Breaking News

အောင်ဝေး - ရက် ၁၀၀၀ စစ်တမ်း


အောင်ဝေး - ရက် ၁၀၀၀ စစ်တမ်း

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၃


( ၁ )

လူထုအာဏာ အလုခံရတာ ရက်၁၀၀၀ ပြည့်ပြီ။ လူထုအာဏာအသိမ်းခံရတာ ရက် ၁၀၀၀ ရှိပြီ။ NLD အာဏာအလုခံရ၊ အသိမ်းခံရတာ မဟုတ်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် လူထုထံက ဆင်းသက်သည်။ လူထုက NLD ကို ရွေးကောက်ပွဲဖြင့် မဲပေး ရွေးချယ်ကာ အာဏာအပ်နှင်းခြင်း ဖြစ်သည်။ မူလအာဏာပိုင်ရှင်သည် လူထုပင်။ အာဏာပိုင်ရှင်အစစ်သည် လူထု၊ လူထုသည် ဧကန်စင်စစ် အာဏာရှင်အစစ် ဖြစ်၏။

၁၉၃၈ တက္ကသိုလ်တတိယသပိတ်တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည်။ ဗိုလ်အောင်ကျော် ဈာပနတွင် တကသကျောင်းသားခေါင်းဆောင် ကိုလှရွှေ မိန့်ခွန်းပြောသည်။

"ဟယ်- နယ်ချဲ့အစိုးရ" ဟု ကြုံးဝါးကာ အင်္ဂလိပ်ကိုလိုနီအစိုးရကို စွဲချက်တင်သည်။ ရာဇသံပေးသည်။ ဈာပနအပြီးတွင် လူထုနှင့် ကျောင်းသားလောကတွင် "အာဏာရှင်လှရွှေ"ဟု အမည်တွင်သွားတော့သည်။

ယခု နွေဦးတော်လှန်ရေးတွင် လူထုသည် အာဏာရှင်။ အာဏာရှင်လူထု။ ဒါပဲ ဖြစ်သည်။ စစ်အာဏာရှင် မဟုတ်။ လူထုအာဏာရှင်။ ကျနော်တို့သည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး လူထုအာဏာရှင်စနစ်ကို ထူထောင်ကြရမည် ဖြစ်၏။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အလုခံခဲ့ ရသောအာဏာသည် တစ်စတစ်စနှင့် လူထုလက်ထဲ ပြန်ရောက်စပြုလာပြီဖြစ်သည်။ ထိုနေ့ကစ၍ ရေတွက်လျှင် နွေဦးတော်လှန်ရေးသည် ယခုအခါရက်ပေါင်း ၁၀၀၀ ခရီးပေါက်ခဲ့ပြီဟု ဆိုနိုင်သည်။

ခရီးမဆုံးသေးပါ။

ခရီးများအဆုံးထိလျှောက်။

လမ်းများအားလုံး နေပြည်တော်ဆီသို့။

နေဦးတော်လှန်ရေး၏ ဦးတည်ချက်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သည်။

နွေဦးတော်လှန်ရေး၏ အသွင်သဏ္ဌာန်မှာ လက်နက်ကိုင်တော်လှန်ရေးကို အဓိကတိုက်ပွဲပုံသဏ္ဌာန်ထား၍ အခြားအရေးပါသော နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး တိုက်ပွဲပုံသဏ္ဌာန်များနှင့် ပေါင်းစပ်ကာ အဆုံးသတ်တိုက်ပွဲဆင်ရန် ဖြစ်သည်။

ယခုအချိန်တွင် ကျနော်တို့က ရဲဘော်များကို ပြောကြားလိုသည်မှာ စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာ လူထုပြန်သိမ်းပိုက်ရေးပဲ ဖြစ်သည်။ ကျနော်တို့ ဒါကို ပြိုင်တူကြွေးကြော်ကြပါစို့။

( ၂ )

၂၀၂၀ ရွေးကောက်ပွဲတွင် NLD က သောင်ပြိုကမ်းပြို နိုင်ခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထု ဆန္ဒပြပွဲများ ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မန္တလေးမြို့၌ ပေါ်ထွက်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ဖွဲ့စည်းကြောင်း ကြေညာသည်။ CRPH ကြေညာပြီး နောက်တစ်ရက် ၂၀၂၁ ဖေဖောဝါရီ ၆ ရက်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် စတင်ပေါ်ပေါက်လာသည်။

၂၀၂၁ မတ်လ ၈ ရက်နေ့တွင် CRPH အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလူတန်းစားအဖွဲ့ အသီးသီးက ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ကြေညာသည်။ NUCC က ၂၀၂၁ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်စာတမ်း အပိုင်း- ၁ နှင့် ၂ ကိုသပိတ်မှောက်လူထု နှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြား ချပြခဲ့သည်။

၂၀၂၁ ဧပြီ ၆ ရက် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းခံတပ်က ဆန္ဒပြလူထုသည် တူမီး ၂၁ လက်ဖြင့် လက်နက်ကိုင်တော်လှန်ရေး လူထုခုခံစစ်ပွဲကို စတင်မီးထွန်းညှိလိုက်သည်။

ဧပြီလ ၁၆ ရက် (၂၀၂၁) မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွန်းလာသည်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ၂၀၂၁ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်/တပ်ဖွဲ့များ ဖွဲ့စည်းကြောင်း ကြေညာသည်။ 

NUG အစိုးရက ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ကြောင်း D-Day ကြေညာလိုက်သည်။

FDC ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကိုလက်ခံသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစု (၅) ဖွဲ့ NUG နှင့် တရားဝင်ပူးပေါင်းလာသည်။ 

ယင်းတို့မှာ KNU/ KNLA ကရင်၊ KIO/KIA ကချင်၊ KNPP/KA ကရင်နီ၊ CNF/CNA ချင်းနှင့် ABSDF ကျောင်းသားတပ်မတော်တို့ ဖြစ်သည်။ (အင်အား ၄၅,၀၀၀)

NUG နှင့် တရားဝင်ပူးပေါင်းခြင်း မရှိသေးသော်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ဖြစ်သည့် ULA/AA ရက္ခိုင့်တပ်တော်၊ PSLF/TNLA တအာင်း ပလောင်နှင့် MNDAA ကိုးကန့်တို့သည် PDF နှင့် ပြည်မတော်လှန်ရေးအင်အားစုများကို အပြည့်အဝအကူအညီပေးသည်။ (အင်အား ၄၅,၀၀၀)

ယခုအခါ NUG- MOD လက်အောက်တွင် မြို့နယ်ပေါင်း (၂၅၀) ကျော်၌ PDF တပ်ရင်းပေါင်း (၃၀၀) ခန့် ဖွဲ့စည်းပြီးဖြစ်သည်ဟု သိရသည်။ တပ်ရင်းတစ်ခုတွင် အင်အား (၂၀၀) ခန့်ရှိသည်။ တပြည်လုံး PDF အင်အားစုစုပေါင်းမှာ ၆၀,၀၀၀ ခန့် ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ/PDO) အင်အား တပြည်လုံးတွင် (၇၅,၀၀၀) ခန့်ရှိ သည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် PDF တပ်ဖွဲ့များ မရှိပါ။ ကချင်တွင် KIO/KIA နှင့်တွဲ၍ KPDF အဖြစ် ထူထောင်ထားသည်။

ချင်းတွင် CNF/CNA တို့၊ CNO/CNDF တို့နှင့်အတူ ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် CDF များအဖြစ် တိုက်ပွဲဝင်သည်။

NUG- MOD အောက်တွင်မရှိသော ပြည်မ လက်နက်ကိုင်အင်အားစုများလည်း သူ့အင်အားနှင့်သူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည်။ ထိုအဖွဲ့များမှာ-

၁။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)

၂။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)

၃။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(မကွေး) PRA(Magwe)

၄။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)

၅။ ကျောင်းသားလက်ရုံးတပ်တော် (SAF)

၆။ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF)

၇။ ကျားဖြူ/အညာဒေသ(96 Soldier)

၈။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)တို့ ဖြစ်ကြသည်။

( ၃ )

ယနေ့ နွေဦးတော်လှန်ရေးတွင် မည်သို့မျှ လက်မခံဘဲ နေ၍မရသော အချက်နှစ်ချက် ရှိသည်။ NUG သည် တပ်ဦးဖြစ်သည်ဆိုသော အချက်နှင့် NUG+EAOs သည် တပ်ပေါင်းစု ဖြစ်သည် ဆိုသည့်အချက်၊ ထိုနှစ်ချက်ပင် ဖြစ်သည်။

ကျနော်တို့၏ သဘောထားမှာ တပ်ဦးကို ဝန်းရံ၊ တပ်ပေါင်းစုကို နာခံ ဖြစ်သည်။

ယနေ့ မြေပြင်လက်တွေ့တွင် တိုင်းပြည်တဝက်မက တော်လှန်ရေးအင်အားစုများက စီးထားနိုင်ပြီ။ ကျေးလက်ကို အခြေခံ၊ မြို့ပြကို ဝိုင်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်မည်။ မအလလက်အောက်တွင် မြို့ကြီးတွေသာ ကျန်တော့သည်။

မကြာမီ မြို့ကြီးများလည်း ကျီးနှင့်ဖုတ်ဖုတ်ဖြစ်မည်။ နေပြည်တော် တစ်ခုတည်း အထီးကျန် ဖြစ်မည်။ မင်းအောင်လှိုင်က နောက်ဆုံး သေတဲ့အထိ နေပြည်တော်က ခံမည်။ သူက ခံစစ်သေကို အခိုင်အမာ ပြင်ဆင်ထားပုံရသည်။

ယနေ့ မအလ စစ်သားတွေ သူတို့စခန်းတွေကို မကာကွယ်(နိုင်)ကြတော့။ လွယ်လွယ်နှင့် စွန့်ခွာထွက်ပြေးနေကြသည်။ တချို့ အဖမ်းခံနေကြသည်။ မအလစစ်တပ် ပြိုကွဲနေပြီ။ တပ်ရင်းမှူးအဆင့်ကနေ တပ်သားအဆင့်အထိ မင်းအောင်လှိုင်၏ အမိန့်ကို ဖီဆန်လာကြသည်။

မင်းအောင်လှိုင် တစ်နေ့တခြား သူ့လူတွေကို ထိုးကျွေးနေရပြီ။ မူလအာဏာသိမ်းသည့် ခြောက်ဦးဂိုဏ်း မရှိတော့။ ဖြုတ်ထုတ်ချတွေ ဖြစ်ကုန်ပြီ။

ကြည့်နေပါ။ သိပ်များမကြာခင်မှာ ယခုရွာတွေကို စစ်ကြောင်းထိုးနေသော မအလတပ်များ နေပြည်တော်ကို ပြန်ခေါ်မည်။ နေပြည်တော်မှာ ခံစစ်ပြင်မည်။

ခံစစ်သေ အနေအထားကနေ ကျနော်တို့တပ်တွေကို စောင့်မည်။ ခွင်ထဲက မထွက်တော့။

ကျနော်တို့က နေပြည်တော်ကို သွားဝိုင်းတိုက်လျှင် မင်းအောင်လှိုင်က ခံစစ်သေ နေရာယူပြီး ပြန်ခံတိုက်လိမ့်မည်။ ထိုအခါ ထိုသို့သော တိုက်ပွဲမျိုးသည် ကြာကောင်းကြာတတ်သည်။ ဥပမာ- ဗီယက်နမ်စစ်တုန်းက ဒိန်ဘင်ဖူးတိုက်ပွဲကြည့်။

ကျနော်တို့လူမျိုးက ကြာလျှင် သည်းမခံနိုင်ကြပါ။ စိတ်မရှည်နိုင်ကြပါ။ ကြာလာလျှင် စိတ်ဓာတ်က အရင်ကျချင်လာသည်။ 

ယခု တချို့သူတွေ ရက် ၁၀၀၀ ကို ကြာလှပြီဟု ပြောနေကြသည်။

ပြောချင်ကြသည်။ အပြစ်တင်သံတွေဟိုက ဒီက ကြားရသည်။

ဟုတ်ပြီ။ ရက်ပေါင်း ၁၀၀၀။ ကြာလှပြီ။ ကြာလွန်းနေပြီ။ ဆိုနိုင်ပါသည်။ သို့သော် ကျနော်တို့ အရှုံးနဲ့ ကြာနေတာလား၊ အနိုင်နှင့် ကြာနေတာလား၊ သေချာစဥ်းစားသုံးသပ်ကြည့်နိုင်ကြဖို့ လိုသည်။

ကျနော်တို့ အကျိုးမရှိ ကြာနေတာလား၊

အကျိုးရှိရှိ ကြာနေတာလား။ စဥ်းစား။

ဒီနေ့ ကျနော်တို့ စစ်နိုင်နေသလား၊ စစ်ရှုံးနေသလား။ စဥ်းစား။

တော်လှန်ရေးကို တူမီးနှင့် စခဲ့ကြပြီး

မောင်းပြန်ရိုင်ဖယ်တွေနဲ့ အဆုံးသတ်ရမည်။ စခန်းသိမ်းတိုက်ပွဲတွေနဲ့စပြီး မြို့သိမ်းတိုက်ပွဲတွေနှင့် အဆုံးသတ်ရမည်။ ဒီနေ့ တော်လှန်ရေးဒီရေ တက်နေသလား၊ ဆုတ်နေသလား။ ရဲရဲသုံးသပ်။ ဒီနေ့ ကျနော်တို့ဘက်က သေနင်္ဂဗျူဟာထိုးစစ်ကို တက်လှမ်းရောက်ရှိလာတဲ့အချိန်မှာ မအလ ခံစစ်ကို ကျသွားပြီ။ ခံစစ်သေကို ဆင်းသွားပြီ။

"မှတ်ထား။ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ အရှင်မထွက်ဘူး။ အသေထွက်ပဲ ရှိတယ်။" အမေ လူထုဒေါ်အမာရဲ့ စကား။

အစကတည်းက အာဏာသိမ်းလိုက်တာကိုက မင်းအောင်လှိုင် သူ့သေတွင်းသူ တူးလိုက်တာပါပဲ။ နေပြည်တော်မှာ သေတွင်းက နက်နေပြီ။ ခုထိတော့ မင်းအောင်လှိုင် မသေသေးဘူး။ သင်း သေကို  သေရတော့မယ်။

အရေးကြီးတာက ကျနော်တို့ဘက်က သူ့ကို(မင်းအောင်လှိုင်) သတ်နိုင်တဲ့ အင်အားရှိဖို့ပဲ လိုတယ်။ အင်အားက နှစ်မျိုး ရှိတယ်။ 

ပထမတစ်မျိုးက လူထုအားကို အများကြီး လိုတယ်။ လူထုက အပြည့်အဝမပါရင် စစ်ပွဲက ကြာနေဦးမှာပဲ။ 

ဒုတိယအင်အားတစ်မျိုးက ညီညွတ်ရေးပဲ။ ကျနော်တို့ မညီညွတ်ရင် ဒီအခြေအနေကို ရောက်ကိုမလာဘူး။ ကျနော်တို့ ညီညွတ်နေလို့ ခုလို သေနင်္ဂဗျူဟာ ထိုးစစ်ဘက်ဝင် ရောက်လာနိုင်တာ ဖြစ်တယ်။ ကျနော်တို့ ဆိုလိုချင်တာက ညီညွတ်ရေးပြိုကွဲမသွားဖို့ပဲ။

နောက်တစ်ချက်။ လီယိုတော်စတွိုင်းက သူ့ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးထဲမှာ ရေးပြသွားတယ်။ စစ်နိုင်ရာသော အကြောင်းတရားတွေထဲမှာ အရေးကြီးတဲ့အချက်တစ်ခုက စိတ်ရှည်ခြင်း(စောင့်ဆိုင်းခြင်း)ပဲ ဖြစ်တယ်တဲ့။

( ၄ )

ဥပမာတစ်ခု ပေးပါမည်။ ရေနွေးကျိုတဲ့အခါ ကျနော်တို့တွေ ရေနွေးဆူတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးရတာ မဟုတ်လား။ ရေက ၁၀၀ ဒီဂရီ (စင်တီဂရိတ်)ရောက်မှ ဆူမယ်။ အခု ကျနော်တို့ ရေနွေးကျိုနေတာ (ရန်သူကို တော်လှန်နေတာ) ၉၉ ဒီဂရီနားကို ရောက်နေပြီ။ အငွေ့တွေထွက်နေပြီ။ ဒါပေမဲ့ မဆူသေးဘူး။ ရေဆူမှတ်က ၁၀၀ ဆိုတော့ တစ်ဒီဂရီ လိုသေးတယ်။ ကျနော်တို့ မီးပြင်းထိုးပေးလိုက်ရင် ၁၀၀ ဒီဂရီဆိုက်ပြီ။ ရေနွေး ဗွမ်းဗွမ်းဆူပြီ။

ဟုတ်ပြီ။ ရေနွေးအိုးစတည်တာကနေ အပူချိန် ၉၉ ဒီဂရီ(စင်တီဂရိတ်)အထိ ရောက်အောင် စောင့်လာနိုင်ခဲ့သေးတာပဲ။ ၉၉ ကနေ ရေဆူမှတ် ၁၀၀ ရောက်အောင်ဘာကြောင့်မစောင့်နိုင်ရမှာလဲ။

ရေနွေးစကျိုတာကနေ အပူချိန် ၉၉ အထိဟာ အရေအတွက် ပြောင်းလဲခြင်း၊ ၉၉ ကနေ ဗွမ်းဗွမ်းဆူတဲ့ ၁၀၀ အထိက အရည်အချင်း ပြောင်းလဲခြင်းလို့ ခေါ်ပါတယ်။ 

ကျနော်တို့ဘက်က စစ်ခွင်တွေ တဖြည်းဖြည်း ချဲ့ချဲ့လာတာ(တိုးတက်တာ)၊ မင်းအောင်လှိုင်ဘက်က စစ်ခွင်တွေ တဖြည်းဖြည်း ကျုံ့ကျုံ့ သွားတာ(ဆုတ်ယုတ်တာ)တွေက အရေအတွက် ပြောင်းလဲခြင်း။ ကျနော်တို့က နေပြည်တော်ကို သိမ်းနိုင်ပြီး၊ မင်းအောင်လှိုင် ကျဆုံးခန်းဆိုက်ပြီ ဆိုရင်တော့ ဒါက အရည်အချင်းပြောင်းလဲ ခြင်း။ တော်လှန်ရေးဟာ ပြောင်းလဲခြင်းပဲ မဟုတ်လား။

အခု ဒီစာကို မြေပြင်က အသံတစ်ခုနဲ့ နိဂုံးချုပ်ပါ့မယ်။

"တော်လှန်ရေး ဘယ်တော့ပြီးမလဲ မေးနေကြတယ်။ တော်လှန်ရေးအတွက် ဘာလိုအပ်နေသလဲ မေးကြပါ။ ကိုယ်ကျိုးအတွက် တောခိုနေကြတာ မဟုတ်ပါဘူး"

(ပိုင်စိုးသူ)

+ + +

တစ်နေ့တည်းတိုက်လို့ နိုင်တဲ့စစ်ပွဲ မရှိဘူး စိတ်ရှည်ရင် နိုင်တယ်။ ။

အောင်ဝေး

(အောက်တိုဘာ ၂၈၊ ၂၀၂၃)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar