Breaking News

လက်နက်ကိုင် တော်လှန်ရေး၊ စစ်ပွဲတွေနဲ့ မြန်မာ့ခေတ်ပြိုင် သမိုင်းအစဥ်အလာ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၈ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

လက်နက်ကိုင်တော်လှန်ရေး၊ စစ်ပွဲတွေနဲ့ မြန်မာ့ခေတ်ပြိုင် သမိုင်းအစဥ်အလာ

စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ရေတွက်ရင် ၃ နှစ်ပြည့်လာချိန်၊ လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့ကာလအနေနဲ့တော့ ၃ နှစ်ပြည့်ဖို့ လအနည်း ငယ်လိုသေးချိန်မှာ ၃ နှစ်တာကာလကို ပြန်ငဲ့ကြည့်ပြီး နေ့စဥ်ကြားသိတွေ့ကြုံနေကြရတာတွေနဲ့ ကြုံခဲ့ရတာတွေ ဘယ်သူတွေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နေကြသလဲ၊ ကမ္ဘာက ဘယ်လိုရှုမြင်ကြသလဲ၊ ဘယ်လောက် ကူညီနိုင်ကြသလဲ၊ မိမိတို့ရဲ့ နိုင်ငံပြန်တည်ဆောက်ရေး သို့မဟုတ် ပြည်နယ်၊ မြို့ပြနိုင်ငံတွေ ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးမှာ ဘယ်လို သဘောတူညီချက်တွေ၊ ဘုံအကျိုးစီးပွားတွေ နဲ့ လျှောက်လှမ်းကြမလဲ စတဲ့ အနာဂတ်ကိုလည်း ပစ္စုပ္ပန် အပျက်အစီးတွေ၊ ထိခိုက်သေဆုံးမှုတွေ၊ သတ်ဖြတ်ခံရမှုတွေ၊ သတ်ဖြတ်မှုတွေ ထဲကနေ မျှော်ကြည့်ကြရမယ့် အနေအထားဖြစ်ပါတယ်။ အချို့ကတော့ လိုအပ်ချက်အရ ဖြစ်စေ၊ ၄င်းတို့ရဲ့ ရွေးချယ်မှု၊ ရွေးချယ်ခွင့်အရ ဖြစ်စေ အပျက်အစီးတွေ၊ သတ်ဖြတ်ခံရ၊ နှိပ်စက်ခံရမယ့် အနေအထားမျိုးမဟုတ်တဲ့ ကျည်ကွယ်မျက်ကွယ် တနေရာရာကနေ အနာဂတ်ကို ပုံဖေါ်နေကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

“လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် ပေါ်ပေါက်လာသလဲ” ဆိုတဲ့မေးခွန်းကို ဖြေကြမယ်ဆိုရင် အများစုကတော့ နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာချုပ်ကိုင်ထားတဲ့ စစ်တပ်ကြောင့်၊ ဖိနှိပ်မှုကြောင့်၊ လူမျိုးစုတိုင်းရင်းသားတွေကို တန်းတူညီမျှ အခွင့်အရေးမပေးတာကြောင့်၊ ဆန္ဒပြတဲ့ လက်နက်မဲ့ အရပ်သားတွေကို အင်အားသုံး ဖြိုခွဲမှု၊ သေနတ်နဲ့ ပစ်၊ ဖမ်းဆီး၊ အသက်သေဆုံးတဲ့အထိ နှိပ်စက်မှုတွေကြောင့် လက်နက်ကိုင် တိုက်ခိုက်ရတယ်ဆိုတဲ့ အဖြေကို ပေးကြမှာ အသေ အချာပင် ဖြစ်ပါတယ်။ 

