုဖတ်ရင်ဖြင့် ပိုမိုနားလည်စရာတွေ ရှိပါတယ်လို့ ဆိုရမှာပါ။မြင်းထိန်းငတာလိုဖြစ်မည်စိုးတာမို့ ဆရာ့ကိုချစ်ခြင်းအား ဒီနေရာမှာပဲ ရပ်ပါမယ်။ဆရာဟာ အနုပညာနတ်ဘုရားတပါးအဖြစ်ကမ္ဘာမြေကို ရောက်ရှိခဲ့တာလို့ပြောရင် ပိုတယ်ထင်နိုင်ပေမယ့် ဒီလိုပဲ ခံစားနားလည်မိပါတယ်။
ဆရာတို့လို အနုပညာရှင်ကြီးတွေကို တွေးမိတိုင်း ကျနော့်အဖို့ မန္တလေးသားဖြစ်ရတာ ဘဝမှာ အကြည်နူး ဂုဏ်အယူရဆုံးလို့ပြောရင်ဖြင့် မင်း ဒေသစွဲတယ်ကြီးသကိုးလို့ မျက်စိနောက်စရာဖြစ်ပါလိမ့်မယ်။
အခုတော့ ဆရာ့ ဝင်းဖေလွယ်အိတ်ထဲက မြို့မငြိမ်း/ညိမ်း/ညိန်းရဲ့ လန်ထွက်နေတဲ့အချစ်သီချင်းလေးတပုဒ်အကြောင်း ဆရာပြောထားတာကို ပြန်လည်ဖောက်သည်ချရင်း ဒီဂါရဝစာစုကို နိဂုံးပြုအပ်ပါတယ်။

▪▪▪▪
- ရွှေပြည်ဦးဘတင်မျိုးဆက်များ
ဘေးဆုံး (အနွေးထည်ဖြင့်၊ ခါးထောက်) ဆရာဦးဝင်းဖေ (ဖိုတို- ခရက်ဒစ်)

''ဦးလေးညိန်းတို့မှာ သားသမီး တစ်ဒါဇင်နီးပါး ထွန်းကားခဲ့လောက်အောင် ချောမွေ့ပြေပြစ်တဲ့ မိသားစုဘဝကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ငွေ ကြေးအခြေခံပေါ်မှာ တိုင်းတာတာ မဟုတ်ပါဘူးခင်ဗျ။'' 
''ပကတိ မိသားစုဘဝ စည်ပင်ချမ်း မြေ့မှုကို ဆိုလိုတာပါ။ ဒါပေမဲ့ ဒေါ် ဒေါ်သန်း အသက်ကလေးအတော်ရလာတော့ မျက်ခမ်းစပ်တဲ့ပြဿနာပေါ်လာပါတယ်။''
''ဦးလေးညိန်းက သူ့ဇနီးကိုအလွန်မြတ်နိုးပါတယ်။ ဒီတော့ သီချင်းရေးဆရာ၊ ဂီတသမားပီပီ သူ့အချစ်၊ သူ့ သံယောဇဉ်ကို စာဖွဲ့ပါတော့တယ်။ ဒီအချစ်သီချင်းလေးကို လူသိနည်းပါတယ်။ ဒါ့ကြောင့်လည်း ပြန်လည်တင်ပြပေးလိုက်ပါတယ်။'' 

''အဓိပ္ပာယ်ကို ကြိုပြီးတော့ ပြောပြထားပါမယ်။ လူတယောက်ဟာတဲ့ ... ချစ်မိပြီဆိုရင် ... ကိုယ့်ချစ်သူ ဝတာ၊ပိန်တာ၊ပုတာ၊ ရှည်တာ၊ မည်းတာ၊ ဖြူတာ ... ဘာမှ မမြင်တော့ဘူးတဲ့။ အရူးအမူး ချစ်တော့တာပါပဲတဲ့။''
''ဆိုကြပါစို့ …. ကိုယ့်ချစ်သူက မျက်ခမ်းစပ်နေလို့ မျက်သားတွေနီရဲနေရင်တောင်မှ ... အဲဒီလို မျက်သားနီရဲနေတာကလေးတွေဟာ..နှုတ်ခမ်းမှာ သန္တာသွေးလို ရဲနေတာလို သဘောထားပြီးတော့ ကြည်ဖြူမှာပါတဲ့'' ။

''နောက် မျက်ခမ်းစပ်နေလို့ဖြုတ်တွေ၊ ယင်တွေ အုံရင်တောင် … ဖြုတ်မောင်း၊ ယင်မောင်း လုပ်ပေးရင်းနဲ့ အချစ်တွေ ... ပိုကဲလာဦးမှာပါပဲ .. တဲ့။ ''

''နောက် ချစ်သူက ... ကွမ်းဝါးတာ၊ ကွမ်းစားတာကြိုက်တတ်ရင် ... စားသာစားပါတဲ့။ ကွမ်းစားလွန်းလို့ သွားတွေမည်းကုန်ရင်တောင်...ကေသာဆံပင်က ပိတုန်းရောင်လို သဘော ထားပြီးတော့ ... ဒီချစ်သူက ရယ်လိုက်၊ပြုံးလိုက်လို့ သွားမည်းမည်းကလေးတွေ ပေါ်လာရင်တောင် ဆံကေသာ ပိတုန်းရောင်ကို ချစ်သလို ... သွားကလေးတွေမှာ ပုလဲမစီဘဲ ပိတုန်းစီတယ်လို့ သဘောထားပြီးချစ်ပါ့မယ်တဲ့ '' ။

''နောက်ဆုံး ကုန်ကုန်ပြောရရင်တဲ့ ... မိုးမျှော်ငရုတ် သီးတောင့်ကလေးတွေကို ခွေထိုးပြီးတော့ ခေါင်းမှာပန်ဆင်ထားရင်တောင် သူ့စိတ်ထဲမှာတော့ ….ဇွန်ကုံးကလေးကို ပန်ထားတယ်လို့မြင်ပြီး ချစ်နေမှာပါမေရယ်လို့ စပ်ဆိုထားပါတယ်ခင်ဗျား။ကတ်သီး ကတ်သတ် အချစ်သီချင်းလေးပါခင်ဗျ။''
''အခု တေးသွားကိုပါ သီဆိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးမဟုတ်ပါဘူး။ ဦးလေးညိန်းရဲ့ အနုပညာကို ပေါ်လွင်အောင် ဖော်ပြဖို့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်။ တေးသွားထက် စာသားကို ဂရု စိုက်နားဆင်ကြပါခင်ဗျား။''


အပြစ်ခြောက်ပါး××ကင်းလွတ်တယ်ထင့်×××ဘယ် သူဘာပြောပြော ×××ချစ်သောသူ × × × မည်းဖြူဆူကျုံနိမ့်မြင့်ကိုပင် မမြင်ပါလေကလား၊ ကျွန် တော်တော့ အလှသားပဲထင်× × × စွဲမိရင် ဒီလိုပဲမြင်မယ့် မျက်ခမ်းစပ်ပါစေနီလွင် × × × ရယ်ရွှင်သဒ္ဓါသွေး × × × နှုတ်ခမ်း၏ အသွေးအရောင်လိုပင် x x xဆွဲကာယူငင် တန်ဆာဆင်ပြန်တော့ × × × ဖြုတ်မောင်း၊ ယင်မောင်းကောင်းမယ် x x x ပစ်ရက်ပေါင် × × × အိုအောင်ပေါင်းချင် × × × ကွမ်းဝါးတာကြိုက်တတ်ပါရင်× × ×ကြိုက်သလိုသာပင် သုံးဆောင်စေချင် × × × ရယ်ရွှင်ပြုံးသလားဆို × × × သွားကလေးတွေ ညိုညိုနက်ပါစေ × × × ဒန္တာဟာ ကေသီပဲပေါ့  × × × ပုလဲမကုံးပြီ ပိတုန်းစီသလိုပင်× × ငရုတ်သီးမိုးမျှော် ခွေထိုးလို့ပန်ဆင် × × ×ကျွန်တော့်အမြင်နဲ့တော့မေရယ်× × × ဇွန်ကုံးကလေးကို ပန်တယ်လို့ပဲထင်။


အဲဒါပါပဲ။ သောတရှင်များခင်ဗျား ... မြို့မညိန်း ... ကျွန်တော်တို့အခေါ်ဦးလေးညိန်းက ချစ်မိ၊ စွဲမိပြီဆိုရင် ... ကိုယ်ထင် ခုတင်ရွှေနန်း၊ ဘာကိုမှအပြစ်မမြင်တော့ဘဲ အရာရာမှာ အချစ်တွေပဲဝင်နေတတ်လွယ်တဲ့ သဘာဝကို ကွင်းကွင်းကွက်ကွက် ဖော်ကျူးထားတဲ့အကြောင်း ကြိုးစားတင်ပြလိုက်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ ... 
ကျွန်တော် ဝင်းဖေ ပါ။
ဆရာ့အား ကန်တော့အပ်ပါတယ်
လေးစားဂါရဝဖြင့်
အိမ် အို ညီ
မေ၂၀၊၂၀၂၂
* ဖိုတိုများ ခရက်ဒစ်ပါ.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar