Breaking News

မြေးလှဒင် - အမျိုးသား ရင်ကြားစေ့ရေးအတွက် ရန်လိုကျွဲပါတီ ထောင်မည်



မြေးလှဒင် - အမျိုးသား ရင်ကြားစေ့ရေးအတွက် ရန်လိုကျွဲပါတီ ထောင်မည်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၉


ရန်လိုကျွဲသည် မိမိတို့နိုင်ငံ ရှေ့ဆက် တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်နိုင် ရန် သီအိုရီအမှန်ကို ဖော်ထုတ်နိုင်ပြီ။ ထို့ကြောင့် ပါတီတခု ထူထောင်မည်ဟု ဆိုကာ မြောက်ကြွ မြောက်ကြွ ဖြင့် မိမိ တာဝန်ယူထားသည့် နိုင်ငံတကာ ဂျာနယ်လစ်ကွန်ရက်ရုံးသို့ ရောက်လာသည်။ ရန်လိုကျွဲမှာ အခြားသူ မဟုတ်။ တိုင်းပြည်နှင့် လူမျိုး တိုးတက်ကြီးပွားရေးကို အမြဲ စဉ်းစား လုပ်ဆောင်နေသော၊ လုပ်စရာရှိလျှင် မည်သည့်အခါမျှ နောက်ကျ တွန့်ဆုတ်နေလေ့ မရှိသော သတင်းသမားကောင်း ဖြစ်၏။ ထို့အပြင် ယခင် အဘများခေတ်က ‘အဘထွေ’၏ အရက်ပုလင်းတလုံး ဆုချခံရသည့် သတင်းထောက် တဦးလည်း ဖြစ်၏။

ယခု နိုင်ငံတကာ ဂျာနယ်လစ်ကွန်ရက်ရုံးသို့ ရောက်ရှိလာခြင်းက သူ့အနေဖြင့် သတင်းစာ ရှင်းလင်းပြီး တိုင်းပြည်ထူထောင်ရေး နည်းလမ်းများ ချပြ ချင်းကျင်းသွားမည်။ ပြည်သူတို့အား အသိပေးသွားမည်။ အားလုံး ပါဝင်သော ပါတီတခု ထူထောင်မည်ဟု ဆိုလာသည်။ ယင်းကြောင့်ပင် သတင်းစာ ရှင်းလင်းမှု မပြုလုပ်မီ ရန်လိုကျွဲနှင့် စကားအနည်းငယ် မေးမြန်း ပြောဆိုဖြစ်သည်။ သို့သော် သတင်းထောက်ပီပီ သူကသာ စတင်မေးမြန်းနေတော့သည်။

“ကိုကြီးဒင်… ခင်ဗျား စဉ်းစားမိလား”

“ဟေ… ငါက ဘာကို စဉ်းစားမိရမှာလဲ ညီကျွဲရဲ့”

“ခင်ဗျားကြီးတို့ဟာလေ… တိုင်းပြည် တိုးတက်ရေးအတွက် ဘယ်တုန်းကမှ ဘာမှ မစဉ်းစားကြတဲ့သူတွေပဲ”

“ဟေ…”

ရန်လိုကျွဲ စ‘ခတ်’ပါပြီ။ သို့ပေမဲ့ ထင်ရာ လျှောက်ပြောတတ်ပြီး သူ ယုံကြည်သလို အမြဲတမ်း ပြောဆိုတတ်သည့် သူ့ညာဉ်ကို သိပြီး ဖြစ်နေသဖြင့် သည်းခံလိုက်သည်။ အနှီကဲ့သို့ ရန်လိုကျွဲအပေါ် သည်းခံမှုပေါင်းကား မရေမတွက်နိုင်တော့။ ယခုလည်း မည်သူက မြှောက်ပေးလိုက်သည် မသိ။ ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း မဟုတ်ဘဲ၊ ဝင်ဝင်ချင်း ချို(ဂျို)နှင့် ခင်းလေပြီ။

“ကိုကြီးဒင်… စဉ်းစားကြည့်”

“လုပ်ပြန်ပြီ၊ ငါက ဘာကို စဉ်းစားကြည့်ရမှာလဲ၊ ဟကောင် မောင်ကျွဲရဲ့”

“ခင်ဗျားကြီးက ဘယ်တော့မှ တိုင်းပြည် တိုးတက်ရေးကို မစဉ်းစားဘူး၊ အခု နိုင်ငံရေးဖြစ်စဉ်ကို ခင်ဗျား သိမှာပါ။ အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စကို စဉ်းစားဖို့ ပြောတာဗျ။ ၂၁ ရာစု ပင်လုံညီလာခံ ဆိုရင်လည်း တိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့ အကြောင်းအရာပဲ။ အဲဒီအကြောင်း ကျုပ်က သတင်းစာရှင်းလင်းပြီး ပြည်သူတွေနဲ့ နိုင်ငံတော် အကြီးအကဲတွေ သိမြင်ဖို့ ချပြ၊ ပြောပြချင်တာဗျ”

အင်း… ခက်ချေပြီ။ ကိုယ်တိုင်လည်း သတင်းသမားတဦး ဖြစ်နေသူက သတင်းစာ ရှင်းလင်းဦးမည်ဟု ပြောနေပြန်ပြီ။

“ဟေ့ ရန်လိုကျွဲ… မင်းကိုယ်တိုင်လည်း သတင်းသမားတဦးပဲလေ။ အဲဒီအကြောင်း မင်းရဲ့ သတင်းဌာနကနေ တင်ပြလိုက်ပါတော့လား။ အဲသလိုဆို မင်းရဲ့ အယ်ဒီတာတွေ၊ မီဒီယာပိုင်ရှင်တွေက မင်းရဲ့ စိတ်ကူး အကြံအစည်ကို သိပြီး သတင်းဦး၊ သတင်းထူးသာမကဘူး၊ ‘အကောင်းဆုံး စိတ်အတွေးအကြံဆု’တောင် ရဦးမယ်လေ။ အဲသလိုပဲ လုပ်ပါကွာ”

ရန်လိုကျွဲအား နှစ်သိမ့် ဆွေးနွေး အကြံပေး ပြောပြနှစ်သိမ့်သော်လည်း သူက လုံးဝ လက်မခံ။ ရန်လိုကျွဲ ဆက်၍ ‘ခတ်’၏။

“အဲသလို လုပ်ဖို့က လွယ်မှန်း ကျုပ် သိတယ် ကိုကြီးဒင်၊ ဒါပေမဲ့…”

“ဒါပေမဲ့… ဘာဖြစ်သလဲကွဲ့၊ လုပ်စမ်းပါဦး မောင်ရာ”

“အခု ကျုပ် ရှင်းလင်းပြမှာက တနိုင်ငံလုံးနဲ့ ဆိုင်တယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လူတိုင်း သိဖို့ လိုတယ်။ သူတို့ သိရှိပြီးရင် ကျုပ်တို့နဲ့ လက်တွဲလာမယ်၊ တိုင်းပြည်ကောင်းအောင် အမျိုးသားရင်ကြား စေ့ရေး လုပ်ငန်းစဉ်မှာ လူအများ ပါဝင်လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပွင့်လာမှာဗျ”

“ဟုတ်ပါပြီ ညေးကျွဲရယ်၊ မင်း ပြောချင်တာ၊ လုပ်ချင်တာတွေ အကြောင်း လင်းစမ်းပါဦးကွယ်”

သူ ထပ်ပြီး မဟုတ်မဟပ် အချက်များဖြင့် ‘ခတ်’လာမည့်အရေးကို ကြိုမြင်မိသဖြင့် လေပြည်အေးဖြင့် ချော့မော့ ပြောဆိုလိုက်ရသည်။ ဤသို့ ပြောဆိုလိုက်ကာမှ သူ၏ စိတ်ခံစားချက်ကို ဆွပေးလိုက်သလို ဖြစ်သွား တော့၏။

“ကိုကြီးဒင် အရက်သောက်တယ် မဟုတ်လား”

“အာ… ဒီကောင်၊ ဘာတွေလျှောက်မေးနေတာလဲ၊ ပြောစရာ ရှိတာကို ရှင်းရှင်းမပြောဘူး၊ ငါ အရက်သောက် တာနဲ့ မင်း ပြောမှာနဲ့ ဘာဆိုင်လို့လဲဟ”

“ဆိုင်ပါသော်ကောဗျာ… ဆိုင်လို့ ကျုပ် မေးနေတာဗျ၊ ပြီးတော့ တိုင်းပြည်မှာ အရမ်းလိုအပ်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ အကောင်အထည်ဖော်နိုင်ဖို့အတွက် အရမ်းလိုအပ်နေလို့ မေးနေတာ ကိုကြီးဒင်။ ခင်ဗျားကြီးတို့ နိုင်ငံ ငြိမ်းချမ်းတော့မယ်ဗျ၊ ငြိမ်းချမ်းတော့မယ်”

အွန်… ဒီကောင် ဘာတွေ လာပြောနေပါလိမ့်။ မနက်စောစောကြီးတော့ ဒီကောင် မသောက်လောက်။ ခါတိုင်းလည်း ဒီကောင် သောက်တတ်သည်ဟု မကြားမိ။ အင်း… ဒီကောင်လေး မူးယစ်ဆေးဝါးတွေများ သုံးနေသလား။ သူ့မျက်နှာကို အကဲခတ်ပြန်တော့လည်း ဘာမှ သုံးစွဲထားဟန်၊ သောက်သုံးဟန်လည်း မတွေ့ရ။ ထူးတော့ အတော်ပင် ထူးနေပေပြီ။

“ဘယ်နိုင်ငံက ခေါင်းဆောင်ပဲ ကြည့်ကြည့်၊ အရက်မသောက်တဲ့ ခေါင်းဆောင် ဆိုတာ မရှိသလောက်ပဲဗျ။ ကျုပ်တို့ဆီက ခေါင်းဆောင်တွေလည်း သောက်ကြတာပဲ။ ဒါကြောင့် ကျုပ် ဦးဆောင်မယ့် ပါတီကြီးကို အားလုံး ပါဝင်လာကြမှာ ဖြစ်တယ်။ အဲံဒီအတွက် ကျုပ်က ခင်ဗျားတို့ ကွန်ရက်ကနေ သတင်းစာ ရှင်းလင်းဖို့ လုပ်ချင်တာပဲ။ ဒါမှ အချိန်တိုအတွင်း အားလုံး သဘောပေါက် နားလည်ပြီး ပါတီအင်အားအတွက် အြမန်ဆုံး စည်းရုံးနိုင်မှာ မဟုတ်လား။ ပါတီတွင်း ဝင်လာကြရင် အားလုံး စည်းလုံးသွားမယ်။ တယောက်နဲ့ တယောက်၊ တဖက်နဲ့ တဖက် ဘယ်တော့မှ ရန်မဖြစ်တော့ဘူး။ မတိုက်ခိုက်တော့ဘူး။ ချက်ချင်း ငြိမ်းချမ်းရေးရသွားမှာဗျ ကိုကြီးဒင်ရ”

“နေပါဦး… မောင်ကျွဲရဲ့၊ မင်းရဲ့စကားက ဘယ်ကစလို့ ဘယ်မှာ ဆုံးပြီး ငါက ဘာကို နားလည်ရမှန်း မသိတော့ဘူးကွာ”

“ကိုကြီးဒင်ရာ… ကျုပ်က ခင်ဗျားတို့ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ရော၊ သတင်းသမားတွေနဲ့ရော အရက်ဆိုင် အမြဲ ထိုင်ဖူးတယ်။ သောက်ဖူးတယ်၊ မူးဖူးတယ်ဗျ။ ပြီးတော့ နိုင်ငံတော်အဆင့် ညစာစားပွဲတွေ လည်း မနည်းမနော တက်ခဲ့ဖူးတယ်လေ။ ဒါကြောင့် ကျွန်တော်က အားလုံး ပါဝင်ပြီး စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ့် ပါတီကြီးတစ်ခု ထူထောင်ပေးချင်တာဗျ”

“နေပါဦးကွယ် မောင်ကျွဲရဲ့၊ တို့နိုင်ငံမှ တော်ကြာ ပူးပေါင်းလိုက်၊ တော်ကြာ ကွဲပြဲလိုက်၊ အိုးစားဖက်ချင်း ဖွဲ့ထားတဲ့ ပါတီလည်း မတည့်ကြ၊ အချုပ်ထောင်ထဲမှာ အတူတူ အနှိပ်စက်ခံရပြီး အခုလို လွတ်လပ်တဲ့အခါမှာ အတူတွဲ ထူထောင်တဲ့ ပါတီတွေလည်း ကွဲလိုကွဲ၊ ပြဲလိုပြဲ။ တိုင်းရင်းသားပါတီတွေရော ဘာထူးလဲ၊ လူ နှစ်ယောက် သုံးယောက် ပါတီလောက် ဖြစ်နေချိန်မှာ မင်း ထူထောင်ချင်တဲ့ ပါတီက စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းရေးလို့ ဆိုရအောင် ဘယ်ပါတီမို့လဲကွ””

“ဟား ဟား ဟား…ကိုကြီးဒင်က ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးတွေ အချင်းချင်း သိပ်အထင်သေးချင် တာကိုးဗျ။ ဒီမှာ ကိုကြီးဒင်… ကျုပ်တို့လူမျိုးတွေက အချင်းချင်း စည်းလုံးညီညွတ်အောင် လုပ်ဖို့ အင်မတန် လွယ်ကူတဲ့ လူမျိုးတွေပါ။အရေးကြီးတာက ဘုံအကျိုးစီးပွား ထူထောင်ပေးလိုက်ဖို့ပဲဗျ။ အခုလို မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်ပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်၊ အချင်းချင်း မညီမညွတ် ဖြစ်နေတာ၊ ငြိမ်းချမ်းရေးမရ ဖြစ်နေတာရဲ့ အကြောင်းရင်းက ယုံကြည်မှု မတည်ဆောက်နိုင်လို့ပဲ”

အမယ်… အမယ်… ကျွဲပါးစပ်က နတ်စကား ထွက်နေပါရောလား။ ရန်လိုကျွဲကို ဘယ်အမှောင့်ပယောဂများ ပူးဝင်နေပါလိမ့်။ အလွန်ကြီးကျယ်သည့် စကားများဖြင့် ဝှေ့ယမ်းတိုက်ခိုက်နေချေပါပြီ။

“ဒါဆို… မောင်ရန်လိုကျွဲက ယုံကြည်မှု တည်ဆောက်ပေးနိုင်တဲ့ နည်းလမ်း တွေ့ပြီ ဆိုပါတော့။ ပြောစမ်းပါဦး၊ လင်းစမ်းပါဦးကွ”

အနှီသို့ ပြောလိုက်မိသည့်သကာလ ရန်လိုကျွဲသည် အူယားဖားယား အားတက်သွားကာ သူ ထူထောင်မည့် ပါတီအမည်ကို တလုံးချင်း ပြောချလိုက်ပါတော့သည်။

“ကျုပ် ထူထောင်မယ့် ပါတီအမည်က ‘သုရာနဲ့စည်’ပါတီပဲဗျ”

“ဟေ…”

အံ့အားအသင့်ကြီး သင့်သွားဖြင့် မည်သည့်စကားမျှ မပြောနိုင် ဖြစ်နေသည့်အခိုက်၌ ရန်လိုကျွဲသည် စကားများကို အမျှင်မပြတ် တရစပ် ပြောနေလေသည်။

“ဟုတ်တယ်။ ကိုကြီးဒင်၊ ကျုပ် သုရာနဲ့စည် ပါတီ၊ သို့မဟုတ် အရက် နှစ်သက်သူများပါတီကို ထူထောင်မယ်။ အဖွဲ့ဝင်တွေအဖြစ် အရက်သောက်သုံးသူများ ဖြစ်ရမယ်။ ခွေးချစ်သူများ အသင်းအဖွဲ့က ခွေးကို အကြောင်းပြုပြီး ရန်ပုံငွေတွေ ရှာသလို ကျုပ်တို့ကလည်း အရက်ကို အကြောင်းပြုပြီး ရန်ပုံငွေ ရှာမယ်။ ပါတီ အောင်နိုင်ရေးအတွက်လည်း ကျုပ်က ဆောင်ပုဒ် ထုတ်ထားပြီးပြီ။ ‘ဘီယာတစ်ခွက် နှစ်ရာဖြစ်၊ သုရာနဲ့စည် အမှန်ခြစ်’တဲ့ဗျ။ ဘယ်လောက်ကောင်းလဲ”

“နေပါဦး… ဒီလို အကြံအစည်မျိုး ဘယ်ကနေ ရလာတာလဲ”

“ဒါက အရေးကြီးတယ် ကိုကြီးဒင်။ ကာတွန်းဆရာ ဖိုးစံဝင်းရယ်၊ ကဗျာဆရာ နှစ်ဦးဖြစ်တဲ့ နှစ်ချို့ဝိုင်၊ တိုးကြောင်ဖြဖိုးရယ်၊ ပန်းချီဆရာ မုံရွာဖိုးရယ်၊ သေလာနဒီ သတင်းဌာနက ဓာတ်ပုံသတင်းထောက် မျိုးမည်းဆိုးရယ်၊ ကျုပ်ရယ် ကျားကမ္ဘာ စားသောက်ဆိုင်မှာ သောက်ခဲ့တုန်းက ရခဲ့တဲ့ စိတ်ကူးဗျ”

“ဆက်ပြောစမ်းပါဦးကွာ”

“အစောပိုင်း စထိုင်တုန်းကတော့ ကျုပ်တို့ တစ်တွေ အေးအေးဆေးဆေးပဲဗျ။ တစ်ခွက်၊ နှစ်ခွက်စီ လောက်လည်း ဝင်သွားရော အာတွေ သွက်လာရောဗျ။ အဲဒီအချိန်မှာ တီဗွီက သတင်း‌ကြေညာတဲ့အခါ ငြိမ်းချမ်းရေး ညစာစားပွဲအကြောင်း ပါလာလို့ ကျုပ်တို့လည်း သေချာကြည့်လိုက်တော့ လား… လား… လက်နက်ကိုင် ခေါင်းဆောင်တွေလည်း ဖန်ခွက်ကိုယ်စီ ကိုင်ပြီး အပြန်အလှန် ဂုဏ်ပြုနေကြတယ်ဗျ။ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်းရော လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးလည်း ပြုံးလို့ ရွှင်လို့ ရယ်လို့ မောလို့ပေါ့ဗျာ။ အဲဒီလို စားသောက်ပွဲ ပြီးတဲ့ညမှာပဲ ပစ်ခတ်တိုက်ခိုက်မှု နှစ်လကြာ ရပ်စဲမယ် ဆိုပြီး ကြေညာချက်လည်း ထွက်လာရော။ အဲဒီမှာ ကျုပ် စဉ်းစားမိတာက ဒီလို နှစ်ပေါင်းများစွာ ဘုနဲ့ ဘောက်၊ ဘယ်လိုမှ ညှိနှိုင်းဖြေရှင်းမရပေမယ့် အခုလို လွယ်လင့်တကူနဲ့ ငြိမ်းချမ်းရေး အငွေ့အသက်တခု ရလိုက်တာဟာ ‘သုရာ’ကြောင့်လို့ ကျုပ်က မှတ်ချက်ချတယ်ဗျ။ အဲဒီမှာ…”

“ဆက်ပြောကွာ ညီကျွဲ၊ မဟုတ်တာတွေ ဆက်ပြော”

ဟု ပြောလိုက်သည့်အခါတွင် ရန်လိုကျွဲသည် တစ်ခုခုကို သတိရသွားပြီး-

“နေဦးဗျ ကိုကြီးဒင်၊ အခု ကျွန်တော်တို့ ပြောတာ အစိမ်းသက်သက်ကြီး (မသောက် မစားရသေးဘဲ) ပြောနေတာ မဟန်ဘူးဗျ။ ဒီတော့ တဆိုင်ဆိုင် ထိုင်ပြီး ဆက်ပြောကြစို့။ ကျွန်တော် လစာထုတ်ထားတာ မကြာသေးဘူး” ဟု ပြောသဖြင့် အနီးဆုံးဆိုင် ဖြစ်သည့် လက်ပံပွင့် စားသောက်ဆိုင်သို့ ချီတက်ကြလေသည်။

လက်ပံပွင့် စားသောက်ဆိုင်အတွင်း စားသောက် ပြောဆိုနေရင်း ရန်လိုကျွဲက “ကဲ… ကျုပ် ပြောတယ် မဟုတ်လား၊ အခု ဆိုင်ထဲကို လာရောက် စားသောက်သူတွေဟာ ကျုပ်တို့ သုရာနဲ့စည် ပါတီဝင်တွေပဲဗျ။ ကျုပ်တို့က တခြားပါတီတွေလို ရပ်ကွက်ထဲ အိမ်တိုင်ရာရောက် သွားပြီး မဲဆွယ်စည်းရုံးဖို့ မလိုဘူး။ သူတို့ အများစု ရှိနိုင်တဲ့ ဆိုင်တွေကို သွားပြီး ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေ ချပြ ပြောလိုက်ရင် သူတို့ လိုလားတဲ့ အနေအထား ရအောင် ကျုပ်တို့ပါတီက ဦးဆောင်ပြီး လုပ်ဆောင်ပေးရင်…”

ရန်လိုကျွဲသည် ဘီယာကို တခွက်ပြီး တခွက် သောက်နေသလို စကားကိုလည်း အဆက်မပြတ် ပြောနေလေရာ မိမိမှာ မမူးလည်း မမူး၊ မမတ်လည်း မမတ် ဖြစ်နေတော့သည်။ ဆိုလိုသည်မှာ မမူးသေးဟု ဆိုသော်လည်း သောက်ထားသည်မှာ များပြီ ဖြစ်၍ မတ်မတ်လည်း မနေနိုင်သည့် အခြေအနေပင် ရောက်နေတော့သည်။ သို့သော် ရန်လိုကျွဲ၏ စကားများမှာ မြင်း အီးပေါက်သလို အဆက်မပြတ်။

ထိုအချိန်တွင် အခြားဝိုင်းများမှ အော်ဟစ်သံ၊ ဆူညံသံ၊ ရန်ဖြစ်မည့် အနေအထားများ ဖြစ်ပေဂလာသော်လည်း သူတို့ဝိုင်းသား အချင်းချင်း တီးတိုးတိုင်ပင်ကာ ခေါ်ထုတ်သွားကြသည်များ၊ အချို့မှာ စားပွဲပေါ် မျက်နှာအပ်ကာ အိပ်ပျော်နေသူများ လမ်းပေါ် အရောက်တွင် မဟန်နိုင်၍ လဲကျ မူးမှောက်နေသူများကိုလည်း မြင်တွေ့နေရတော့သည်။

“တွေ့လား ကိုကြီးဒင်၊ သူတို့ဘာသာ သူတို့ ထိန်းသွားကြတယ် မဟုတ်လား။ ကဗျာဆရာ နှစ်ချို့ဝိုင် ဆိုရင် မူးလာရင် ပိုချစ်လာပြီး အချင်းချင်း နမ်းတော့တာပဲ၊ တိုးကြောင်ဖြိုး ဆိုရင် ကျုပ်လက်ကို မလွှတ်တော့ဘူးဗျ၊ နောက်ပြီး ကိုကြီးဖိုးစံဝင်းက သီချင်းဆိုတော့ ပန်းချီဆရာ မုံရာဖိုးက ကဗျာလွတ် ကပါရောလားဗျာ။ ဒါဟာ အားလုံးကို သုရာက ဆွဲဆောင်စည်းရုံးပေးတာပဲ”

ရန်လိုကျွဲနှင့် သူ့မိတ်ဆွေများ တွေ့ဆုံစားသောက်နေမည့် ပုံစံအနေအထားကို မိမိ၏ စိတ်ထဲတွင် မြင်ယောင်ပြီး “ပြုံးဟားဟားနေမိ (မျက်နှာ၌ ပြုံးနေသော်လည်း စိတ်တွင်း၌ ရယ်မောဟားတိုက်နေမိ) သော်လည်း ကိုယ့်ကိုယ်ကိုယ် မမူး၊ မမတ် အနေအထားဖြင့် ရန်လိုကျွဲ ဒကာခံသော ဘီယာကို တစိမ့်စိမ့် သောက်နေမိ၏။ ထိုစဉ်…

“ပါတီဝင်တွေကို ရွေးတဲ့နေရာမှာတော့ ကိုကြီးဒင်ကို အားကိုးရမှာပဲ။ အရက်ကို အမှန်အကန် သောက်သုံးသူ ဖြစ်ဖို့၊ အရက် နှစ်သက်သူ အမှန်အကန် ဖြစ်ဖို့က တင်းပြည့်ပါတီဝင် ဖြစ်ဖို့အတွက် အရေးကြီးတယ်ဗျ။ ကျုပ်ကတော့ ဥက္ကဋ္ဌနေရာမှာ နေမယ်၊ ကိုကြီးဒင်က ပါတီဝင် ရွေးချယ်ရေး အကြီးအမှူး ရာထူးကို မဖြစ်မနေ ယူမှ ဖြစ်မှဗျ။ ပါတီဝင်ငွေအနေနဲ့တော့ မပူနဲ့ဗျ။ မြန်မာပြည်က ကိုယ်တိုင် အရက်မသောက်တတ်ဘဲ အရက် ထုတ်လုပ် ရောင်းချသူတွေကို အရက်သမားပါတီက သပိတ်မှောက်မယ်။ သူတို့လုပ်ငန်းကို တကယ်သိတဲ့ သောက်တဲ့သူတွေကို တာဝန်ပေးမယ်”

“ဟေ့ကောင်… ငါတို့ရဲ့ သုရာနဲ့စည် ပါတီကလို့ ပြောကွ၊ အရက်သမား ပါတီလို့ ဆိုရင် သိက္ခာကျပါတယ်ကွာ”

မိမိကိုယ်တိုင်ပင် ရန်လိုကျွဲ၏ ပါတီတွင် အဆင့်မြင့် တာဝန်ယူရတော့မည်ကို များစွာ ကျေနပ် ဖြစ်နေမိသည်။

“အိုး… ဟုတ်သားပဲ၊ ကျုပ် မှားပြီး ပြောမိသွားတာဗျ။ အရက် နှစ်သက်သူများ ပါတီက သပိတ်မှောက်မယ်။ ပြီးတော့ အဲဒီလုပ်ငန်းကို ကျုပ်တို့ ပါတီဝင်ထဲက တဦးဦးကို အရက်ချက်လုပ်ဖို့၊ ဘီယာထုတ်လုပ်ဖို့ စနစ်တတျ တာဝန်ပေးမယ်။ ပြီးတော့ နိုင်ငံတကာ အရက် ဘီယာ နှစ်သက်သူများနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်။ သူတို့ဆီက တင်သွင်းမယ့် အရက်ကိုလည်း အခွန်အနည်းဆုံး ကောက်မယ်၊ သူတို့ မြတ်တဲ့ အမြတ်ကနေ ပါတီရန်ပုံငွေအတွက် ထည့်ဝင်ခိုင်းမယ်။ အရက်သောက်ပြီး သူတို့ဆီမှာ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးပြီးတော့…”

ရန်လိုကျွဲ မဟန်နိုင်တော့မှန်း မိမိ သိရှိလိုက်သည်။ ထို့နောက် အခန်းပြန်ရန် တိုက်တွန်းသည်။ သို့သော် ရန်လိုကျွဲ လက်မခံ။ ပါတီအတွက် အသေးစိတ် ဆွေးနွေးလိုသည်ဟုချည်းသာ ပြောနေ၏။ မိမိမှာ သားနှစ်ယောက်နှင့် အိမ်သူက စောင့်နေတော့မည်။ ထိုစဉ်က သတင်းသမား ထက်စံကောင်း ဝင်လာသည်။ သတင်းရ၍ ဖြစ်မည်။ ဤသည်မှာ မိမိ၏ ထွက်ပေါက်၊ လွတ်ပေါက်။

သို့ဖြင့် မိမိမှာ ရန်လိုကျွဲ၏ သုရာနဲ့စည် ပါတီဝင် ရွေးချယ်ရေးအဖွဲ့ အကြီးအမှူး တာဝန်မှ ခေတ္တရပ်ဆိုင်းကာ အခန်းတံခါး ဖွင့်မပေးမည့် အရေးကို ကြိုတွေးလျှင် လက်ပံပွင့် စားသောက်ဆိုင်မှ သုတ်ခြေတင် ပြန်ခဲ့ရလေ၏။