စစ်တပ်က နိုင်ငံရေးမှာ လက်ဝါးကြီးအုပ် ချယ်လှယ်ထားပြီး တိုင်းရင်းသား လူမျိုးစုတွေ မိမိတို့ ဘာသာစကားနဲ့ စာပေသင်ကြားခွင့်ကိုတောင် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိတယ်လို့ ကောက် ချက်ချပြီး တားမြစ်ခဲ့ကြတာ ဆယ်စုနှစ်များစွာ ရှိခဲ့တာကြောင့် လက်နက်ကိုင် ခုခံတိုက်ခိုက်ခြင်းသည်သာ တခုထည်းသော နိုင်ငံရေးနည်းလမ်းသဖွယ် ဖြစ်လာခဲ့ကြတာကြောင့်လည်း လက်နက် ကိုင် ခုခံတိုက်ခိုက်တဲ့လမ်းစဥ်ကို လက်ဝဲ၊ လက်ယာ နိုင်ငံရေးအယူဝါဒ ကွဲပြားမှုကြောင့် တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေ အပြင်၊ အမျိုးသားရေးဝါဒ တနည်းဆိုရင် လူမျိုးစုလွတ်မြောက်ရေးလို့ ၄င်းတို့အဖွဲ့အစည်းတွေရဲ့ ပန်းတိုင်ကို သတ်မှတ်ကြတဲ့ အဖွဲ့အစည်းအများစုက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ကြတဲ့အထဲ ပြင်းထန်တဲ့လက်ဝဲအယူအဆကို ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေပါဝင်သလို၊ ပဒေသရာဇ် စစ်ဘုရင်တွေ၊ လက်ဝဲ၊ လက်ယာဆိုတာထက် အမျိုးသားရေး ဝါဒသက်သက်ကို ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်နေကြတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ခိုက်တဲ့လမ်းစဥ်က မြန်မာ့နိုင်ငံရေးမှာ အစဥ်အဆက်လူကြိုက်များခဲ့ ရေပန်း စားခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်တွေသာမကပဲ ရှေးပဒေသရာဇ် ခေတ်ကတည်းကိုက မြန်မာ့သမိုင်းမှာ လက်နက်ကိုင်ပုန်ကန်ခြင်းက အစဥ်အဆက်ရှိခဲ့တာဖြစ်ပါတယ်။ ကိုလိုနီအဖြစ်ကျရောက်ပြီးနောက် လက်နက်ကိုင် ပုန်ကန်မှုတွေက မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိခဲ့တာဖြစ်ပါတယ်။ ဗမာတွေ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကနေ ကချင်၊ ချင်း စစ်ကိုင်းဒေသတွေ အများအပြားမှာ လက်နက်ကိုင်ခုခံတိုက်ခိုက်ခဲ့ကြတာ နေမဝင်အင်ပိုင်ယာ အရှင်သခင် ဗြိတိသျှ ၁၅ နှစ်နီးပါး ကြာမြင့်အောင် နှိမ်နှင်းခဲ့ရတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဗြိတိသျှ လက်အောက်က လွတ်မြောက်ရေးအတွက်မှာလည်း ကိုလိုနီခေတ် ဥပဒေတွေအောက်မှာ ဆန္ဒပြတာ၊ နိုင်ငံရေးပါတီတွေဖွဲ့စည်းပြီး ၉၁ ဌာနအုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးလိုမျိုးမှာ ပါဝင်လုပ်ဆောင်မယ့် နိုင်ငံရေးသမားတွေရှိခဲ့သလို အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်ဖို့ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ် အကူအညီတောင်းဖို့ ကြံစည်ခဲ့တဲ့ လူငယ်တွေလည်း ရှိခဲ့ပြီး တရုတ်ပြည်ကို သွားရောက်ရာမှာ အချိတ်အဆက်မရနိုင်ဘဲ ရှိနေစဥ် ဖက်ဆစ်ဂျပန်နဲ့ အဆက် အသွယ်ရပြီး ဂျပန်ဆီက စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ် ဖြစ်တည်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာခဲ့ချိန်မှာ ကမ္ဘာစစ်ရဲ့ မဟာဗျူဟာမှာ မြန်မာနိုင်ငံက တစိတ်တပိုင်းပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို ဂျပန်က သိမ်းယူရေးမှာ မြန်မာ့လွတ်လပ်ရေးတပ်က အကူအညီပေးပြီး အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုလို အင်္ဂလိပ်ကို တိုက်တာ၊ ဂျပန်ရဲ့ လက်အောက်က ရုပ်သေးအစိုးရ ဖွဲ့တာ၊ ဗမာ့ကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းခံရပြီး နောက် အင်္ဂလိပ်နဲ့ အဆက်အသွယ်ပြန်လုပ်ပြီး ဂျပန်ကို ပြန်တိုက်ရတာတွေက သမိုင်းတွေထဲ သင်ကြားခဲ့ဖူးလို့ အများသိရှိပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ အချို့သော သမိုင်းရဲ့ ကောက်ချက်ဆွဲရာမှာ အမြင်မှားမှုတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး အစဥ်အလာ၊ နိုင်ငံရေးနည်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ လုပ် ဆောင်ဖို့ထက် လက်နက်ကိုင် ခုခံတော်လှန်ဖို့ကို အလေးသာ၊ လူကြိုက်များစေခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်မှာ ဂျပန်၊ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တွေရဲ့ မဟာဗျူဟာ၊ ဒုတိယကမ္ဘာစစ်ရဲ့ စစ်အင်အား၊ ယန္တရား၊ လက်နက်အင်အား စတာတွေကို မှေးမှိန်ထားပြီး ဂျပန်မှာ စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်က ဖွဲ့စည်းတဲ့ ဘီအိုင်အေတပ်က မြန်မာနိုင်ငံကို သိမ်းယူနိုင်ခဲ့တဲ့ သဘောမျိုး သမိုင်းမှာ ကောက်ချက်လွဲမှားစွာနားလည်ခဲ့ကြသလို ဂျပန်ကိုပြန်တိုက်ထုတ်စဥ်မှာလည်း မဟာ မိတ် တပ်ဖွဲ့တွေရဲ့ ယန္တရား၊ လေတပ်၊ ကြည်းတပ် မဟာဗျူဟာတွေကို မှေးမှိန်ထားပြီး ဘီဒီအေ၊ ဖတပလ ရဲ့ အခန်းကဏ္ဍကို လိုအပ်တာထက် ပိုမိုပြီး ပြောဆိုရေးသားမှုတွေက သမိုင်းကို မှားယွင်းစွာ နားလည်ဖို့ လမ်းကြောင်းဖွင့်ပေးခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ 

ဒီလို သမိုင်းအစဥ်အလာတွေက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ၊ လက်နက်ကိုင် အဖွဲ့တွေ အများအပြားပေါ်ထွက်စေခဲ့သလို၊ အယူဝါဒ မတူကွဲပြားမှုနဲ့ ပြည် နယ်အခွင့်အရေး၊ တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် အတွက် လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

တနည်းပြောရရင် နိုင်ငံရေး အရဖြေရှင်းမယ့် နည်းလမ်းမျိုးထက် လက်နက်ကိုင် တိုက်ခိုက်ပြီး နိုင်ငံရေးရည်မှန်းချက်ကို ပုံဖေါ်မယ်ဆိုတာမျိုး၊ အမျိုးသားရေးလွတ်မြောက်မှုအတွက် ရည်မှန်း ချက်ထားပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်တဲ့ လမ်းစဥ်က ခေတ်အဆက်ဆက် ခေတ်စားခဲ့တာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ ခုနှစ် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး လက်နက်ကိုင်လမ်းစဥ်က လွတ်လပ်ရေး ရပြီးနောက် မြန်မာ့သမိုင်း ဖြစ်စဥ်တွေမှာ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားမယ့် နောက်ဆုံးအောင်ပွဲလို့ အချို့က ယူဆကြပါတယ်။ တိုင်းရင်းသား နယ်မြေတွေ၊ လက်နက်ကိုင် အဖွဲ့တွေကတော့ အမျိုး သားလွတ်မြောက်ရေးလို့ ရည်မှန်းကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ လက်နက်ကိုင် အဖွဲ့တွေက အာဏာရယူဖို့ အဆုံးအဖြတ်ပေးတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေကြတဲ့အခြေအနေမျိုးမှာ လက်နက်ကိုင် တိုက်ပွဲနဲ့ လွတ်မြောက်ပြီးချိန် နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍ၊ အမြင်မတူတာတွေ ထုတ်ဖေါ်ခွင့်၊ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းခြင်း၊ အမျိုးသားရေးဝါဒအပြင် ဒီမိုကရေစီ စနစ်ကျင့်သုံးမှုတွေကိုပါ အုတ်မြစ်ချကြရမယ့် အနေအထားမျိုးလို့ ဆိုချင်ပါတယ်။ 

လူထုအနေနဲ့ သမိုင်းအဖြစ်အပျက်တွေကို စစ်ပွဲတွေနဲ့သာ ဖြတ်သန်းကျော်ဖြတ်နေကြရတဲ့ နိုင်ငံတနိုင်ငံ အရှေ့တောင်အာရှမှာ ကံမကောင်းအကြောင်းမလှခဲ့တဲ့ ဆယ်စုနှစ် ၇ ခုကျော် ပြည်တွင်း စစ်နွံထဲနစ်နေခဲ့တဲ့ နိုင်ငံအဖြစ်ကနေ လွန်မြောက်ဖို့ ရည်မှန်းချက်တွေ ထားရှိဖို့လည်း အရေး တကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar