Breaking News

ဇော်ထွဋ် - မိမိုးကို မိုးမသိပါ မိုးသိပါစေ မိုး


ဇော်ထွဋ် - မိမိုးကို မိုးမသိပါ မိုးသိပါစေ မိုး

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၀

ကိုနေဝင်းရဲ့ တေးကဗျာတွေ..
ကိုမောင်မောင်ရဲ့ တေးကဗျာတွေ..
ခံစားနားဆင်ရင်း အက်ဆေး တစ်ပုဒ်စနှစ်ပုဒ်စ ရေးဖွဲ့ဖြစ်သွားပါသည်။
ကိုနေဝင်းက `မောင်ငိုမယ်မိုးသည်းထဲမှာ´..
ကိုမောင်မောင်က `ရွာမယ်ဆိုရင်လေ´..တဲ့။
စောဘွဲ့မှူးက `မိုးသိပါစေ´...တဲ့။ 

မိုးမှာပဲ မိုးကို တေးကဗျာဖွဲ့ထားတဲ့ မိုးဘွဲ့တေးတွေကို ကျနော်တို့
ကြေကြေကွဲကွဲ ခံစားနားဆင်ခဲံ့ရပါသည်။

၁၉၇၅ မတိုင်မီ နှစ်ကာလများမှာ..စတီရီယိုအဆိုတော်စိန်သစ် သီဆိုတဲ့၊ အလွန်နာမည်ကြီးတဲ့ တေးတစ်ပုဒ် ရှိခဲ့ပါသည်။ထီုခေတ် ဂစ်တာသမားတိုင်း သိကြပါသည်။

`ဂစ်တာတစ်လက်၊ အရက်တစ်စည်၊ မိန်းမလှလေးတစ်ယောက်´..အမည်ရပါသည်။
အသည်းကွဲစဗျစ်ရည်တေး ဖြစ်သည်။ စောဘွဲ့မှူးရေးတာလို့ ပြောသံဆိုသံကြားဖူးပါသည်။

စောဘွဲ့မှူးနဲ့ ခင်မင်သိကျွမ်းကြတာ ရှေးသရောအခါက ဖြစ်ပါသည်။၁၉၇၅နှစ်ကာလများက ဖြစ်သည်။ ဘားလမ်း(အလယ်ဘလောက် မြို့တော်ခန်းမအနီး)က `ကိုဂျွန်´တို့အိမ်ဟာ ကျနော်တို့ စောဘွဲ့မှူးတို့ရဲ့ဆုံမှတ် ဖြစ်ခဲ့ပါသည်။ ဂျွန်က အိမ်မှာ ဂစ်တာသင်တန်း ဖွင့်လိုက်သေးသည်။ထိုစဉ်က`အထင်ကရ စောဘွဲ့မှူး´မဖြစ်သေးပါ။လွန်လေပြီးသော ၄၅နှစ်ခန့်ကာလက ဖြစ်ပါသည်။ ကဗျာဆရာမောင်ချောနွယ်လေနဲ့ပြောလျှင် စစ်ကြီးပြီးစ တို့ညီအစ်ကိုတွေ ပြန်တွေ့ကြသလို ခင်မင်ကြပါသည်။

စောဘွဲ့မှူး ခေါ် ကိုဇော်ဝင်းဟာ အဲဒီ ကိုဂျွန်တို့အိမ်ကို မကြာမကြာ လာတတ်ပါသည်။ တခါတခါ ဂစ်တာတီးပါသည်။ဂစ်တာကိုလည်း လာတိုင်းမတီးပါ။ စိတ်လိုလက်ရရှိမှ တီးပါသည်။ ဒါမှမဟုတ် သူငယ်ချင်းတွေက request လုပ်မှ ဂစ်တာကောက်ကိုင်ပါသည်။ သားက မြို့တော်ခန်းမအောက်နားမှာ ဂစ်တာတီး၊ သူ့အဖေက မြို့တော်ခန်းမအပေါ်မှာ ရုံးထိုင်နေပါသည်။ သူ့အဖေက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်
ဗိုလ်မှူးကြီးစောထွန်းစိန်ပါ။ ထိုခေတ်လူကြီးပါ။ (ဗန်းစကား-အကောင်ပါ။) သားကတော့..အေးအေးဆေးဆေးပဲ၊ ပလက်ဖောင်းမှာ ဗိုက်တစ်လုံးနဲ့ ထီးထမ်းလမ်းလျှောက်နေတာပါဘဲ။ စောဘွဲ့မှူးကို တစ်ခါမှ မတွေ့ဘူးတဲ့လူတွေက အရမ်းဝတယ် အရမ်းဝတယ် တအံ့တသြ ပြောကြပါသည်။ စောဘွဲ့မှူးခန္ဓာကိုယ် ဝတာ ခုမှ မဟုတ်ပါ။ တသက်လုံး တစ်ခါမှ ပိန်တာမတွေ့ဘူးပါဘူး။ ဝမှ စောဘွဲ့မှူးအစစ်ပါ။ တခါတလေ..အင်္ကျီကြယ်သီးက ချက်နားမှာပြုတ်နေတတ်သေးသည်။ ရှပ်အင်္ကျိကိုလည်း အမြဲလို အပြင်ထုတ်ဝတ်လေ့ရှိသည်။ မုတ်ဆိတ်မွေးတွေ၊ ဆံပင်တွေ တခါတလေ ရှည်တဲ့အခါ ရှည်။ တိုတဲ့အခါတို။ဘောင်းဘီရှည် ဝတ်လေ့မရှိ။ပုဆိုးပဲ စည်းလေ့ရှိသည်။(ခန္ဓာကိုယ် ဝတာကြောင့်ဖြစ်နိုင်သည်။)

လူ့ဘဝမှာ ဝတာပိန်တာ သိပ်အရေးမကြီးပါ။ဝအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါသည်။ပိန်အောင်လုပ်လို့ရတဲ့နည်းတွေ၊ ဆေးဝါးတွေလည်း အများကြီးပါ။ အရေးကြီးတာ ဂစ်တာတီး ကောင်းဖို့လိုပါသည်။ ဘွဲ့မှူးကို လူတိုင်းက ဂစ်တာတီး အလွန်ကောင်းတယ်လို့ ချီးမွမ်းကြပါသည်။

ဂစ်တာသမားတွေ ဝါသနာရှင်တွေက သူ့ကို အလွန်လေးစားပါသည်။အဲဒီအခါထဲက သူက section player အနေနဲ့ proffessional တီးခတ်နေပါပြီ။ ဂီတလုလင်မောင်ကိုကိုရဲ့တီးဝိုင်းမှာလည်း အချိန်ပိုင်း တီးခတ်တယ်လို့ ကြားပါသည်။ ဘွဲ့မှူးနဲ့ မောင်မြတ်သူ(မောင်ကိုကိုရဲ့သား)တို့က ယောက်ဖတော်စပ်ပါသည်။သူကတော့.. အေးအေးဆေးဆေး နေထိုင်တတ်ပါသည်။ ရင်းနီးခင်မင်လျင် ရယ်မောစရာတွေ အလွန်ပြောတတ်ပါသည်။ဇာတ်လမ်းဇာတ်အိမ်လ ည်း ခင်းတတ်ပါသည်။တကယ်ဟုတ်ချင်လည်းဟုတ်မည်၊ မဟုတ်ချင်လည်း မဟုတ်ပါ။အဲဒါမှ ဘွဲ့မှူးအစစ်ဖြစ်ပါသည်။

စိတ်ထားရိုးရှင်းသည်။အနေအထိုင်ရိုးရှင်းသည်။ လောဘမရှိ။လိုချင်တပ်မက်စိတ်မရှိ။ ပကာသနမရှိ။ ဟန်ပန်မရှိ။အဲဒါလည်း..အေးတာဘဲ။ငြိမ်းချမ်းတာဘဲ။

ဘွဲ့မှူးက ငြိမ်းချမ်းခြင်းအနုပညာနဲ ့နေတာပါဘဲ။

ထိုစဉ်က..ကိုယ်တွေက ဆယ်ကျော်သက်အရွယ်၊ ဘွဲ့မှူးက အသက်နည်းနည်းကြီးမယ်ထင်ပါသည်။ သူလည်းရှိလှ ၂၀ ဝန်းကျင်ပါ။ အိမ်ထောင်ကျနေပြီ ထင်ပါသည်။ အလုံ ကရင်ခြံမှာ နေတယ် ပြောဆိုသံကြားဖူးရုံပါဘဲ။သူ့အိမ်သို့့ မရောက်ဖူးခဲ့ပါ။ သူ့အဖေရဲ့အခန်း၃၇လမ်း(အလယ်)တော့ သူခေါ်သွားလို့ ရောက်ဖူးခဲ့ပါသည်။သူ့အမေက ရှိတော့ဟန်မတူပါ။အဲဒီအခ န်းက သူ့အဖေ အမြဲနေတာမဟုတ်ပါဘူး။တခါတလေ နားနေခန်းသဘောထင်ပါရဲ့။ မင်းမနိုင်တိုက်ခန်းမှာ သူ့အဖေနေထိုင်ပါသည်။ တခါက ဘွဲ့မှူး သူ့ညီနဲ့ မိတ်ဆက်ပေးဘူးပါသည်။ကိုကိုလေး..တဲ့။သူနဲ့ရုပ်ဆင်ပြီး အသားအရေ ဖြူဖွေးသပ်ရပ်ပါသည်။ သူလည်း ဂစ်တာတီးကောင်းတယ် ပြောကြပါသည်။

ကာလတစ်ခုမှာ ဘွဲ့မှူးဟာ အင်းစိန်လမ်းမကြီးပေါ်က ဘုရားကျောင်းတစ်ခု(အာရ်အိုင်တီအနီး)မှာ ခေတ္တနေထိုင်တယ်ကြားပါသည်။အဲဒီနား ခဝဲခြံမှာ ကျနော့်ဆရာ အာခီတက်ဦးလှမြင့်တို့ရဲ့ ဆိုင်ကလေးရှိပါသည်။အဲဒီဆိုင်ခန်းတွဲတွေနားမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိပါသည်။ တစ်နေ့တော့ ဆရာက ကျနော့်ကို ပြောပါသည်။ `မင်းသူငယ်ချင်းက လက်ဖက်ရည်၃ခွက်နဲ့ ပေါက်စီ၇လုံး စားတယ်လို့ကြားတယ်´..ဟု တအံ့တသြ ဖောက်သည်ချပါသည်။ဟာ!..ကျနော်အတွက်တော့..မထူးဆန်းပါ။ ဘွဲ့မှူးနှင့် ပတ်သက်၍ ဒီထက်ထူးဆန်းတာတွေ ကြားဖူးပါသည်။ 

ကာလတစ်ခုမှာ..အင်းစိန်သံမဏိစက်ရုံဝင်းအတွင်းတွက် မိဘမိသားစုနှင့် နေထိုင်ဖူးပါသည်။ထိုစဉ် ကျနော် တိုက်ဖွိုက်ဖျားပါသည်။ သီရိစန္ဒာဆေးရုံတက်၍ ဆေးဝါးကုသမှု ခံယူရပါသည်။ ရက်အတန်ငယ် ကြာမြှင့်သဖြင့် နတ်စ်မဆရာမကြီးများနှင့် ခင်မင်ရင်းနီးသွားကြပါသည်။ တီဗီကြည့်ရင်း စကားစမြည်ပြောကြရာ ဟီးရိုး စောဘွဲ့မှူးအကြောင်း ရောက်သွားပါသည်။ ဆရာမတွေက ဘွဲ့မှူးကို ကောင်းကောင်းသိပါသည်။ လူမျိုးဘာသာ တူတာလည်းပါပါမည်။ တစ်ခါ..ဘွဲ့မှူးတစ်ယောက် ကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရသည်ဟုပြောပါသည်။ အခန်းတံခါးက နည်းနည်းကျဉ်းနေ၍ လူဝင်လို့မရဖြစ်ကာ တံခါးပါ ချဲ့ ့လိုက်ရတယ်ဟု ရယ်ရယ်မောမော ပြောပါသည်။ အဲဒါ..ဘွဲ့မှူးပေါ့...။ 

အဲဒီအချိန်ကာလမှာ သူက မြန်မာကျော်ဂီတသူရဲကောင်း စောဘွဲ့မှူး ဖြစ်နေပါပြီ။

အိုင်စီလည်း အလွန်ဝင်းပလင်းလက်နေပါပြီ။ အိုင်စီမှာ သူက ဆရာကြီးမို့လား..။ သူ..မိုးတိမ်လွှာပြင်ပေါ်မှာ နေတစ်စင်း လတစ်စင်းလို တောက်ပနေတဲ့ ကာလများမှာ ကျနော်တို့ ဂျွန်တို့ ဘားလမ်းအုပ်စုနဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူး။ကိုယ်လည်း ကိုယ်ကျင်လည်တဲ့ သမုဒ္ဒရာမှာ လှော်ခပ်၊ သူလည်း သူကျင်လည်တဲ့ ပင်လယ်မှာ ကူးခပ်နေရတာပဲမို့လား..။

စိတ်ကူးပေါက်တဲ့အခါ`ဆိုးပေ´ဆိုသောသီချင်းကို ဆိုပြတတ်သည်။သူရေးတဲ့ သီချင်းဖြစ်သည်။`လူတွေ မလုပ်သင့်တဲ့အရာ မလုပ်ထိုက်တဲ့အရာ အားလုံးလျှောက်လုပ်ချင်တဲ့သူ... 

ပရင့်စ်ဘသော်´ဆိုဘူးသော၊ ဘွဲ့မှူးလည်းဆိုဘူးသော ဆိုးပေ နဲ့ မတူပါဘူး။ ဘာလိုပဲဖြစ်ဖြစ် ဆိုးပေဆိုတာ ဆိုးပေတေတဲ့ လူငယ်တစ်ယောက်ကို ရည်ညွှန်းဖွဲ့ဆိုတာပါဘဲ။

ဘွဲ့မှူးဟာ..အဲသလို ဘဝသရုပ်ဖော်ဝတ္တုကဲ့သို့ ဇာတ်အိမ်ဖွဲ့ရေးတဲ့ အတတ်ပညာ သူ့သီချင်းတွေမှာ တွေ့ရတတ်သည်။

အလွန် လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းဒေသမှာ အမှုထမ်းနေတဲ့ ဆရာမလေး တစ်ယောက်ရုပ်ပုံလွှာကို,... `တောင်တနး်မြေမှ မီးအိမ်ရှင်´(ဆို-အောင်မြင့်မြတ်)

နာမယ်ပျက်ရှိခဲ့တဲ့ ချစ်သူကောင်မလေး အတွက် အားဆေးတစ်ခွက်..
`ဘဝကိုအရှုံးမပေးနဲ့´(ဆို-စောဘွဲ့မှူး)

နွမ်းပါးချို့တဲ့တဲ့ဘဝကို ရဲရဲရင်ဆိုင်စို့ဆိုတဲ့..
`အချစ်ရဲ့အားမာန်´(ဆို-ဇော်ဝင်းထွဋ်)

လမ်းပေါ်က ညည့်ငှက်ကောင်မလေးအတွက်..လွမ်းတေး
`သုခုမရဲ့သီးသန့်ပိုင်ရှင်လေး´(ဆို-ချစ်စမ်းမောင်၊ ပရင့်စ်ဘသော်)

စတိတ်ရှိုးရဲ့အရှေ့ဆုံးမှာ လာရောက်အားပေးတဲ့ ဆရာမသို့..`ဆရာမ´(ဆို-လွှမ်းမိုး)

မိတ်ဆွေ...
စောဘွဲ့မှူးရေးစပ်သီကုံးခဲ့တဲ့ သီချင်းတွေကို ငြိမ့်ငြိမ့်အေးအေး အချိန်အခါမှာ တစိမ့်စိမ့် နားထောင်ကြည့်ပါ.. မိတ်ဆွေ။ ရေရေလည်လည် မြောက်တယ်။ အခုလို..မိုးအေးအေးဆို..။ ကိုနေဝင်းတို့၊ ကိုမောင်မောင်တို့သီချင်းတွေ နားဝင်ချိုတာက တစ်မျိုး။ စောဘွဲ့မှူးရဲ့လက်ရာ မြောက်တာက တစ်မျိုး၊

လူကြိ်ုက်များသောတေးကဗျာတွေရှိသေးသည်။
ရောဂါ(အဖွဲ့၊ ဘွဲ့မှူး၊ စိုးလွင်လွင်၊ အငဲ)

ဖန်စီဒိုင်း(အဆိပ်ရိုင်း)(ဖြူဖြူကျော်သိန်း)

မှားတဲ့ဘက်မှာ(အဖွဲ့)

စွန်ကလေး(ကိုင်ဇာ၊ မဒီ)

သီတာ(စိုးပိုင်)

ပဲ့ကိုင်(ထူးအိမ်သင်)

နာလည်ပေးပါကလေးရယ်(ချစ်ကောင်း)

မချစ်ရင်မနေနိုင်တာကလွဲလို့(ထွန်းအိန္ဒြာဗိုလ်)

........
.........

စောဘွဲ့မှူးက မိုးဘွဲ့တေးကို မူကွဲ (variation) အမျိုးမျိုးနဲ့..

မိုးသိပါစေ (အောင်ရင်-၁၉၈၄)

မိုးမသိပါ (သီလ-၁၉၈၅)

မိမိုးကို (ကိုင်ဇာ-၁၉၈၆)

မိုး (အောင်ရင်-၁၉၉၀)..

ရေးဖွဲ့ခဲ့ပါသည်။ ဒါသည်ပင် စောဘွဲ့မှူး ဖြစ်ပါသည်။

တေးသွားသံစဉ် တူသော အပိုဒ်ရှိပါသည်။ မူကွဲအပိုဒ်ရှိပါသည်။ တေးကဗျာစာသား တူတာရှိသလို မူကွဲ ဖန်တီးခြယ်သထားတာရှိပါသည်။ အောင်ရင်၊ သီလ၊ ကိုင်ဇာ..ခံစားမှု  mood မတူပါဘူး။ပင်ကိုယ်အသံအနေအထားမတူပါဘူး။ ဆိုဟန်ဆိုပေါက်မတူပါဘူး။ ဂီတမှူးစောဘွဲ့မှူးရဲ့ arrangement မတူပါဘူး။ တစ်ပွင့်စီ ကိုယိစီလှသွေးကြွယ် လှပနေပါသည်။ နားသောတဆင် ကြည့်ပါမိတ်ဆွေ..။အလွန်လှပပါတယ်..အို..စောဘွဲ့မှူး။

ဒီအကြောင်းအရာတွေ အဖြစ်အပျက်တွေ မိုးမသိပါ။ မိုးမသိတဲ့အကြောင်းလေးတွေ မိုးမသိတဲ့ အဖြစ်အပျက်တွေကို မိုးနားလည်စေတော့.  မိမိုးကို မိုးသိပါစေ...မိုး။


ကျေးဇူးတင်ပါတယ်။
ဇော်ထွဋ်
စာကြွင်း -  စောဘွဲ့မှူးရဲ့တေးစာသားအချို့နဲ့ အက်ဆေးကို collage လုပ်ထားပါတယ်။
photo credit: source internet.